နိုဝင်ဘာ ၁၇ ရက်ထိပ်တန်းသတင်းများ- အကျဥ်းသား ၆၀၀၀ နီးပါးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် စစ်ကောင်စီ ကြေညာ

ဗစ်ကီဘိုးမန်းလွတ်မြောက်လာမှု ဗြိတိန် အစိုးရ ဘာပြောလဲ

Vicky Bowman

ဓာတ်ပုံ ရင်းမြစ်, Social Media

ဗစ်ကီဘိုးမန်း ဗြိတိန်ကို ထိုင်းနိုင်ငံတစ်ဆင့် ဆက်လက်ထွက်ခွာဖို့ရှိ

ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စ ဗစ်ကီဘိုးမန်းနဲ့အတူ မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရသူတွေ ဒီနေ့ ပြန်လည်လွတ်မြောက်လာတဲ့အတွက် ကြိုဆိုတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက တွစ်တာမှာရေးပါတယ်။

မြန်မာနိုင်ငံမှာ မတရားအကျဥ်းချခံထားရသူတွေအားလုံးကိုလွှတ်ပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဗစ်ကီဘိုးမန်းကို ကူညီဆောင်ရွက်ပေးနေတယ်လို့ ဗြိတိသျှဓနသဟာယနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) ပြောခွင့်ရသူက တရားဝင်ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဗစ်ကီဘိုးမန်းအပါအဝင် ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံခြားသားလေးဦးကို စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးခဲ့ပြီး အကျဥ်းထောင်ကနေ လေဆိပ်ကိုတိုက်ရိုက်ပို့ဆောင်ခဲ့ကာ မြန်မာနိုင်ငံကနေ ထွက်ခွာစေခဲ့ပါတယ်။

ဗစ်ကီဘိုးမန်းဟာ ဒီနေ့ ညနေပိုင်းမှာ ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံကိုရောက်ရှိခဲ့ပြီး ထိုင်းကတစ်ဆင့် ဗြိတိန်နိုင်ငံကို ဒီနေ့ ညတွင်းချင်းပဲ ထွက်ခွာမှာဖြစ်တယ်လို့ သံတမန် အသိုင်းအဝိုင်းက သိရပါတယ်။

ဗစ်ကီဘိုးမန်းရဲ့ခင်ပွန်းဖြစ်သူ ပန်းချီပညာရှင် ဦးထိန်လင်းလည်း ပြန်လည်လွတ်မြောက်လာပေမဲ့ ဇနီးဖြစ်သူနဲ့အတူ ပြည်ပကိုလိုက်ပါခွင့်မရခဲ့ဘဲကျန်နေရစ်ခဲ့တယ်လို့လည်း ဦးထိန်လင်းတို့မိသားစုနဲ့နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ မစ္စတာရှောင်တာနယ်

Sean Turnell

ဓာတ်ပုံ ရင်းမြစ်, Penny Wong twitter

ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ညနေပိုင်းက အင်းစိန်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့တဲ့နောက် လေဆိပ်ကို တိုက်ရိုက်ပို့ဆောင်ခံခဲ့ရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ်ရဲ့ရန်ကုန်လေဆိပ်က မထွက်ခွာခင်ဓာတ်ပုံကို သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်းက သူ့ရဲ့တွစ်တာအကောင့်ကနေ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

မစ္စတာရှောင်ဟာ လွတ်မြောက်လာပြီဖြစ်ပြီး သူ့မိသားစုထံအပြန်လမ်းမှာ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မစ္စတာရှောင်နဲ့ သူ စကားပြောခွင့်ရခဲ့ကြောင်း၊ သူလွတ်မြောက်ရေးအတွက် သြစတြေးလျသံရုံးအကြီးအကဲနဲ့တကွ ပါဝင်ဆောင်ရွက်ပေးခဲ့ကြသူတွေကို ကျေးဇူးတင်တယ်လို့လည်း ဝန်ကြီးက ရေးသားထားပြီး မစ္စတာရှောင်နဲ့အတူသံရုံးအကြီးအကဲ Angela Corcoran နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုမျှဝေထားပါတယ်။

ကိုမြအေး၊ ဒေါက်တာမျိုးညွန့်နဲ့ စာရေးဆရာမောင်သာချို တို့ပြန်လွတ်

Ko Mya Aye
Maung TharCho
Dr Myo Nyunt

အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စာရေးဆရာမောင်သာချို၊ NLD ပါတီရဲ့ပြောရးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးကို ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မွန်းလွဲပိုင်းမှာ အင်းစိန်အကျဥ်းထောင်ကနေပြန်လည်လွတ်မြောက်လာပါတယ်။

စာရေးဆရာမောင်သာချိုကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ ပုဒ်မ ၅၀၅-က နဲ့ထောင်နှစ်နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကိုမြအေးကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တုန်းက တရုတ်နိုင်ငံသားတစ်ဦးထံ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့တယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ဂ နဲ့ စစ်ကောင်စီက အမှုဖွင့်တရားစွဲခဲ့ကာထောင် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာမျိုးညွန့်ကိုလည်း ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်နှစ်နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့လွတ်မြောက်လာသူတွေထဲမှာ ရွှေညဝါဆရာတော်လည်း ပါဝင်သလို NLD လက်ထက် ရန်ကုန်တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ NLD ပါတီက တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးလည်း ပါဝင်ပါတယ်။

ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ပုဒ်မ ၄၀၉ တပ်ပြီးစွဲဆိုမှု တရားလိုကိုစတင်စစ်ဆေး

Dr Ye Lwin, former mayor of Mandalay region

ဓာတ်ပုံ ရင်းမြစ်, MPA

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မန္တလေးမြို့တော်ဝန်ဟောင်း၊ ဒုမြို့တော်ဝန်ဟောင်းနဲ့ စည်ပင်ကော်မတီဝင်ဟောင်း နှစ်ဦးကို လက်ရှိ စစ်ကောင်စီခန့် စည်ပင်ကော်မတီက ပုဒ်မ(၄၀၉) နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ တရားစွဲဆိုထားမှုကို မနေ့ နိုဝင်ဘာ ၁၆ ရက်က မန္တလေးအိုးဘိုအကျဥ်းထောင်တွင်းအထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့တယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

"တရားလိုစစ်တုန်း။ အမှုတွဲနဲ့ပက်သက်တာကို လာရောက်ထွက်ဆိုတာ မပြီးသေးဘူး။ အကြောင်းအရာက ဘတ်ဂျတ်ပဲ။ အဂတိကတောင် ဒီအမှုက အဂတိမမြောက်ပါဘူးလို့ ပယ်ထားပြီးသား။ ဆရာရဲ(ဒေါက်တာရဲလွင်)က ပြောတယ်။ ဒီအမှုက တခြားသူတွေနဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော့်ကိုပဲ စွဲချင်စွဲပါလို့ ပြောတယ်"လို့ တရားရုံးအသိုင်းဝိုင်းနဲ့ နီးစပ်သူ တစ်ဦးက စွဲဆိုခံထားရတဲ့ အမှုအခြေနေအကြောင်းကို ပြောပါတယ်။

ဒီအမှုဟာ အဂတိတိုက်ဖျက်ရေး ကော်မရှင်က အမှုမမြောက်ကြောင်း ပယ်ချထားတဲ့အမှု ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

စစ်ကောင်စီက ဒေါက်တာရဲလွင်ကို စွဲဆိုထားတဲ့အထဲ အချက် ၁၂ ချက်ပါဝင်ပြီး အဲဒီထဲက တချို့ကတော့ ဒေါက်တာရဲလွင် မန္တလေးမြို့တော်ဝန်အဖြစ်တာဝန်ယူစဥ်မှာ မန္တလေးမြို့စည်ပင် သာယာရေးအဖွဲ့ရဲ့မော်တော်ယာဥ်တွေမှာ ခြေရာခံစက် GPS တပ်ဆင်တာတဲ့ကိစ္စ၊

ကုမ္ပဏီတစ်ခုကို စီစီတီဗီ တပ်ဆင်ဖို့ လုပ်ငန်းအပ်ရာမှာ ကျပ် ၈၉ သိန်းကျော် ကုန်ကျတာကို တင်ဒါမခေါ်ဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့တာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီအချက်တွေနဲ့ပတ်သက်လို့ အဂတိတိုက်ဖျက်ရေး ကော်မရှင်က ကျပ် သိန်းတစ်ရာ မကျော်တာကြောင့် ဥပဒေနဲ့ကိုက်ညီလို့ တင်ပြထားတဲ့အမှုဟာ အဂတိမမြောက်ဘူးလို့ ပယ်ချထားခဲ့ပေမဲ့ အခုအခါ တရားစွဲတင်ခံရကြောင်း တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

စွဲဆိုထားတဲ့ အမှုရဲ့အချက်အလက်တွေမှာ ဆော့ဖ်ဝဲနဲ့ ပက်သက်တဲ့ အချက်အလက်တွေပါဝင်သလို လုပ်ငန်း အခန်းကဏ္ဍ မပြီးမြောက်လို့ စွဲတာမျိုး၊ လုပ်ငန်းတစ်ဆင့်ချင်း အလိုက် အချက်အလက်တွေကို တရားစွဲတာတွေပါဝင်တယ်လို့ သိရပါတယ်။

မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်ဟာ ပုဒ်မ ၅၀၅-ကနဲ့ ထောင်နှစ်နှစ်ချမှတ်ခံရာက နိုဝင်ဘာ ၁၁ ရက်နေ့မှာ ချုပ်ရက်နဲ့ လွတ်မြောက်မှာ ဖြစ်ပေမဲ့ အခုလို ထပ်မံတရားစွဲခံရတာဖြစ်ပါတယ်။

ဒါ့အပြင် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျလည်း နိုဝင်ဘာ ၂၃ ရက်နေ့မှာ လွတ်မြောက် မှာဖြစ်ပြီး နောက်ထပ် ပုဒ်မနဲ့ ထပ်မံတရားရင်ဆိုင်ရတာ ဖြစ်ပါတယ်။ တရားရုံးချိန်းမှာ ဒေါက်တာရဲလွင်နဲ့ ဦးကျော်ဇေယျဟာ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းအကျဥ်းသား ၆၀၀၀ နီးပါးအနက် အင်းစိန်ထောင်ကနေ တစ်ထောင်ကျော်လွတ်ဖို့ရှိ

Insein Prison

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အင်းစိန်ထောင်ရှေ့မြင်ကွင်း/ပုံဟောင်း

ပြည်ထောင်ကနေလည်း စုစုပေါင်း အယောက် ၃၀ ကျော်လွတ်ဖို့ရှိနေ

-လွတ်မြောက်စာရင်းမှာ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမြအေးပါဝင်ကြောင်း မိသားစုနဲ့ရှေ့နေတွေကပြောပေမဲ့ နေအိမ်ကိုပြန်မရောက်သေး

-မစ္စတာ ရှောင်တာနယ်နဲ့ ပတ်သက်ပြီး သြစတြေးလျအစိုးရ တုံ့ပြန်ချက်

ဒီကနေ့ စစ်ကောင်စီက ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာစာရင်းအရ နိုင်ငံတဝန်းအကျဥ်းသား ၆၀၀၀ နီးပါးလွတ်မြောက်ဖို့ရှိတဲ့အနက် ရန်ကုန်အင်းစိန်အကျဥ်းထောင်ကနေ အကျဥ်းသား ၁၀၀၀ ကျော် လွတ်မြောက်ဖို့ရှိကြောင်း အကျဥ်းဦးစီးဌာနထံက သိရှိရပါတယ်။

အင်းစိန်ထောင်က ပြန်လွှတ်မယ့်အထဲမှာ ပုဒ်မ ၅၀၅-က အမှုတွေအပြင် တခြားပုဒ်မတွေနဲ့ အမှုမျိုးစုံ ပါဝင်တယ်လို့ ဆိုပါတယ်။ ပြန်လည်လွတ်မြောက်လာသူတွေအနေနဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုသွားရောက် ပိတ်သိမ်းစရာမလိုဘူးလို့လည်း သိရပါတယ်။

စစ်ကောင်စီက ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တဲ့အထဲမှာ သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်၊ ဗြိတိန်နိုင်ငံသူ သံအမတ်ကြီးဟောင်း မစ္စ ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦး တို့ ပါဝင်ပါတယ်။

သူတို့အားလုံးကိုတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးနောက် ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။မစ္စတာရှောင်တာနယ်နဲ့ပတ်သက်တဲ့အစီရင်ခံစာတွေကို ကြားသိရတဲ့အတွက် ဝမ်းမြောက်ကြောင်းနဲ့ ပါမောက္ခမစ္စတာရှောင်တာနယ်အရေးဟာ ပထမဦးစားပေးအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း၊ ဒီအဆင့်မှာ မှတ်ချက်မပေးလိုကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ် က ပြောကြားထားပါတယ်။

လွတ်မြောက်သူတွေထဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးလည်းပါဝင်ကြောင်း ၄င်းရဲ့ရှေ့နေနဲ့ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်တို့က လူမှုကွန်ရက်မှာရေးသားထားပြီး ဦးမြအေး ပြန်လွတ်လာပြီကြားကြောင်း၊ ဒါပေမဲ့ အိမ်ကိုပြန်မရောက်သေးကြောင်းနဲ့ ညနေလောက်မှာသာ အပြင်ကိုထွက်လာနိုင်မယ်လို့သိရကြောင်း၊ အဲဒီအချိန်မှာသာ အတိအကျသိနိုင်မှာဖြစ်ကြောင်း မဝေနှင်းပွင့်သုန်က ရေးသားထားပါတယ်။

ဒါ့အပြင် ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် အလှလေးသူဇာ၊ ကိုကောင်းဆက်လင်းနဲ့ မငြိမ်းငြိမ်းအေးတို့လည်း လွတ်မြောက်စာရင်းမှာပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

ပြည်အကျဥ်းထောင်ကနေလည်း အကျဥ်းသား အကျဥ်းသူ ၃၀ ကျော် လွတ်မြောက်ဖို့ရှိတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေထံက ဘီဘီစီက စုံစမ်းသိရှိရပါတယ်။ပြည်အကျဥ်းထောင်တွင်းမှာ NLD ပြည်မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ ရွှေတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းသွင်၊ ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်တို့ ရှိနေပြီး ၄င်းတို့ ပြန်လည်လွတ်မြောက်တဲ့စာရင်းထဲပါမပါတော့မသိရသေးပါဘူး။

ပုဒ်မ ၅၀၅ က အမှုတွေကနေ ပိတ်သိမ်းလိုက်တဲ့အနုပညာရှင် ၁၁ ဦး

ဖွေးဖွေး

ဓာတ်ပုံ ရင်းမြစ်, Phway Phway facebook

YunWaddy Lwin Moe

ဓာတ်ပုံ ရင်းမြစ်, YunWaddy Facebook

Htet Htet Tun

ဓာတ်ပုံ ရင်းမြစ်, Htet Htet Tun Facebook

NiNiKhin Zaw

ဓာတ်ပုံ ရင်းမြစ်, NiNIKhinZaw facebook

Nang Khin Zayar

ဓာတ်ပုံ ရင်းမြစ်, Nang Khin Zayar facebook

သဇင်ထူးမြင့်

ဓာတ်ပုံ ရင်းမြစ်, သဇင်ထူးမြင့် ဖေ့စ်ဘွတ်

အနုပညာရှင် ၁၁ ဦးကို ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားတဲ့အမှုတွေကနေ ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ နိုဝင်ဘာ ၁၇ ရက်မှာထုတ်ပြန်လာပါတယ်။

အဲဒီလိုအမှုပိတ်သိမ်းလိုက်တဲ့အထဲ သရုပ်ဆောင် ဘုန်းသိုက်၊ ဖွေးဖွေး၊ ဟေမာန်သူသူအောင်၊ ဒါရိုက်တာ မယ်မင်းပုံ၊ အစီအစဥ်တင်ဆက်သူ ဆုမွန်၊ အဆိုတော် နီနီခင်ဇော်၊ သရုပ်ဆောင် သီဟဖြိုး၊ သရုပ်ဆောင် သဇင်ထူးမြင့်၊ မော်ဒယ် ထက်ထက်ထွန်း၊ သရုပ်ဆောင် နန်းခင်ဇေယျာနဲ့ ယွန်းဝတီလွင်မိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီလွတ်ငြိမ်းမှာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးတို့ ပါဝင်

Vicky Bowman

ဓာတ်ပုံ ရင်းမြစ်, Social Media

မစ္စတာရှောင်တာနယ်၊ ဗစ်ကီဘိုးမန်းနဲ့ ဂျပန်ဒါရိုက်တာ ကူဘိုတာလည်းပြန်လွတ်တဲ့အထဲပါဝင်တယ်လို့ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်မှာ အဂတိမှုနဲ့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးတို့ ဒီနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်စာရင်းထဲမှာပါဝင်တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ဂျပန် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာတို့ကိုလည်း ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ဆက်လက်သိရှိထားပါတယ်။

Sean Turnell

ဓာတ်ပုံ ရင်းမြစ်, Sean Turnell facebook

Toru Kubota

ဓာတ်ပုံ ရင်းမြစ်, Social Media

former NLD prime minister, Tanitharyi region

ဓာတ်ပုံ ရင်းမြစ်, Social Media

ဒေါ်လဲ့လဲ့မော်ကို အဂတိလိုက်စားမှု လေးမှုနဲ့ စုစုပေါင်း ထောင်နှစ် ၃၀ ကျခံစေဖို့ တနင်္သာတိုင်း တရားလွှတ်တော်က ၂၀၂၀ ၊ မေ ၂၂ ရက်မှာ အမိန့်ချခဲ့ပါတယ်။

ဒေါ်လဲ့လဲ့မော်ကို တရားစွဲခဲ့တဲ့ အမှုလေးမှုမှာ တစ်မှုစီကို ထောင် ၁၀ နှစ်စီ ချခဲ့တာဖြစ်ပြီး စုစုပေါင်း ထောင်နှစ် ၄၀ ဖြစ်ပေမယ့် GGS ကုမ္ပဏီနဲ့ ပတ်သက်တဲ့ နှစ်မှုမှာတော့ ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချခဲ့ပါတယ်။

ဒါကြောင့် ထောင်စုစုပေါင်း နှစ် ၃၀ ကျခံရတာဖြစ်ပြီး အမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သရက်ချောင်းက သူပိုင် နေအိမ်ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ဒါဟာ အန်အယ်လ်ဒီအစိုးရလက်ထက် အဂတိမှုနဲ့ ထောင်ချခံရတဲ့ အစိုးရအရာရှိတွေထဲ အဆင့်အမြင့်ဆုံး ရာထူးရှိသူ အရေးယူခံရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

အခုလို ၄င်းတို့ ပြန်လည်လွတ်မြောက်လာတယ်ဆိုတဲ့ သတင်းကိုထပ်မံအတည်ပြုနိုင်ဖို့လည်း ဘီဘီစီက နီးစပ်သူတွေထံ ဆက်လက်မေးမြန်းနေပါတယ်။

Insein Prison

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အင်းစိန်ထောင်ရှေ့ နိုဝင်ဘာ ၁၇ ရက် နေ့မနက်ပိုင်း မြင်ကွင်း

နိုင်ငံခြားသား လေးဦးကို နိုင်ငံချင်းသံတမန်ဆက်ဆံရေးကိုရှေ့ရှူပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေး

သြစတြေးလျနိုင်ငံသား ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ဂျပန် ဒါရိုက်တာ တိုရူကူဘိုတာပါဝင်နိုင်ဖွယ်ရှိ

ပုဒ်မ ၅၀၅- ကနဲ့ စွဲဆိုထားတဲ့အနုပညာရှင် ၁၁ ဦးကိုအမှုပိတ်သိမ်းပေး

စစ်ကောင်စီက အကျဥ်းသား ၆၀၀၀ နီးပါးကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ နိုဝင်ဘာ ၁၇ ရက်မှာကြေညာလိုက်ပါတယ်။ ဒီကနေ့မှာ ကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လွတ်ငြိမ်းသက်သာခွင့် တွေကိုကြေညာခဲ့တာဖြစ်ပါတယ်။

အကျဥ်းသားအမျိုးသားအမျိုးသမီး စုစုပေါင်း ၅,၇၇၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး အကျဥ်းထောင်အသီးသီးမှာ အကျဥ်းကျနေတဲ့ အကျဥ်းသား ၃၁ ဦးကိုလည်း လူမှုရေးအရရော ငဲ့ညှာတဲ့အနေနဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ နောက်တစ်ကြိမ် ပြစ်ဒဏ် ကျူးလွန်ပါက လက်ရှိပြစ်ဒဏ်ကိုပါထပ်မံကျခံရမယ်ဆိုတဲ့အချက်နဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့လည်းပါဝင်ပါတယ်။

ဒါ့အပြင် ၅၀၅ -က နဲ့ တရားစွဲဆိုထားတဲ့အနုပညာရှင် ၁၁ ဦးကို အမှုတွေ ပိတ်သိမ်းလိုက်တယ်လို့လည်းပါရှိပါတယ်။

အဲဒီနောက် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသား ၂ ဦးကိုလည်း လူမှုရေးကိုငဲ့ညှာတဲ့အနေနဲ့ နောက်တစ်ကြိမ်ကျူးလွန်ပါက ကျခံရန်ကျန်ရှိတဲ့ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့အချက်နဲ့ ပြစ်ဒဏ်ကလွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားသား လေးဦးလုံးကိုလည်း နိုင်ငံချင်း သံမတန်ဆက်ဆံရေးကိုထောက်ရှုပြီး ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေထဲ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခြင်းရှိမရှိကို ဘီဘီစီက ဆက်လက်စုံစမ်းနေပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပြီးအကျဥ်းချထားတဲ့ နိုင်ငံခြားသား ၃ ဦးရှိနေပြီး သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်၊ ဂျပန် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တိုရူကူဘိုတာ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းတို့ဖြစ်ကာ သူတို့သုံးဦးလုံးဟာအင်းစိန်အကျဥ်းထောင်ထဲမှာရှိနေပါတယ်။

အခု စစ်ကောင်စီကြေညာချက်အရဒီသုံးဦးလုံးပြန်လည်လွတ်မြောက်လာဖွယ်ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၀၁၅) ဦးရှိပြီး ၁၆၄၈ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖော်ပြထားပါတယ်။