ရခိုင် မောင်တော ကိစ္စ ဘယ်လို ရှင်းမလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ရခိုင် ပြည်နယ် မောင်တော မြို့နယ်မှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ထပ်မံ ဖြစ်ခဲ့တဲ့ တိုက်ခိုက် မှုတွေမှာ တပ်မတော် ဘက်က ပစ်ခတ် တိုက်ခိုက် မှုကြောင့် စုစုပေါင်း ၃၄ ယောက် သေဆုံး ခဲ့တယ်လို့ မြန်မာ အစိုးရ တပ်မတော်က ပြောပါတယ်။
တနင်္ဂနွေနေ့ မနေ့က ၂၈ ယောက်နဲ့ စနေနေ့က ၆ ယောက် ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက် တိုက်ခိုက်သူ တွေက ဓါးတွေ တုတ်တွေနဲ့ တိုက်ခိုက် ခဲ့ကြတာ လို့လည်း တပ်ဘက်က ပြောပါတယ်။
စနေနေ့က အကြမ်းဖက် တိုက်ခိုက်သူ တွေကို တိုက်ခိုက် နှိမ်နင်း ရာမှာ တပ်မတော် ရဟတ်ယာဉ် တွေနဲ့ ကူညီ တိုက်ခိုက် ခဲ့တယ်လို့ လည်း ပြောပါတယ်။
အစိုးရ တပ်ဖက်က နှစ်ယောက်လည်း စနေနေ့က တိုက်ခိုက်မှုမှာ သေဆုံးခဲ့ ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ရွာသားတွေ ရာနဲ့ချီပြီး အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။
HRW အဖွဲ့ကလည်း မောင်တော ဒေသ အတွင်း မီးလောင်မှု တွေကို ဂြိုဟ်တု ကနေ ရိုက်တဲ့ ဓါတ်ပုံတွေ အရ ပြီးခဲ့တဲ့ သီတင်း သုံးပတ် အတွင်း အိမ်ခြေ ၄၀၀ ကျော် မီးလောင် ခဲ့တာ တွေ့ရကြောင်း ထုတ်ပြန်ထား ပါတယ်။
မယင်းတောင်၊ ပွင့်ဖြူချောင်း၊ ဂွဆုံနဲ့ ဒါကြီးစား ကျေးရွာ တွေမှာ ဓား၊ လှံ အပါ အဝင် လက်နက် ကိုင်ဆောင် သူတွေရဲ့ အုပ်စုဖွဲ့ တိုက်ခိုက် တာတွေ ခံလာ ရလို့ ပစ်ခတ် နှိမ်နှင်း ခဲ့ရ တယ်လို့ အစိုးရ စစ်တပ်က ထုတ်ပြန် ပါတယ်။
ဂွဆုံမှာ ဆိုရင် လူ ၅ဝဝ လောက် ဝိုင်းတိုက်တာ ခံခဲ့ ရလို့ လေကြောင်း ပစ်ကူ အနေနဲ့ စစ် ရဟတ်ယာဉ် တွေ သုံးခဲ့ ရတယ် လို့လည်း အစိုးရက ဝန်ခံ ထား ပါတယ်။
မောင်တော မြို့နယ်ထဲ လုံခြုံရေး အခြေ အနေဟာ ထိန်းမနိုင် သိမ်းမရ ဆိုးရွားတဲ့ အခြေ အနေ မျိုး မှာ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါ တယ်။
ပြည်နယ် အစိုးရ ဘာလုပ် မလဲ
ရခိုင် ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကတော့ အဲဒီဒေသမှာ လုံခြုံရေး ဆောင်ရွက် နေပြီ ဖြစ်လို့ တည်ငြိမ်နေပြီ လို့ ဆိုပါတယ်။
အကြမ်းဖက် သမားတွေဟာ အဲဒီ ဒေသခံ တွေကို လူသား ဒိုင်းသဖွယ် အသုံးချနေ တယ်လို့ လည်း ဦးတင်မောင်ဆွေက ပြောပါတယ်။
နောက်ပြီး အဲဒီ ဒေသမှာ လက်နက်ကိုင်ထား သူတွေ အနေနဲ့ လက်နက် စွန့်ဖို့ မစွန့် ခဲ့ရင်တော့ လက်နက် ဥပဒေ ပုဒ်မ ၁၉ အရ ထိရောက်စွာ အရေးယူမယ် လို့ ပြောပါတယ်။
လက်နက်ရှာဖွေတာကို လက်နက်ကိုင်ပြီး ပြန်လည် ခုခံရင်တော့ ဒါဟာ နိုင်ငံတော် ပုန်ကန်မှု မြောက်တယ် လို့ လည်း သူက ဆိုပါတယ်။
ဘာကြောင့် ပိုမိုဆိုးဝါးလာလဲ
၂၀၁၂ ခုနှစ် ကတည်းက စတင် ဖြစ်ခဲ့တဲ့ ဒီ ပြဿတွေကို နိုင်ငံတော် အစိုးရ အနေနဲ့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အဖြေ တခုရဖို့ကို ဘာမှ ဖြေရှင်းခဲ့တာ မရှိဘူးလို့ စစ်တွေက မွတ်ဆလင် ရပ်မိရပ်ဖ တဦး ဖြစ်တဲ့ ဦးအောင်ဝင်းက သူ့အမြင်ကို ပြောပါတယ်။
ဒါ့အပြင် မောင်တော ဘူးသီးတောင် စစ်တွေ နယ်မှာ အကြမ်းဖက် သမားဆိုတာ မရှိဘူးလို့ ဦးအောင်ဝင်း က ပြောပါတယ်။ အဲဒီ ဒေသတွေမှာ ခွဲခြား ဆက်ဆံ မှုတွေ အာဏာပိုင် တွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ ကြောင့် နှစ်ပေါင်း ကြာလာတော့ လူတွေ မခံနိုင်ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်တာလို့ သူက သုံးသပ် ပါတယ်။
နှစ်ဘက် အဖွဲ့ အစည်း အပါ အဝင် နိုင်ငံတော် အစိုးရက ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ပထမ အဆင့် အနေနဲ့ ဆန္ဒရှိရမယ်၊ လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေကို လက်ခံပြီးတော့ ဖြေရှင်းဖို့ လိုတယ်လို့ ဦးအောင်ဝင်းက ပြောပါတယ်။
အကြံပေးကော်မရှင်
ရခိုင် ပြည်နယ်မှာ ဖြစ်နေတဲ့ လတ်တလော မတည်ငြိမ် မှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ် ဖြေရှင်း နိုင်ရေး အတွက် ရခိုင် ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့က စစ်တွေနဲ့ မောင်တောမြို့ တို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
အင်္ဂါနေ့ ကနေ စတင်မယ့် သုံးရက်ကြာ ခရီးစဉ် အတွင်းမှာ သက်ဆိုင်ရာ အာဏာ ပိုင်တွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ကော်မရှင် အဖွဲ့ဝင် တစ်ယောက် က ပြောပါတယ်။








