တရုတ်လူမျိုး ၈ ဦးရဲ့အလောင်းတွေကို မက္ကဆီကို ကမ်းခြေမှာ တွေ့

မက္ကဆီကို၊ တရုတ်၊ နိုင်ငံရွှေ့ပြောင်း၊ တရားမဝင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သောကြာနေ့တုန်းက ဝါဟာကာပြည်နယ်က ကမ်းခြေတစ်ခုပေါ်မှာ အလောင်းတွေ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်လူမျိုးတွေ လိုက်ပါလာတဲ့ မော်တော်ဘုတ် တိမ်းမှောက်သွားခဲ့အပြီး အဲဒီ တရုတ်အလောင်း ၈ လောင်းကို မက္ကဆီကိုနိုင်ငံ ဝါဟာကာပြည်နယ်က ကမ်းခြေတစ်ခုပေါ်မှာ တွေ့ခဲ့ရတာ ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ပင်လယ်ကို ဖြတ်ပြီး အမေရိကန်နိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားတဲ့ တရားမဝင် ရွှေ့ပြောင်းသူတွေ လာလေ့ရှိတဲ့ လမ်းကြောင်းပေါ်မှာ အဲဒီအလောင်းတွေကို သောကြာနေ့က တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့က ဂွာတီမာလာနိုင်ငံနဲ့ ကပ်ရက် မက္ကဆီကိုနိုင်ငံ ချီယာပက်စ်ပြည်နယ်ကနေ မက္ကဆီကိုလူမျိုး တစ်ဦး စီစဉ်ပေးတဲ့ မော်တော်ဘုတ်တစ်စင်းပေါ်မှာ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသားတစ်ဦးတို့ လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။

တစ်ဦးကတော့ အသက်မသေဘဲ လွတ်မြောက်ခဲ့ပါတယ်။ မော်တော်ဘုတ် မောင်းသူ ဘာဖြစ်သွားသလဲ ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

အလောင်းတွေကို ပလယာ ဗီဆန်းတေးမြို့နားက ကမ်းခြေတစ်ခုမှာ တွေ့ခဲ့တာဖြစ်တယ်လို့ ဝါဟာကာ ပြည်နယ် အစိုးရအမှုလိုက်ရှေ့နေအဖွဲ့က ပြောပါတယ်။

ဒီမတော်တဆ ဖြစ်ရပ် ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတာကို စုံစမ်းစစ်ဆေးနေကြောင်းနဲ့ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေလဲ ဆိုတာကို ဖော်ထုတ်နိုင်ဖို့ မက္ကဆီကိုနိုင်ငံက တရုတ်သံရုံးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မက္ကဆီကိုနိုင်ငံကနေ အမေရိကန်နိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားတဲ့ လူအရေအတွက်ဟာ လတ်တလောနှစ်ပိုင်းတွေအတွင်း အကြီးအကျယ် တိုးလာနေပါတယ်။

၂၀၂၁ ခုနှစ်ကစလို့ အမေရိကန်နိုင်ငံထဲ တရားမဝင် ခိုးဝင်လာသူပေါင်း ၆ သန်း ၃ သိန်းကျော် ရှိခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရားမဝင် ခိုးဝင်လာသူ အရေအတွက်ဟာ ၂၀၁၈ ခုနှစ်ကစလို့ စတင်မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာ အမေရိကဒေသ အလယ်ပိုင်းက လူတွေဖြစ်ပြီး ဂိုဏ်းဖွဲ့ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှု၊ နိုင်ငံရေး ဖိနှိပ်မှု၊ သဘာဝကပ်ဘေးဒုက္ခ အပါအဝင် ပဋိပက္ခ အခြေအနေတွေကြောင့် ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။

အမေရိကဒေသ အပြင်ဘက်ကလာတဲ့ သူတွေထဲမှာ အများဆုံးကတော့ တရုတ်နိုင်ငံက ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းမှာ စီးပွားရေး ကျပ်တည်းမှု၊ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် ပြည်ပကို ထွက်ပြေးတဲ့သူတွေ များလာနေတာ ဖြစ်ပါတယ်။

မနှစ်တုန်းက အမေရိကန် မက္ကဆီကို နယ်စပ်မှာ တရုတ်လူမျိုး ၃၇၀၀၀ ကျော် ဖမ်းဆီးမိခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကထက် အဆ ၅၀ ပိုများလာခဲ့တာ ဖြစ်ပါတယ်။

အခုအခါ မက္ကဆီကိုနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး စခန်းတွေမှာ တစ်နေ့တစ်ခြား တိုးလာနေတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကြောင့် မနိုင်မနင်းဖြစ်နေပါပြီ။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ မကြာခင် ပြုလုပ်ခါနီးအချိန်မှာ တရားမဝင် နိုင်ငံရွှေ့ပြောင်း ဝင်ရောက်လာမှုကိစ္စက အဓိက အာရုံစိုက်စရာ ကိစ္စရပ် ဖြစ်လာနေပါတယ်။ မက္ကဆီကိုအစိုးရအနေနဲ့လည်း နိုင်ငံထဲ လူတွေ အလုံးလိုက်အရင်းလိုက် တရားမဝင် ဝင်ရောက်လာမှုတွေကို တားဆီး တိုက်ဖျက်ဖို့ အမေရိကန်အစိုးရထံက ဖိအားပေးမှုတွေနဲ့ တစ်နေ့တခြား ပိုတိုး ရင်ဆိုင်လာနေရပါတယ်။