မောင်တောမှာ ပညာရေးဝန်ထမ်းတွေ အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာနဲ့ ပဲရုံရွာတွေက ကျောင်းဆရာတွေ အပါအဝင် လူ ၃ ဦးကို အာဏာပိုင်တွေက လာရောက် ဖမ်းဆီးသွားတယ်လို့ မောင်တောမြို့နယ်ရဲ့ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ဘီဘီစီကို ပြောပါတယ်။
ဒီဇင်ဘာလ ၁၅ ရက် နေ့လယ်ပိုင်းနဲ့ ၁၆ ရက်နေ့ မနက်ပိုင်း ကြားကာလအတွင်းမှာ စုစုပေါင်း ၅ ဦး ဖမ်းဆီးခံရတာဖြစ်ပြီး နောက်ဆုံး အဖမ်းခံရတဲ့ ၂ ဦးကတော့ လက်ထောက် ပညာရေးမှူး ဦးမြင့်စိုးနဲ့ ခွဆုံ မူလတန်းကျောင်းအုပ် ဆရာကြီး ဦးအောင်သိန်းဖြူတို့ ဖြစ်ပါတယ်။
အဲဒီ ၂ ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ လက်နက် အပြည့်အစုံပါတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးပြီး စစ်တွေမြို့ စစ်ထောက်လှမ်းရေးရုံးကို ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
အခုလို ဘာကြောင့် ခေါ်ဆောင်သွားတယ်ဆိုတာကို အာဏာပိုင်တွေက အသိမပေးခဲ့သလို ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းအချိန်အထိလည်း စစ်ဆေးမေးမြန်းတာ မရှိသေးဘူးလို့ ဦးအောင်သိန်းဖြူက ဘီဘီစီကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်တောမြို့နယ် နယ်ခြားစောင့်ရဲ တာဝန်ရှိသူတွေကို မေးမြန်းခဲ့ပေမယ့် တစုံတရာ တုန့်ပြန် ဖြေဆိုခြင်း မရှိခဲ့ပါဘူး။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ လက်ဝယ်တွေ့ရှိခဲ့လို့ အစိုးရလျို့ဝှက် ဥပဒေနဲ့ အဖမ်းခံရတဲ့ ရိုက်တာ သတင်းဌာနက မြန်မာသတင်းထောက် ၂ ဦးက အဲဒီ အင်းဒင်ရွာကို ပြီးခဲ့တဲ့ အပတ်က လာရောက်ခဲ့တဲ့ ကိစ္စနဲ့ အခု မောင်တောဖမ်းဆီးမှုတွေ ပတ်သက်နိုင်ကြောင်း ရွာသားတွေက ပြောပါတယ်။





