ငြိမ်းချမ်းရေး ကိစ္စ မြောက်ပိုင်းအဖွဲ့ရဲ့ ရပ်တည်မှု မပြောင်းလဲ

ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSA ရှိရာဆီ အစိုးရ ကိုယ်စားလှယ် တချို့ ဒီ ရက်ပိုင်း အတွင်း လာရောက်ဖို့ ရှိတယ်လို့ UWSA နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့်လည်း ငြိမ်းချမ်းရေး ကိစ္စ အတွက် ဆိုရင်တော့ UWSA အနေနဲ့ သီးသန့် တစ်ဖွဲ့တည်း တွေ့ဆုံ သွားမှာ မဟုတ်ပဲ၊ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးဖို့ စုဖွဲ့ထားတဲ့ FPNCC ကော်မတီ အနေနဲ့ပဲ ဆွေးနွေးနိုင်တယ် ဆိုပြီး ဝတပ်ဖွဲ့က သူတို့ရဲ့ ရပ်တည်မှု သဘောထားကို ကျန် မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကို အသိပေးထားတယ်လို့ ဆိုပါတယ်။
အစိုးရနဲ့ အစိုးရစစ်တပ် ဘက်ကတော့ မြောက်ပိုင်း အဖွဲ့ ၇ ဖွဲ့စလုံးကို တစုတစည်းတည်း တွေ့လိုတဲ့ ဆန္ဒမျိုး မရှိပဲ တစ်ဖွဲ့စ နှစ်ဖွဲ့စ ခွဲတွေ့ဖို့ပဲ အမြဲ တိုက်တွန်း လေ့ရှိတယ် ဆိုပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် တအာင်းပလောင်တပ် TNLA က ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက ဘီဘီစီကို ပြောပါတယ်။
ဝတပ် UWSA ဦးစီးဦးဆောင်နေတဲ့ မြောက်ပိုင်းဒေသ အခြေစိုက် လက်နက်ကိုင် အဖွဲ့တွေဟာ အစိုးရဘက်က ကိုင်စွဲထားတဲ့ တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု NCA ရဲ့ ပြင်ပ လမ်းကြောင်းကို ရှာဖွေမယ် ဆိုပြီး ထုတ်ပြန် ထားပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုတော့ လေ့လာသူတွေ အနေနဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ တက်ရောက် ခဲ့ပါတယ်။
၆ လတစ်ကြိမ် ကျင်းပဖို့ ရည်မှန်းထားတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ညီလာခံဟာ နောက်တစ်ကြိမ် ပြန်ကျင်းပဖို့ အချိန် နီးကပ် လာချိန်မှာတော့ မြောက်ပိုင်း အဖွဲ့ ကိုယ်စားလှယ်တွေ ဘက်ကတော့ အခု တစ်ခေါက် လာတက်ဖို့ မပြင်ဆင်ထားဘူး ဆိုပြီး ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက ဆိုပါတယ်။
ပြီးခဲ့တဲ့ အခေါက်က တရုတ် နိုင်ငံရဲ့ ကြားဝင် တိုက်တွန်းချက်နဲ့ မြောက်ပိုင်းအဖွဲ့တွေ နေပြည်တော်ကို ရောက်လာကြပေမယ့်၊ အဲဒီ ညီလာခံ ပြီးကတည်းက မြောက်ပိုင်း အဖွဲ့တွေနဲ့ တရုတ် အစိုးရ ကိုယ်စားလှယ်တွေကြား တွေ့ဆုံတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ လတ်တလောမှာတော့ မြောက်ပိုင်း အဖွဲ့တွေနဲ့ မြန်မာ အစိုးရကြား ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကြားဝင် ညှိနှိုင်းတာမျိုး၊ တိုက်တွန်း တာမျိုး ပြုလုပ် ပေးနေတာ မရှိဘူးလို့ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက ဆိုပါတယ်။








