ကမ္ဘာကို ဝင်တိုက်နိုင်ခြေရှိတဲ့ဂြိုဟ်သိမ်ဘန်နူးရဲ့ ကျောက်နမူနာတွေကို နာဆာရပြီ

ဓာတ်ပုံ ရင်းမြစ်, NASA
နေအဖွဲ့အစည်းထဲက အန္တရာယ်အများဆုံးလို့သိကြတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကျောက်တုံးတစ်တုံးရဲ့ အမှုန် အပိုင်းအစတွေကို မြေကမ္ဘာကို ဆောင်ကျဥ်းလာနိုင်ပြီဖြစ်ပါတယ်။
အမေရိကန်အာကာသအေဂျင်စီ(နာဆာ)က အဲဒီကျောက်တုံးအမှုန်တွေကို သယ်လာတဲ့ အလုံပိတ် အခန်းငယ်ကို ယူးတားပြည်နယ်ထဲက အနောက်သဲကန္တာရအရပ်မှာ ချိန်ကိုက်ဆင်းသက်စေခဲ့တာကြောင့်ဖြစ်ပါတယ်။
အဲဒီထဲမှာ အိုဆိုင်းရက်-ရက်စ် အာကာသယာဥ်က ဂြိုဟ်သိမ်ဂြိုဟ်မွှား ဘန်နူရဲ့ မျက်နှာပြင်ပေါ် ကနေ ၂၀၂၀ ခုနှစ်တုန်းက ကုတ်ယူထားတဲ့ နမူနာတွေ ပါဝင်ပါတယ်။
ဂြိုဟ်သိမ် ဘန်နူးဟာ လာမယ့် နှစ်ပေါင်း ၃၀၀ အတွင်း အာကာသကနေ ကမ္ဘာကို ဝင်တိုက်နိုင်ခြေ ရှိတာကြောင့်တင်မဟုတ်ဘဲ တောင်သဖွယ်ဖြစ်နေတဲ့ဘန်နူးရဲ့အကြောင်း နာဆာက ပိုပြီးသိရှိချင်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီထက်ပိုတာကတော့ အခုနမူနာတွေဟာ လွန်ခဲ့တဲ့နှစ် ၄.၆ ဘီလျံကတည်းကရှိနေတဲ့ နေအဖွဲ့အစည်း ဖွဲ့စည်းမှုအကြောင်း အတွင်းကျတဲ့အချက်အလက်အသစ်တွေ ထောက်ပံ့ပေးနိုင်သလို မြေကမ္ဘာမှာ သက်ရှိတွေဘယ်လိုပေါ်လာတယ်ဆိုတာပါ သိလာနိုင်ခြေရှိပါတယ်။
အာကာသယာဥ်ငယ်ကို အဝေးကြည့်ကင်မရာတွေကနေ မြင်ရတဲ့အခါ အိုဆိုင်း-ရက်စ်အဖွဲ့သားတွေ မော်မဆုံးဖြစ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကားတာယာအရွယ်အစားလောက်ရှိတဲ့ အဲဒီ အလုံပိတ်အခန်းငယ်မှာ အပူဒဏ်ခံကိုယ်ထည်နဲ့ လေထီးတွေ ပါပြီး ကန့်သတ်မြေပြင်ပေါ်ကို ဖြည်းဖြည်းညှင်းညှင်း ကျဆင်းခဲ့တာဖြစ်ပါတယ်။
‘‘ဒီအလုံပိတ်အခန်းကန့်လေးက သူ့ကို ခိုင်းထားတာကို နားလည်တယ်ဗျ’’ လို့ အာကာသဆိုင်ရာ ထုတ်လုပ်ရေးလုပ်ငန်း Lockheed Martin ရဲ့ အင်ဂျင်နီယာချုပ် တင်ပရိုက်ဇာက ပြောပါတယ်။ ‘‘ငှက်မွှေးလေးလို ကျလာတာ’’
အဲဒီအလုံပိတ်အကန့်ငယ်ကို သဲကန္တာရထဲကနေ ပြန်သယ်တဲ့အခြေအနေ ဘယ်လိုအခြေအနေရှိလဲလို့ ဘီဘီစီ သိပ္ပံသတင်းအဖွဲ့က မေးတဲ့အခါမှာ ကောက်ယူသယ်ငင်ရာမှာပါတဲ့အဖွဲ့တွေက ရဟတ်ယာဥ်နဲ့ သူတို့အပြန်ခရီးမှာ ‘’သိပ်အဆင်ပြေပေါ့’’ လို့ ပြန်ဖြေကြပါတယ်။
‘‘လေထီးလည်းပွင့်ပြီး ဖြည်းဖြည်းညှင်းညှင်းလည်းဆင်းလာပြီလည်းကြားရော ကျွန်တော်ဆို အဲဒီရဟတ်ယာဥ်ထဲမှာ ကလေးတစ်ယောက်လို ငိုမိလိုက်တယ်ဗျာ’’ လို့ အိုဆိုင်းရက်-ရက်စ်စီမံကိန်း ဦးဆောင်လေ့လာသူ ဒန်တေး လော်ရာတာ ကပြောပါတယ်။
‘‘အဲဒီ တဒင်္ဂမှာ ကျွန်တော် တကယ့်ကို ဝမ်းသာလုံးဆို့တယ်ပြောမလား။ သိပ်ကို အောင်မြင်တဲ့အထမြောက်မှုပေါ့ဗျာ’’

ဓာတ်ပုံ ရင်းမြစ်, NASA
သိပ္ပံပညာရှင်တွေကတော့ အဲဒီအကန့်ငယ်ထဲမှာပါတဲ့ ကီလိုဂရမ် ၂၅၀ လောက်လေးတဲ့ ကျောက်ထုကျောက်စမှုန်တွေကို ထိကိုင်ကြဖို့ စိတ်စောနေကြပါတယ်။
အလေးချိန်ဟာ အရွယ်ရောက်ဟမ်းစတာ (အမြီးတိုပါးတွဲ ကြွက် )အကောင်ငယ် တစ်ကောင်အလေးချိန်လောက်ပဲရှိတယ်လို့ သိပ္ပံပညာရှင်တစ်ယောက်က ပြောပေမဲ့ နာဆာသိပ္ပံပညာရှင်တွေအတွက်ကတော့ လေ့လာဖို့ လုံလောက်တဲ့ပမာဏလို့ ပြောပါတယ်။
‘’အရမ်းသေးတဲ့အမှုန်လေးတွေကိုတောင် အရမ်းမြင့်မားတဲ့ပုံကြီးချဲ့မှုတဲ့ ခွဲခြမ်းစိတ်ဖြာမှာဖြစ်ပါတယ်’’ လို့ တက္ကဆက်ပြည်နယ်မှာရှိတဲ့ နာဆာရဲ့ ဂျွန်ဆင်အာကာသစင်တာရဲ့ သိပ္ပံပညာရှင်ချုပ် အီလင်း စတန်ဘီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NASA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
‘‘၁၀ မိုက်ခရွန်လောက်အရွယ်ကို ပိုင်းဖြတ် တုံးမယ်။ ပြီးရင် ဒါဇင်နဲ့ချီအောင် ပြန်လှီးမယ်။ ပြီးရင် နာနိုအဆင့်ရောက်သွားအောင် ပြန်ဖော်မယ်။ ၂၅၀ ဂရမ်ကတော့ အတော်ပမာဏများပါတယ်’’
သန့်ရှင်းနေရဲ့လားဆိုတာက အဲဒီအခန်းငယ် သဲကန္တာရထဲကို ကျချိန်မှာ သယ်ယူရေးအဖွဲ့တွေ အဓိက အလေးထားလုပ်ဆောင်တဲ့အချက်ဖြစ်ပါတယ်။
အဲဒီအခန်းငယ်ကို သယ်ယူရေးအဖွဲ့တွေက အနီးနားမှာရှိတဲ့ ဒတ်ဝေး စစ်အခြေစိုက်စခန်းကို အမြန်ပြန်သယ်ပြီး ယာယီသန့်ရှင်းရေးအခန်းကို သယ်ဖို့ စိတ်လောကြပါတယ်။
နမူနာကျောက်မှုန်တွေထဲမှာ သက်ရှိတွေဖန်တီးမှုမှာ အဓိကဖြစ်တဲ့ ကာဗွန်ဒြပ်ပေါင်းတွေပါတယ်ဆိုရင် လက်ရှိမြေကမ္ဘာက ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ပြီး ရောနှောသွားမှာကို ရှောင်ရှားနိုင်ဖို့ သုတေသီတွေက တွေးဆတာကြောင့်ဖြစ်ပါတယ်။
‘‘အာကာသယာဥ်သန့်ရှင်းဖို့နဲ့ ကမ္ဘာမှာရှိရင်းစွဲဓာတုတွေနဲ့မရောသွားဖို့က အခုမစ်ရှင်ရဲ့ အရေးကြီး လိုအပ်ချက်ဖြစ်ပါတယ်’’ လို့ အိုဆိုင်းရက်-ရက်စ် စီမံချက် ဒုတိယမန်နေဂျာ မိုက် မော်ရိုးက ပြောပါတယ်။
‘‘နမူနာကို အကောင်းဆုံး ကာကွယ်ဖို့ နည်းလမ်းက ကွင်းထဲကနေ သန့်စင်ရေးဓာတ်ခွဲခန်း ဆီမြန်မြန်သွားဖို့ပဲ ဖြစ်ပါတယ်။ အဲဒီမှာ နိုက်ထရိုဂျင်နဲ့ဖြန်းလိုက်ရင် ကာကွယ်နိုင်ပါပြီ’’
အဲဒီအလုံပိတ်အခန်းငယ် မြေပြင်ကို ပြန်ကျပြီး ၄ နာရီအတွင်းမှာပဲ ဒါကို လုပ်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ခွဲခန်းအဖွဲ့က အဲဒီအလုံပိတ်အခန်းငယ်ကို တစချင်းဖြုတ်ပါတယ်။ အတွင်းပိုင်း ပြွန်ထဲမှာထည့်ထားတဲ့ နမူနာကို မထုတ်ခင်မှာ ကျောဖုံးနဲ့ အပူဒဏ်ခံအကာကို ဖယ်ပါတယ်။
အခုတော့ ဒီနမူနာကို ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်မဂျွန်ဆင်စင်တာက သီးခြားအဆောက်အအုံတွေကို လေကြောင်းကနေ သယ်ယူမှာဖြစ်ပါတယ်။
ကနဦးချင့်တွက်မှုကို လုပ်ဆောင်မယ့် ‘’အမြန်ကြည့်ရှုစစ်ဆေးခြင်း’’ ၆ ဦးပါအဖွဲ့မှာ ဗြိတိသျှ သိပ္ပံပညာရှင် အက်ရှလေ ကင်းလည်း ပါဝင်ပါတယ်။
‘‘သိပ်ကို နူးညံ့ ကြေပျက်လွယ်တဲ့ ကျောက်ပုံစံ အဲဒီ နမူနာကို မြင်နိုင်ဖို့ မျှော်လင့်မိတယ်’’ လို့ သူက ပြောပါတယ်။
‘‘ရွှံ့စေးမှာ မြင်ရတာတွေပါမယ်။ ကာဗွန်တွေလည်းပါမယ်။ ကာဗွန်ပါတဲ့ဓာတ်သတ္တုတွေပါလာနိုင်တယ်။ နေအဖွဲ့အစည်းထဲမှာ ပါဝင်တဲ့ ပထမဆုံးအစိုင်အခဲပစ္စည်းတွေဖြစ်တဲ့ဥက္ကာခဲမှာ မြင်ရတဲ့ ခရွန်ဒူရယ်တွေပါမယ်။ ကယ်လ်ဆီယမ်-အလူမီနီယံ အစပ်တွေပါမယ်’’








