တရုတ်ကိုကျော်တက်တော့မယ့် အိန္ဒိယလူဦးရေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့လူဦးရေအများဆုံးတရုတ်နိုင်ငံကို ဧပြီလလယ်မှာ အိန္ဒိယကကျော်တက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
အာရှနိုင်ငံကြီးတွေဖြစ်ကြတဲ့ တရုတ်နဲ့အိန္ဒိယဟာလက်ရှိမှာကိုပဲ လူဦးရေ သန်း ၁၄၀၀ ကျော်ကိုယ်စီရှိနေကြပြီးသားပါ။ သူတို့နှစ်နိုင်ငံရဲ့လူဦးရေဟာ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ သုံးပုံတပုံ ဖြစ်နေခဲ့တာကလည်း နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါပြီ။
တရုတ်လူဦးရေဟာ နောက်နှစ်မှာပြန်လျော့လာမယ့်ပုံတွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံမှာ ကလေးငယ် ၁၀ ဒသမ ၆ သန်းမွေးဖွားခဲ့ပါတယ်။ သေဆုံးသူစုစုပေါင်းထက် နည်းနည်းလေးပဲ သာလွန်ပါတယ်။ ဒါဟာတရုတ်မှာ မွေးဖွားနှုန်း လျှင်မြန်စွာ ကျဆင်းလာတဲ့အတွက်လူဦးရေကျဆင်းလာတဲ့ အခြေအနေပါ။ အိန္ဒိယမှာလည်း မွေးဖွားနှုန်းက ကျဆင်းပါတယ်။ ၁၉၅၀ ပြည့်ကျော်နှစ်များမှာ မိခင်တယောက်ဟာ ပျမ်းမျှကလေး ၅ ဒသမ ၇ ယောက်နှုန်းမွေးဖွားကြရာက အခုတော့ ပျမ်းမျှ ၂ ယောက်နှုန်းပဲ မွေးဖွားကြပါတော့တယ်။ ဒါပေမဲ့ တရုတ်နဲ့နှိုင်းစာရင် မွေးဖွားနှုန်းကျဆင်းမှုဟာ နှေးကွေးပါတယ်။
အိန္ဒိယဟာ တရုတ်ကိုကျော်တက်ပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံးတိုင်းပြည်ဖြစ်လာမယ့်အခြေ အနေရောက်လာတာဟာ ဘာတွေကြောင့်ပါလဲ။
တရုတ်ကလူဦးရေကိုလျှော့ချနိုင်တယ်
၁၉၇၃ ခုနှစ်မှာ တရုတ်ရဲ့လူဦးရေတိုးပွားနှုန်းဟာ ၂ ရာခိုင်နှုန်းရှိခဲ့ရာက ၁၉၈၃ ခုနှစ်မှာ ၁.၁ ရာခိုင်နှုန်းအထိရောက်အောင် ထက်ဝက်နီးပါး လျှော့ချနိုင်ခဲ့ပါတယ်။
တရုတ်ဟာလူ့အခွင့်အရေးကို ထည့်မတွက်ဘဲ ထိထိရောက်ရောက် ကိုင်တွယ်ခဲ့လို့ အဲသလိုလျှော့ချနိုင်ခဲ့တာလို့ လူဦးရေပညာရှင်တွေက ဆိုကြပါတယ်။ အဓိကလှုပ်ရှားမှုကြီးနှစ်ခုက ကလေးတယောက်မူဝါဒနဲ့ နောက်ကျပြီးလက်ထပ်ရေးမူဝါဒတွေ ဖြစ်ပါတယ်။ ကလေးတယောက်နဲ့ တယောက်ကို သားဆက်ခြားရယူပြီး ကလေးဦးရေကိုလည်းလျှော့ချနိုင်ခဲ့ပါတယ်။ အဓိကအားဖြင့် ကျေးလက်ဒေသ၊ ပညာမတတ်ဆင်းရဲသားတွေကြားက အခြေအနေကို ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယကတော့ ပြီးခဲ့တဲ့ရာစုရဲ့ ဒုတိယနှစ် ၅၀ ကာလအတွင်းအထိ လူဦးရေတိုးပွားမှုနှုန်းဟာ တနှစ်ကို ၂ ရာခိုင်နှုန်း ဖြစ်နေပါသေးတယ်။ နောက်ပိုင်းမှာ အိန္ဒိယရဲ့ ပျမ်းမျှလူ့သက်တမ်းကမြင့်တက်လာ၊ သေဆုံးမှုနှုန်းက ကျဆင်းလာသလို ဝင်ငွေကလည်း တိုးမြင့်လာပါတယ်။ လူအများအပြား အထူးသဖြင့် မြို့နေလူတန်းစားဟာ သောက်သုံးရေသန့်ပိုရလာပြီး ရေဆိုးမြောင်းစနစ်တွေလည်း တိုးတက်ကောင်းမွန်လာပါတယ်။ ဒါပေမဲ့ မွေးဖွားနှုန်းကတော့ ကျမသွားဘဲ မြင့်တက်နေဆဲပါလို့ လန်ဒန်ဘောဂဗေဒတက္ကသိုလ်က လူဦးရေပညာရှင်တင်မ်ဒိုင်ဆင်က ဆိုပါတယ်။
အိန္ဒိယမှာ ကလေးဦးရေထိန်းချုပ်တဲ့ မိသားစုစီမံကိန်းတွေကို ၁၉၅၂ ခုနှစ်ရောက်မှ စတင်ခဲ့ပါတယ်။ နိုင်ငံလုံးဆိုင်ရာ လူဦးရေမူဝါဒကို ၁၉၇၆ ခုနှစ်ရောက်မှရေးဆွဲနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တရုတ်ဟာ လူဦးရေကန့်သတ်မှုကို လက်တွေ့ဆောင်ရွက်ရင်း အလုပ်များနေပါပြီ။ တခြားအရှေ့အာရှနိုင်ငံတွေဖြစ်ကြတဲ့ ကိုရီးယား၊ မလေးရှား၊ ထိုင်ဝမ်၊ ထိုင်းတို့ဟာ အိန္ဒိယထက်နောက်ကျပြီးမှ မွေးဖွားနှုန်း၊ မီးတွင်းသေဆုံးမှုနှုန်းတွေကိုလျှော့ချပြီး မိသားစုဝင်ငွေကိုလည်း မြှင့်တင်နိုင်ခဲ့ကြပါတယ်။
လူဦးရေပေါက်ကွဲမှုမဖြစ်သေး
၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက် အိန္ဒိယလူဦးရေဟာ သန်း ၁၀၀၀ ကျော်တိုးလာခဲ့ပါပြီ။ နောက်ထပ် နှစ်ပေါင်း ၄၀ ကြာတဲ့အထိလူဦးရေဟာ အတိုးဘက်မှ ာဆက်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ လောလောဆယ် ဆယ်စုနှစ်တွေအတွင်းမှာ လူဦးရေတိုးနှုန်းဟာ ကျဆင်းလာပါပြီ။ လူဦးရေတိုးပင်ဆက်တိုးပွားနေသေးသော်ငြားလည်း တိုးနှုန်းကတော့ကျလာပါပြီ။ ဒါ့ကြောင့် လူဦးရေပေါက်ကွဲမှုဖြစ်ပွားမယ့် အန္တရာယ်ကိုမကြုံတွေ့ရအောင်တော့ ထိန်းသိမ်းထားနိုင်ပါပြီ။ ဒါ့ကြောင့် အိန္ဒိယဟာ တရုတ်ထက်လူဦးရေကျော်လွန်သွားမှာဖြစ်ပေမဲ့ သိသိသာသာစိုးရိမ်ပူပန်လောက်စရာ အချက်မဟုတ်တော့ဘူးလို့ လူဦးရေပညာရှင်တွေက ဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယအမျိုးသမီးတွေဟာ ဝင်ငွေတိုးတက်လာတာ၊ ကျန်းမာရေးပညာရေးကို ပိုပြီးလက်လှမ်းမီလာတာကြောင့် ကလေးမွေးဖွားနှုန်းကို အရင်ကထက်လျှော့ချလာနိုင်ပါတယ်။ အိန္ဒိယပြည်နယ် ၂၂ ခုအနက် ၁၇ ခုမှာ အမျိုးသမီးတယောက်ကို ကလေး ၂ ယောက်နှုန်းအထိလျှော့ချနိုင်ခဲ့ပါတယ်။
အိန္ဒိယတောင်ပိုင်းဟာ လူဦးရေထူထပ်တဲ့ အိန္ဒိယမြောက်ပိုင်းထက် မွေးဖွားနှုန်းကျဆင်းမှု ပိုမိုလျှင်မြန်ပါတယ်။ “အိန္ဒိယတောင်ပိုင်းလိုမျိုး အိန္ဒိယတနိုင်ငံလုံးမှာ ဖြစ်မလာတာဟာ နာတာပဲဗျာ။ တကယ်တော့ အိန္ဒိယတောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ အဓိကကွာခြားနေတာက လူနေမှုအဆင့်အတန်းပါ။” လို့လူဦးရေးပညာရှင် ပါမောက္ခဒိုင်ဆင်ကဆိုပါတယ်။
တရုတ်ထက်လူဦးရေကျော်လွန်သွားမဲ့အခြေအနေဟာအရေးပါ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လူဦးရေများပြားတဲ့နိုင်ငံကြီးဖြစ်တဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ပေးဖို့ အိန္ဒိယကတောင်းဆိုနေတဲ့အချက်ဟာ နိုင်ငံရေးအရ ပိုအားကောင်းလာနိုင်ပါတယ်။ လက်ရှိမှာ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်နဲ့အတူ တရုတ်နိုင်ငံဟာ လုံခြုံရေးကောင်စီအမြဲတန်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပါတယ်။
အိန္ဒိယဟာလည်း ကုလသမဂ္ဂကို စတင်ထူထောင်သူနိုင်ငံတွေထဲမှာ ပါဝင်ခဲ့တာမို့ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၁ နေရာကိုရသင့်တယ်လို့ အစဉ်တစိုက် တောင်းဆိုခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီး ဖြစ်သွားတဲ့အခါ တချို့အချက်တွေကို တိတိကျကျတောင်းဆိုလာနိုင်လိမ့်မယ်လို့ ထင်ပါတယ်လို့ ကုလသမဂ္ဂစီးပွားရေးနဲ့လူမှုရေးရာဌာနရဲ့ လူဦးရေဌာနခွဲညွှန်ကြားရေးမှူး ဂျွန်ဝဲလ်မက်ကဆိုပါတယ်။
အိန္ဒိယရဲ့ လူဦးရေပြောင်းလဲပုံပြောင်းလဲနည်းကလည်း ထူးခြားတယ်လို့ မွန်ဘိုင်းအခြေစိုက် လူဦးရေးသိပ္ပံဌာနက ကေအက်စ်ဂျိမ်းက ဆိုပါတယ်။
အားနည်းချက်တွေရှိပေမဲ့ အိန္ဒိယဟာ လူဦးရေးထိန်းချုပ်မှုအတွက် မိသားစုစီမံကိန်းကို ဆင်းရဲပြီး ပညာမတတ်သူအမြောက်အမြားရှိတဲ့ကြားက ဒီမိုကရေစီနည်းကျကျဆောင်ရွက်နိုင်ခဲ့တာဟာ အသိအမှတ်ပြုသင့်ပါတယ်လို့ ဂျိမ်းက ဆိုပါတယ်။ နိုင်ငံတော်တော်များများဟာ စာတတ်မြောက်မှုနဲ့ လူနေမှု အဆင့်အတန်းမြင့်မားလာပြီးမှသာ လူဦးရေထိန်းချုပ်မှုကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ကြတာပါလို့လည်း သူက ဆိုပါတယ်။
ပိုပြီးထူးခြားတဲ့သတင်းကောင်းကတော့ ကမ္ဘာမှာ အသက် ၂၅ နှစ်အရွယ်ရှိ လူငယ် ၅ ယောက်အနက် အိန္ဒိယက ၁ ယောက်နှုန်း ဖြစ်နေတဲ့အချက်ပါ။ ဒါ့အပြင် အိန္ဒိယလူဦးရေ စုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်အောက်လူငယ်တွေ ဖြစ်နေပါတယ်။ အိန္ဒိယမှာရှိတဲ့လူဦးရေရဲ့ သုံးပုံနှစ်ပုံဟာ ၁၉၉၀ ခုနှစ် နောက်ပိုင်း အိန္ဒိယစီးပွားရေးကို လွတ်လပ်ခွင့်ပိုပေးပြီးနောက်မှာ မွေးဖွားလာသူတွေ ဖြစ်ကြပါတယ်။ အဲဒီအိန္ဒိယလူငယ်အုပ်စုဟာ ထူးခြားတဲ့လက္ခဏာရပ်တွေရှိကြပါတယ်လို့ စီးပွားရေးပညာရှင် ရှရူတီရာဂျာဂိုပါလန်က ဆိုပါတယ်။ အဲဒီအိန္ဒိယလူငယ်တွေဟာ ကမ္ဘာ့အကြီးမားဆုံးစားသုံးသူတွေ ဖြစ်ကြသလို ကမ္ဘာ့အကြီးဆုံးကုန်ထုတ်အလုပ်သမားတွေလည်းဖြစ်လိမ့်မယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် အိန္ဒိယဟာ ကမ္ဘာမှာထူးချွန်ထက်မြက်သူလူငယ်အများဆုံးစုဝေးရာနေရာလည်း ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။
စိန်ခေါ်ချက်တွေရှိနေသေး
လူဦးရေအပြောင်းအလဲကြောင့် အားတက်စရာအချက်တွေ ရှိနေသလို စိန်ခေါ်ချက်တွေလည်း ရှိပါတယ်။ လူငယ်အလုပ်သမားတွေအတွက် လုံလောက်တဲ့အလုပ်နေရာ ဖန်တီးပေးနိုင်ဖို့ လိုပါတယ်။ အိန္ဒိယစီးပွားရေး စောင့်ကြည့်လေ့လာရေးဌာနရဲ့ စစ်တမ်းအရ အိန္ဒိယလူငယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းကသာ အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ သူတို့အလုပ်လုပ်ရမဲ့အချိန်မှာ ကလေးမွေးရတာ၊ ကလေးပြုစုစောင့်ရှောက်ပြီး အချိန်ကုန်ရတာတွေ လျော့ကျလာပြီဖြစ်တဲ့အတွက် သူတို့အတွက် အလုပ်ပို ဖန်တီးပေးဖို့ လိုလာပါတယ်။
ပိုဆိုးတာက အလုပ်လုပ်နိုင်တဲ့အရွယ်အမျိုးသမီးတွေရဲ့ ၁၀ ရာခိုင်နှုန်းကသာ အလုပ်သမားအဖြစ်ရှိနေတယ်လို့ စစ်တမ်းကဆိုထားတဲ့အချက်ပါ။ တရုတ်နိုင်ငံမှာ ဆိုရင် အလုပ်လုပ်နိုင်တဲ့ အရွယ်အမျိုးသမီးရဲ့ ၆၉ ရာခိုင်နှုန်းဟာ အလုပ်ထဲမှာရှိနေပါတယ်။
နောက်တချက်ကရွှေ့ပြောင်းမှုပါ။ လူဦးရေ သန်း ၂၀၀ လောက်ဟာ အိန္ဒိယနိုင်ငံတွင်းမှာပဲ ပြည်နယ်တခုကနေ တခု ဒေသတခုကနေတခု ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။ ရွှေ့ပြောင်းမှုရဲ့ အများစုက တောကနေ မြို့တက်ပြီး အလုပ်ရှာဖွေလုပ်ကိုင်ကြတာဖြစ်ပါတယ်။
“တောကနေမြို့တက်အလုပ်ရှာကြတဲ့အတွက် မြို့တွေဟာ ကြီးလာပါတယ်။ အဲဒီအတွက်သင့်တော်တဲ့နေရာနဲ့ လူနေမှုအဆင့်အတန်းကို ပေးအပ်နိုင်ဖို့လိုပါတယ်။ မဟုတ်ရင်ကျူးကျော်လေလွင့်သူတွေနဲ့ ရောဂါဘယတွေ ထူပြောလာမှာ ဖြစ်ပါတယ်” လို့ ရွှေ့ပြောင်းသူနဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကရာလာအင်စတီကျုရဲ့ ကျွမ်းကျင်ပုဂ္ဂိုလ် အီရုဒယာရာဂျန်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သက်ကြီးအိန္ဒိယနိုင်ငံသားများ
လူဦးရေပညာရှင်တွေဟာ အိန္ဒိယရဲ့ သက်ကြီးအုပ်စုတွေအပေါ်မှာ အာရုံစူးစိုက်မှုနည်းပါးနေတယ်လို့ အီရုဒယာရာဂျန်ကဆိုပါတယ်။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယရဲ့ ပျမ်းမျှအသက်ဟာ ၂၁ နှစ် ဖြစ်ပါတယ်။ အသက် ၆၀ ကျော်သူဟာ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ အိန္ဒိယရဲ့ ပျမ်းမျှအသက်ဟာ ၂၈ နှစ်ဖြစ်ပါတယ်။ အသက် ၆၀ အထက်လူဦးရေဟာ ၁၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။
အလုပ်လုပ်ကိုင်သူအရွယ်ဦးရေကျဆင်းလာတဲ့အတွက် အသက်ကြီးလူဦးရေဟာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါတယ်လို့ Whole Numbers and Half Truths: What Data Can and Cannot Tell Us About Modern India စာအုပ်ရေးသားသူ ရုခ်မီနီအက်စ်ကဆိုပါတယ်။ မိသားစုပုံစံတွေကို ပြန်လည်ပြင်ဆင်ဖို့လိုပါတယ်။ တဦးတယောက်တည်းနေထိုင်ကြတဲ့သက်ကြီးရွယ်အိုတွေ များပြားလာတာဟာ စိုးရိမ်စရာဖြစ်ပါတယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








