ရာနဲ့ချီတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဆော်ဒီ နယ်စပ်စောင့်တပ်က သတ်ဖြတ် ခဲ့တယ်လို့ Human Rights Watch ကပြောတဲ့ သတင်း နဲ့ သြဂုတ်လ ၂၁ ရက် ညပိုင်း နိုင်ငံတကာ သတင်းတွေ

ဓာတ်ပုံ ရင်းမြစ်, AFP
သူတို့နယ်စပ်စောင့်တပ်ဖွဲ့တွေက ရာနဲ့ချီတဲ့ အီသီယိုပီးယား ရွှေ့ပြောင်း ဝင်ရောက်သူ တွေကို အစီအစဉ်ရှိရှိ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ Human Rights Watch လူ့အခွင့် အရေးအဖွဲ့ ရဲ့ အစီရင်ခံစာဟာ ဘာအခြေအမြစ်မှ မရှိဘူးလို့ ဆိုကာ ဆော်ဒီအာရေးဗီးယားက ပယ်ချလိုက်ပါတယ်။
ဆော်ဒီ နယ်စပ်စောင့်တပ်တွေက မနှစ်အစပိုင်းက စပြီး ယီမင်နယ်စပ်က ဝင်လာတဲ့ ရွှေ့ပြောင်းလာသူပေါင်း ၆၅၀ ကျော်ကို သေနတ်တွေ၊ ဗုံးတွေကို သုံးပြီး သတ်ပစ်ခဲ့ တယ်လို့ Human Rights Watch က ပြောပါတယ်။
အစုလိုက် သတ်ဖြတ်ပစ်တဲ့ အစီရင်ခံစာတွေကို ဆက်ပြီးရနေတုန်းပဲလို့လည်း သူတို့က ဆိုပါတယ်။
ကုလသမဂ္ဂကလည်း အလားတူ စွပ်စွဲမှုမျိုးတွေကို အရင်တုန်းက လုပ်ခဲ့ဖူးပါတယ်။
ဒီအစီရင်ခံစာဟာ အသက်မသေဘဲလွတ်မြောက်လာသူတွေနဲ့ မေးမြန်းပြီး ထုတ်ပြန် ခဲ့တာ ဖြစ်ပေမဲ့ ဒါတွေက ခိုင်ခိုင်မာမာ ရင်းမြစ်တွေကို အခြေခံထားတဲ့ အစီရင်ခံစာ မဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ ဆော်ဒီ အစိုးရ အရာရှိ တယောက်က ဆိုပါတယ်။
ဂျာကာတာ လေထုညစ်ညမ်းတာလျှော့ချဖို့ ဝန်ထမ်းတွေ အိမ်မှာပဲ အလုပ်လုပ်စေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်က လမ်းတွေပေါ်မှာ ကားတွေပြည့်ကျပ်တာကို လျှော့ချလိုတာ၊ လေထုအကြီးအကျယ်ညစ်ညမ်းနေတာကို လျှော့ချလိုတာတွေ ကြောင့် အစိုးရ ဝန်ထမ်းတွေ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။
ဒါကြောင့် တနင်းလာနေ့က စပြီး အစိုးရ ရုံးဝန်ထမ်း ၅၀ ရာခိုင်နှုန်းနီးပါးဟာ အိမ်ကနေ အလုပ်လုပ်ကြမှာပါ။
နောက်လကျရင် နောက်ထပ် ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ကြဖို့ကိုလည်း အာဏာပိုင်တွေက စီစဉ်နေပါတယ်။
လေထု ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေကို ဆွေးနွေးဖို့ အရင် သီတင်းပတ်က ဝန်ကြီးချုပ် ဂျိုကို ဝီဒိုဒို ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ အစိုးရ ဝန်ကြီး အဖွဲ့ အရေးပေါ် အစည်းအဝေးထိုင်ခဲ့ပြီးတဲ့နောက် အခုလို ဆောင်ရွက်တာတွေ ထွက်ပေါ်လာတာပါ။
လူဦးရေ ၁၀ သန်းကျော်နေထိုင်တဲ့ ဂျာကာတာဟာ ကမ္ဘာမှာ လေထုအညစ်ညမ်းဆုံး မြို့တွေစာရင်းမှာ ပါဝင်နေတာ ကာလအတော်ကြာနေပါပြီ။
ထိုင်ဝမ် သရက်သီး တင်သွင်းမှု တရုတ်ပိတ်ပင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်ဝမ်က တင်သွင်းတဲ့ သရက်သီးတွေက အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေပါတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုကာ တရုတ်က တင်သွင်းခွင့် ပိတ်ပင်လိုက်ပါတယ်။
သရက်သီးတွေထဲမှာ ပိုးမွှားတမျိုး တွေ့ရပြီး တင်သွင်းခွင့်ပိတ်ပင်တာက တရုတ်ရဲ့ စိုက်ပျိုးရေးကဏ္ဍကို ဇီဝ ပိုးမွှားဆိုင်ရာ အကာအကွယ်ပေးဖို့အတွက် ပုံမှန် ပိတ်ပင် တာသာ ဖြစ်ကြောင်း တရုတ် အကောက်ခွန်အရာရှိတွေက ပြောပါတယ်။
ထိုင်ဝမ်ကတော့ ဒါဟာ နိုင်ငံရေး အရ ပိတ်ပင်မှုသာဖြစ်တယ်လို့ ဆိုပြီး ဒီလိုပိတ်ပင် တာကို ရှုတ်ချလိုက်ပါတယ်။
တခြား သူတို့ တင်ပို့တဲ့နိုင်ငံတွေဆီက ဒီလို ပြဿနာမျိုးကို မကြားရဖူးလို့ ထိုင်ဝမ် စိုက်ပျိုးရေး ဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်နယ်မြေလို့ သဘောထားထားပြီး အခု တလောမှာ ထိုင်ဝမ် နိုင်ငံရေးခေါင်းဆောင်ပိုင်းက ထိုင်ဝမ်ဟာ တရုတ်ပိုင်နက် မဟုတ်ဘူးလို့ ထပ်မံပြောထားတဲ့အပြင် ထိုင်ဝမ် ဒုတိယသမ္မတ ဝီလျံ လိုင်း အမေရိကန်ကို ခရီးစဉ်သွားရောက်ပြီး ထိုင်ဝမ်ကို ပြန်ရောက်လာတဲ့ ရက်ပိုင်း အကြာမှာ ဒီ တင်သွင်းခွင့် ပိတ်ပင်တဲ့ အရေး ပေါ်ပေါက်လာတာပါ။








