ဆယ်လ်ဖီ အရိုက်များလို့ ဟစ်တလာ ရုပ်တုကို ပြတိုက်က ဖယ်ရှား

ဓာတ်ပုံ ရင်းမြစ်, AFP
အင်ဒိုနီးရှား နိုင်ငံက ပြတိုက်တခုမှာ ထားရှိတဲ့ Adolf Hitler ရဲ့ အရွယ်တူ ပုံတူ ဖယောင်းရုပ်တုနားမှာ လူတွေက ဆယ်လ်ဖီ ဓါတ်ပုံ လာရိုက်လွန်းလို့ အဲဒီ ရုပ်ထုကို ဖယ်ရှားလိုက်ပါတယ်။
Auschwitz နာဇီ အကျဉ်း စခန်းရှေ့မှာ ရပ်နေတဲ့ ဟစ်တလာပုံ ဖယောင်းရုပ်တုဘေးမှာ ပြုံးဖြီးဖြီးလုပ်နေတဲ့ ပုံတွေ ရိုက်ပြီး လူတွေက လူမှုကွန်ယက်ပေါ်တင်ကာ အများအပြား ရှယ်ကြတဲ့ အတွက် အခုလို ဖယ်ရှားပစ်လိုက်တာ ဖြစ်ပါတယ်။
ဒီလို ဓါတ်ပုံတွေ ပြန့်နှံ့လာတာကို နိုင်ငံတကာက လူမှု အဖွဲ့အစည်းတွေက ဒေါသထွက်ခဲ့တာကြောင့် ဒီရုပ်တုကနေ ပြဿနာတက်လာနိုင်တယ်လို့ ပြတိုက်တာဝန်ခံတွေက နားလည် သဘောပေါက်လာကြတာ ဖြစ်ပါတယ်။
တကယ်တော့ ဒီရုပ်တုကို ပညာပေးသဘော သက်သက်နဲ့ ပြထားတာလို့ ဂျာဗားကျွန်းမှာရှိတဲ့ ဂျိုဂျာကာတာ ပြတိုက်က ပြောပါတယ်။




