မေ ၃၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - မြန်မာ့ကြွေးမြီ ကျပ် ဘီလျံ ခုနှစ်သောင်းကျော်ရှိ

ဓာတ်ပုံ ရင်းမြစ်, cincds
မြန်မာနိုင်ငံမှာ ကြွေးမြီ ကျပ် ဘီလျံ ခုနှစ်သောင်းကျော်အထိရှိတယ်လို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ရဲ့ငွေစာရင်းဆိုင်ရာအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ပြည်တွင်းကြွေးမြီက ဘီလျံ ငါးသောင်းနီးပါးရှိပြီး ပြည်ပကြွေးမြီက ဘီလျံ နှစ်သောင်းကျော်ရှိနေတာပါ။
အရပ်သားအစိုးရနောက်ဆုံးနှစ်မှာ ကြွေးမြီ ကျပ် ၅၈၂၅၆ ဘီလျံ ရှိခဲ့တဲ့အတွက် အာဏာသိမ်းပြီးတဲ့နောက်တင်တဲ့အကြွေးက ဘီလျံ ၁၂၁၇၈ အထိ ရှိလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က အစိုးရအသုံးစရိတ်တောင် စုစုပေါင်း ဘီလျံ လေးသောင်းကျော်ရှိခဲ့တာကြောင့် မြန်မာ့ကြွေးမြီအခြေအနေဟာ နှစ်နှစ်စာအစိုးရအသုံးစရိတ်နီးပါး ဖြစ်နေတာပါ။
ကြွေးမြီဆိုင်ရာမူဝါဒအနေနဲ့ ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ကျပ် ၉၆၀၀ ဘီလျံထက်ပိုမချေးရဘူးလို့ မူ၀ါဒချမှတ်ထားပါတယ်။
မြန်မာ့ကြွေးမြီပမာဏဟာ ငလျင်မတိုင်ခင်က အခြေအနေဖြစ်လို့ ငလျင်ကြောင့် ကျပ်ဘီလျံလေးထောင်နီးပါး ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် အကြွေးပိုတက်လာနိုင်တယ်လို့ဘဏ္ဍာရေးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
ထိုင်းမိုးပျံတံတားစီမံကိန်းမှာ သေဆုံးတဲ့ မြန်မာအလုပ်သမား ၄ ယောက်အတွက် ဘတ် တစ်သန်းစီနစ်နာကြေးရ

ဓာတ်ပုံ ရင်းမြစ်, အလုပ်သမား သံအရာရှိရုံး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အထွက်က အမြန်လမ်း မိုးပျံတံတား ကရိန်းသံဘောင်ပြိုကျမှုကြောင့် သေဆုံးသွားတဲ့ မြန်မာအလုပ်သမား ၄ ယောက်အတွက် တစ်ယောက်ကို ဘတ် တစ်သန်းစီ နစ်နာကြေးရတယ်လို့ အလုပ်သမား သံအရာရှိရုံးက သတင်းထုတ်ပြန်ပါတယ်။
စမွတ်စခွန်ခရိုင်၊ ဖလမ်းဆောင်လမ်းမကြီး (Rama-2) လမ်းပေါ်က ၂၁ မိုင်ရှိတဲ့ အမြန်လမ်း မိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်မှာ မနှစ် နိုဝင်ဘာ ၂၉ ရက်က ကွန်ကရစ်ဘလောက်တုံးတွေ တပ်ဆင်နေချိန် ကရိန်းသံဘောင် ပြိုကျတာကြောင့် သေဆုံးကြတာပါ။
မြန်မာအလုပ်သမား လေးယောက်သေဆုံးမှုအတွက် သက်ဆိုင်ရာ ကုမ္ပဏီ၊ မြန်မာအလုပ်သမား သံအရာရှိ၊ မြန်မာသံရုံး မိတ်ဆွေအဖွဲ့တွေကြား ညှိနှိုင်းမှု လုပ်ခဲ့တာလို့ ဆိုပါတယ်။ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ လူသားချင်းစာနာထောက်ထားမှုအရ သေဆုံးနစ်နာမှု စေတနာကြေးငွေ တစ်ယောက်ကို ဘတ် တစ်သန်းစီနဲ့ ဘတ် လေးသန်းကို သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေရဲ့ မိသားစုဝင်ဆီ မနေ့ကပေးအပ်ခဲ့ပါတယ်။
ထိုင်းဘက်ထွက်ပြေးတဲ့ မြန်မာစစ်သား အယောက်တစ်ရာကျော်ပြန်လွှဲ

ဓာတ်ပုံ ရင်းမြစ်, Ye Min - AAC
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်း-မြန်မာနယ်စပ်က ကရင်အမျိုးသားအစည်းအရုံး-KNU နဲ့ တိုက်ပွဲတွေအတွင်း ထိုင်းဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို နယ်ခြားစောင့်တပ် BGF ကနေတဆင့် ထိုင်းစစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းကပြန်လွှဲပေးခဲ့တယ်လို့ ဘီဘီစီရဲ့စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ကော့ကရိတ်မြို့နယ်မှာ မေ ၂၃ ရက် ဘလယ်ဒိုစခမ်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ ၆၃ ယောက်၊ မေ ၂၈ ရက်က မြဝတီမြို့နယ် ထဲက ဆုံဆည်းမြိုင် စခန်းသိမ်းတိုက်ပွဲက ၃၃ ယောက်၊ ကနဲလေး စခန်းသိမ်းတိုက်ပွဲက အယောက် ၄၀ ဝန်းကျင် က ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့တာလို့ သိရပါတယ်။
သူတို့တွေကို ထိုင်းစစ်တပ်ကနေ ထိန်းသိမ်းခဲ့ပြီး နယ်ခြားစောင့်တပ် BGF ကနေတဆင့် ချိတ်ဆက်လွှဲပြောင်းပေးခဲ့တာလို့ အတွင်းသတင်းတွေကို သိရှိထားတဲ့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
"ချစ်ကြည်ရေးတံတားဘက်ကနေပဲ ညဘက်မှာ ပြန်လွှဲတယ်လို့ သိထားရတယ်။ ကျွန်တော် သိထားသလောက်ဆိုရင် မေ ၂၃ ရက်ကနေ မေ ၃၀ အထိ ထိုင်းစစ်တပ်ဘက်ကို လက်နက်ချပြီး ခိုလှုံတာ နှစ်ရာကျော်ရှိနေတယ်"လို့ ပြောပါတယ်။
ပြန်လွှဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်နဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြား အတည်မပြုနိုင်သေးပါဘူး။
မြန်မာစစ်သားတွေကို ထိုင်းစစ်တပ်က ပြန်လွှဲပြောင်းတာနဲ့ ပတ်သက်လို့ BGF က တာဝန်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်ကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။
တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ မြန်မာစစ်သား ၆၀ ကျော်ရှိပြီး အဲဒီထဲက ဒဏ်ရာရသူ ၁၁ ယောက်ရှိတယ်လို့ ထိုင်းသတင်းဌာန Khaosod English က မေ ၂၄ ရက်မှာ ရေးသားခဲ့ပါတယ်။
လက်ရှိအချိန်ထိလည်း မြန်မာ- ထိုင်းနယ်စပ်က စစ်ကောင်စီစခန်းတွေကို KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ကနဲလေး ကာကင်းစခန်းကိုလည်း မတ် ၂၈ ရက် ည ၈ နာရီဝန်းကျင်မှာ သိမ်းပိုက်ရရှိတယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Force for Federal Democracy - FFD က သတင်းထုတ်ပြန်ထားပါတယ်။
မဟာချိုင်မှာ ရထားကြိတ်ခံရလို့ မြန်မာအမျိုးသမီးတစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, စမွတ်ဆခွန်ခရိုင် ထိုင်းရဲတပ်ဖွဲ့
မြန်မာလုပ်သားအများအပြားရှိတဲ့ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ ဒီနေ့ မနက်ပိုင်းက မြန်မာအလုပ်သမား အမျိုးသမီးတစ်ယောက် ရထားကြိတ်ခံရပြီး သေဆုံးသွားပါတယ်။
မြန်မာအလုပ်သမား ငါးယောက်ကို တင်ဆောင်လာတဲ့ ကားတစ်စီးဟာ ရထားလမ်းကို ဖြတ်သန်းချိန်ရထားလာခိုက်နဲ့ဆုံပြီး အလုပ်သမားတွေ ခုန်ချခဲ့ကြတာဖြစ်ပါတယ်။
အဲဒီထဲကမြန်မာအမျိုးသမီးက ရထားလမ်းပေါ်ကန့်လန့်လဲမိရက်သား ဖြစ်သွားပြီး ရထားကြိတ်ခံလိုက်ရတာကို အလုပ်သမားဟစ်တိုင်သတင်းဌာနက တင်ထားတဲ့ စီစီတီဗွီမှတ်တမ်းကနေ တွေ့ရပါတယ်။
လူကြိတ်မိသွားတာကြောင့် ရထားက ချက်ချင်းရပ်တန့်သွားပါတယ်။
စမွတ်ဆာခွန်ခရိုင် ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာတော့ မေ ၃၁ ရက် မနက် ၈ နာရီခွဲမှာ မဟာချိုင်ဘူတာကို ဆိုက်ရောက်မယ့် ရထားကြိတ်မိတာကြောင့် အသက် ၂၈ နှစ်အရွယ် မဖြူဖြူ သေဆုံးသွားတယ်လို့ ပါရှိပါတယ်။
ရထားလမ်းကို မြို့အဝင်တွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာသာ အကာအရံထားကြပြီး ရပ်ကွက်တွေထဲ ဖြတ်သန်းတဲ့ နေရာအများစုမှာတော့ ရထားလာချိန် ဖြတ်သန်းလို့မရအောင် အကာအရံ မထားကြဘူးလို့လည်း ထိုင်းရောက် မြန်မာအလုပ်သမားတစ်ယောက်က ပြောပါတယ်။
ဒါ့ကြောင့်လည်း မကြာခဏ ရထားနဲ့ဆိုင်ကယ်တိုက်တာ၊ လူကြိတ်မိတာတွေ ဖြစ်တတ်တယ်လို့လည်း သိရပါတယ်။
စမွတ်ဆာခွန်ခရိုင် ရဲတပ်ဖွဲ့ကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ ကုန်းကျော်ဖြတ်လမ်း တည်ဆောက်ဖို့ ကြိုးပမ်းနေသလို ရထားလမ်းကူးနေရာတွေမှာ လုံခြုံရေး အကာအရံတွေ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မတော်တဆ ဖြစ်ပြီး သေဆုံးသွားရသူအတွက်လည်း CCTV မှတ်တမ်းတွေကို စစ်ဆေးနေပြီး ရထားလမ်းကူးချိန်မှာ သတိထားကြဖို့ကိုလည်း ထိုင်းရဲတပ်ဖွဲ့က အသိပေးထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ 'ဝ' တပ်ဖွဲ့ စစ်ရေးပြ

ဓာတ်ပုံ ရင်းမြစ်, Wa News Land
ထိုင်း- မြန်မာနယ်စပ်က 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်- UWSA ထိန်းချုပ်နယ်မြေမှာ တပ်သားသစ်တွေရဲ့ စစ်ရေးပြ အခမ်းအနားကို ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းသပ်ဆင်က ဝ' တပ်ဖွဲ့ကို မူးယစ်ဆေးကိစ္စနဲ့ပြင်းပြင်းထန်ထန်ပြောဆိုနေချိန်မှာ အခုလိုစစ်ရေးပြတာဖြစ်ပါတယ်။
ဝတောင်ပိုင်းလို့ခေါ်ကြတဲ့ ၁၇၁ စစ်ဒေသမှာလုပ်တဲ့ အဲဒီအခမ်းအနားမှာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြသလို စစ်သုံးလက်နက်အမျိုးအစားအလိုက် ထုတ်ဖော်ပြသတာတွေလည်း လုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် အမျိုးသား/အမျိုးသမီးတွေပါတဲ့ တိုက်ခိုက်ရေးဆိုင်ရာ တိုက်ကွက်ဖော်ဆောင်တာနဲ့ သိုင်းကွက်ပြ တိုက်ခိုက်တာတွေ အပါအဝင် လက်ရုံးရည်တိုက်ခိုက်တာတွေကို ပါဝင်သရုပ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
'ဝ' တောင်ပိုင်း ၁၇၁ စစ်ဒေသမှာ တပ်မဟာ ၇၇၈ က ဗိုလ်လောင်းအယောက် ၂၀၀ ကျော်အပြင် တပ်သားသစ်တွေပါတဲ့ သင်တန်းဆင်းပွဲကို အခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာ ကျင်းပခဲ့ပါတယ်။
'ဝ' ထိန်းချုပ်နယ်မြေရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ တပ်သားသစ် နှစ်ထောက်စီ ကောက်ခံဖို့ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ တပ်သားသစ် သင်တန်းဆင်းပွဲကျင်းပခဲ့သလို မတ် ၉ ရက်တုန်းကလည်း မြောက်ပိုင်း အခြေစိုက် တပ်မဟာ ၃၁၈ က ကချင်၊ လားဟူ၊ ရှမ်း၊ 'ဝ'၊ အာခါ၊ လီဆူ တို့ပါဝင်တဲ့ စစ်သင်တန်းဆင်းပွဲကိုလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်မှာ အခြေစိုက်တဲ့ ၁၇၁ စစ်ဒေသက 'ဝ' တပ်စခန်း ၉ ခုကို ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ ထိုင်းအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း ထိုင်းနိုင်ငံဘက်က အင်အားတွေ တိုးမြှင့်ထားကြပြီး နှစ်ဘက်အခြေအနေတွေကို ဖြေရှင်းလို့ မပြီးကြသေးပါဘူး။
ငလျင်သင့် အဆောက်အဦဖြိုရင်းပြိုကျလို့ နှစ်ယောက် ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၆ နဲ့ ၈၇ လမ်းကြားက ငလျင်ဒဏ်သင့် အဆောက်အဦတစ်လုံးကို မေ ၃၀ ရက်က ဖြိုဖျက်ချိန်မှာ ကြမ်းခင်းပြိုကျလို့ အမျိုးသား နှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီးကော်မတီ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
ငလျင်ဒဏ်ထိထားတဲ့ နှစ်ထပ်တိုက်ကို အိမ်ရှင်က အလုပ်သမားငှားပြီး ပြန်ဖြိုကြတာကနေ စလပ်ပြင်ပြိုကျလို့ ခြေထောက်မှာ ထိခိုက်ပြီး မစိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိကြတာပါ။
ဒဏ်ရာရသူ နှစ်ယောက်ကို လူနာတင်ကားနဲ့ ခေါ်ယူပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ခဲ့တယ်လို့ သိရပါတယ်။
ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ စစ်ကိုင်းမြို့မှာလည်း ပြီးခဲ့တဲ့ မေ ၁၈ ရက်က မင်းလမ်းရပ်ကွက်ထဲက ငလျင်ဒဏ်သင့် နေအိမ်တစ်လုံးကို ဖြိုချနေချိန် ကွန်ကရိပြင်ပြိုကျလို့ ပရဟိတ လူငယ်တစ်ယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ပြိုကျလုနီးပါး အဆောက်အဦတွေဟာ နှစ်လကျော်ကြာတဲ့အထိ ကျန်နေသေးပြီး အိမ်ရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြိုချဖို့ ကြိုးစားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုက လူဦးရေ ငါးသိန်းကျော် ငလျင်ဒဏ်ဘေးသင့်ခဲ့သလို သေဆုံးသူ ၃,၇၃၉ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၆၈ ယောက်ရှိနေတယ်လို့ စစ်ကောင်စီက မေ ၂၉ မှာ ထုတ်ပြောထားပါတယ်။
ဒါ့အပြင် နေအိမ်ပေါင်း ငါးသောင်းကျော် အပါအဝင် ထိခိုက်ပျက်စီး၊ ဆုံးရှုံးမှုပေါင်း ၃၈၀၄ ဒသမ ၅၄၉ ဘီလျံ ရှိတယ်လို့လည်း သိရပါတယ်။
ငလျင်ဒဏ်သင့် ဒေသက ရင်းနှီးမြှုပ်နှံမှုတွေအတွက် ငွေကျပ် ဘီလျံ ၇၀၀ ထုတ်ချေးဖို့လျာထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးဆောင်ရွက်ဖို့ ငလျင်ဒဏ်သင့် ဒေသတွေက ရင်းနှီးမြှုပ်နှံမှုတွေအတွက် ငွေကျပ်ဘီလျံ ၇၀၀ ထုတ်ချေးပေးဖို့ လျာထားတယ်လို့ စစ်ခေါင်းဆောင်က ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။
ငလျင်နဲ့ပတ်သက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု ငွေကြေးတွေ လိုအပ်မှာ ဖြစ်တဲ့အတွက် ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းပြီး ချေးငွေတွေ ဆောင်ရွက်ပေးနိုင်ဖို့ တင်ပြတာတွေ ရှိတယ်လို့လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အတိုးနှုန်းတွက်တဲ့အခါမှာလည်း Developing နဲ့ Commercial ခွဲခြားရမှာဖြစ်ပြီး Developing လုပ်ငန်းတွေအတွက် အတိုးနှုန်း သက်သက်သာသာ ဆောင်ရွက်ဖို့ လိုသလို Commercial အတိုးနှုန်းကလည်း ငလျင်သင့်ဒေသနဲ့ တခြားဒေသ အတိုးနှုန်း ခွဲခြားထားမယ်လို့လည်း ဆိုပါတယ်။
ဒါ့ကြောင့် အတိုးနှုန်း သက်သက်သာသာ ဖြစ်အောင် တာဝန်ရှိသူတွေ၊ အတွေ့အကြုံရှိသူတွေက ဆွေးနွေးဆောင်ရွက်သွားဖို့ကိုလည်း ထည့်သွင်းပြောခဲ့ပါတယ်။
စစ်ကိုင်း၊မန္တလေး၊ အမရပူရစတဲ့ ဒေသတွေမှာတော့ ချည်နဲ့ချည်ထည်ထုတ်လုပ်တဲ့ ယက်ကန်း လုပ်ငန်း၊ စားသောက်ကုန်နဲ့ မုန့်မျိုးစုံလုပ်ငန်း၊ ရိုးရာ ကျောက်ဆစ်လုပ်ငန်း၊ ကြေးနဲ့ ငွေထည်လုပ်ငန်းစတဲ့ MSME လုပ်ငန်းတွေ အများဆုံး လုပ်ကိုင်ကြတာဖြစ်ပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၆ သိန်းကျော် ငလျင်ဘေးသင့်ခဲ့ပြီး အဆောက်အအုံပေါင်း ၆ သောင်းကျော်လည်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ငလျင်ကြောင်း စီးပွားရေးလုပ်ငန်းတွေအပါအဝင် ကဏ္ဍအစုံရဲ့ ပျက်စီးဆုံးရှုံးမှုပမာဏက ကျပ်ဘီလျံ ၃၆၂၉ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီရဲ့ လက်ထဲမှာ လက်ကျန်ငွေ ကျပ် ၂၂၆ ဘီလျံခန့်ရှိပြီး ဒီငွေတွေကို အသုံးချနိုင်ဖို့အတွက်လည်း ထုတ်ပေးချင်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောထားပါတယ်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဆိုတာဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေကနေ စစ်ကောင်စီက လွှဲပြောင်းယူထားတာ ဖြစ်ပါတယ်။








