ဒီဇင်ဘာ ၈ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်- မောင်တောက စစ်တပ်လက်ကျန်စခန်း နခခ ၅ ကို သိမ်းလိုက်ပြီလို့ အေအေပြော

ဓာတ်ပုံ ရင်းမြစ်, AA
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ့ (နခခ-၅) ကို ဒီကနေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် (အေအေ) က သတင်းထုတ်ပြန်လာပါတယ်။
နခခ-၅ ကနေ ထွက်ပြေးသွားတဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ ROS၊ ARSA ARA တပ်တွေနဲ့ နခခ-၅ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်ဖြစ်ပွားနေတယ်လို့လည်း အေအေ ကပြော ပါတယ်။
အဲဒီအဖွဲ့တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က နတ်မြစ်ထဲကို စက်လှေတွေနဲ့ ထွက်ပြေးနေတာကြောင့် နတ်မြစ်အတွင်း ရေကြောင်းသွားလာတာတွေကို ဒီဇင်ဘာ ၈ ညနေ ၃ နာရီခွဲကနေစပြီး အကန့်အသတ်မရှိ ရပ်နားထာမယ်လို့လည်း အေအေက ပြောပါတယ်။
နခခ-၅ ရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ဖက်က တစုံတရာထုတ်ပြန်တာမျိုး မရှိသေးသလို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုချက်ရယူဖို့ ကြိုးစားနေပါတယ်။
မနေ့ကလည်း ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုသာ သိမ်းဖို့ကျန်တော့ပြီး အမ်းတမြို့လုံးက စစ်တပ်ရဲ့ တပ်ရင်းတွေအပါအဝင် စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားတယ်လို့ အေအေကထုတ်ပြန်ထားပါတယ်။
အမ်းအခြေစိုက် စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း၊ထောက်ပို့တပ် နဲ့ ဆက်သွယ်ရေးတပ်တွေအပါအဝင် အမ်း လေဆိပ်နဲ့ အစိုးရရုံးတွေမှာ အထိုင်ချထားတဲ့ တပ်စခန်းပေါင်း ၃၀ ကျော်ပါဝင်တယ်လို့ဆိုပါတယ်။
'ဝ' နဲ့ ကိုးကန့်တို့ အပြန်အလှန် ကုန်စည်တင်သွင်းခွင့်ပိတ်လို့ ဒေသခံတွေ ခက်ခဲ

ဓာတ်ပုံ ရင်းမြစ်, Wa News Land
တရုတ် - မြန်မာ နယ်စပ်အနီးမှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA)နဲ့ လောက်ကိုင်မြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်(MNDAA) တို့ ကုန်စည်တင်သွင်းခွင့် အပြန်အလှန် ပိတ်ထားတာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံက နယ်စပ်ဂိတ်တွေ ပိတ်ထားချိန်မှာပဲ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ဟာ သူတို့ထိန်းချုပ်ထားတဲ့ ဟိုပန်ဖောင်ဆိပ်ဂိတ်ကို ကိုးကန့်တပ် (MNDAA)တွေ ထိန်းချုပ်ရာဒေသထဲကို နိုဝင်ဘာလကုန်ပိုင်းစပြီး ကုန်စည်တင်သွင်းတာတွေ ပိတ်ပင်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီနောက်ပိုင်းမှာတော့ ကိုးကန့်တပ်ကလည်း 'ဝ' တပ်ဖွဲ့ထိန်းချုပ်ရာဒေသဘက်ကို ကုန်စည် တင်သွင်းခွင့်ပြန်ပိတ်ခဲ့တာလို့ ဝပြည်အခြေစိုက် သတင်းမီဒီယာတွေက ရေးသားကြပါတယ်။
နှစ်ဘက်အပြန်အလှန် ကုန်စည်တင်သွင်းခွင့်ပိတ်တာကြောင့် ဒေသခံတွေစားဝတ်နေရေးခက်ခဲ နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
MNDAA တပ်ဖွဲ့ဝင်တွေကတော့ မကြာသေးခင်ရက်ပိုင်းကပဲ ရောက်ရာ နေရာကနေ အပစ်ရပ်ပြီး တရုတ်အကူအညီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
MNDAA တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မြန်မာစစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို သိမ်းထားပြီးနောက်ပိုင်း တရုတ်နဲ့ဆက်ဆံရေး တင်းမာလာခဲ့တာဖြစ်ပါတယ်။
MNDAA လားရှိုးမြို့ကိုသိမ်းပိုက်ပြီးချိန်တုန်းကတော့ ဝ တပ်ဖွဲ့ဟာ လားရှိုးမြို့ထဲကို လှည့်လည်သွား လာခဲ့တာမျိုးလည်းရှိခဲ့ပြီး သံလွင်မြစ်အရှေ့ဘက်ခြမ်းကို ကျော်ကာ တန့်ယန်းအထိ ဝင်ရောက် အခြေချတာတွေ ရှိခဲ့ပါတယ်။
MNDAA နဲ့ မြောက်ပိုင်းမဟာမိတ်ဖွဲ့ထားတဲ့ TNLA ကလည်း အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်ဟာ ရှမ်းမြောက်ဒေသက တရုတ် - မြန်မာ နယ်စပ်ဂိတ် ၅ ခုဖြစ်တဲ့ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်းဂိတ်တွေကို လက်လွှတ် ဆုံးရှုံးထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း နဲ့ ဝ တပ်ဖွဲ့ (UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ''ပူအယ်အစည်းအဝေးမှတ်တမ်း'' ပေါက်ကြားခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှတ်တမ်းထဲမှာ ကိုးကန့်တပ်နဲ့ တအာင်းတပ်(TNLA)တို့ ထိန်းချုပ်ရာဒေသထဲကိုသွားတဲ့လက်နက်နဲ့ ကုန်စည်စီးဆင်းတဲ့လမ်းကြောင်းတွေ အားလုံးကို ဖြတ်တောက်ဖို့ တရုတ်ကိုယ်စားလှယ်တွေက 'ဝ' ခေါင်းဆောင်တွေကို တိုက်တွန်းထားတာ တွေ့ရပါတယ်။
နိုင်ငံတကာပါလီမန်များ ညီလာခံကို CRPH တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, CRPH
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ထိုင်းလွှတ်တော်မှာ ဒီဇင်ဘာလ ၂ ရက်နေ့က ၃ ရက်အထိ ကျင်းပခဲ့တဲ့ နိုင်ငံတကာပါလီမန်များဒေသတွင်းညီလာခံကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီညီလာခံကို နိုင်ငံတကာပါလီမန်များအဖွဲ့၊ ထိုင်းလွှတ်တော်နဲ့ ကမ္ဘာ့ကျန်းမာရေး (WHO) အဖွဲ့တို့က ပူးတွဲကျင်းပခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)က CRPH ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ပြီး CRPH အတွင်းရေးမှူး ဦးထွန်းမြင့် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းလွှတ်တော်က ဦးဆောင်လုပ်ခဲ့ ၂ ရက်တာညီလာခံအတွင်း ကိုဗစ်ကပ်ရောဂါကာလအလွန် ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးအခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာ ပါလီမန်များအဖွဲ့ က ထုတ်ပြန်ပါတယ်။
အဲဒီညီလာခံကို ထိုင်းလွှတ်တော်နှစ်ရပ်လုံးက ဥက္ကဋ္ဌ တွေနဲ့ လွှတ်တော် ကော်မတီဝင်တွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာပါလီမန်များအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ နိုင်ငံတကာ ပါလီမန်များအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
အိန္ဒိယက မြန်မာကို ဆန်တန်ချိန် ၂ ထောင်ကျော် ကူညီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံက လူသားချင်းစာနာထောက်ထားမှုအကူအညီအနေနဲ့ ဆန်တန်ချိန် ၂,၂၀၀ ကို မနေ့က မြန်မာနိုင်ငံကို ပေးပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကထုတ်ပြန်ပါတယ်။
အဲဒီ ဆန်တန်ချိန် ၂ ထောင်ကျော်တင်ထားတဲ့ သင်္ဘောဟာ ချန်နိုင်း ဆိပ်ကမ်းကနေ ထွက်ခွာသွားပြီးလို့လည်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက နယူးဒေလီအခြေစိုက်မီဒီယာတွေကို ပြောထားပါတယ်။
"လမ်းကြောင်းပေါ်က အိန္ဒိယ အရှေ့ဖျားမူဝါဒ" နဲ့ "အိမ်နီးချင်းသည် ပထမ" မူဝါဒတွေအရ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီပေးခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
အိန္ဒိယဟာ မြန်မာစစ်ကောင်စီက လုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နည်းပညာအကူအညီပေး မယ်လို့ ပြောထားတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
ဒါအပြင် မြန်မာစစ်တပ်ရဲ့ ပထမဆုံးသော ရေငုပ်သင်္ဘောနဲ့ နည်းပညာတွေကို အိန္ဒိယက ပေးခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ် ပြည်နယ်ကနေ ရခိုင်ပြည်နယ် မြို့တော် စစ်တွေ ဆိပ်ကမ်းအထိ ချင်းပြည်နယ်၊ ပလက်ဝကို ဖြတ်ပြီး ကုန်းလမ်း၊ ရေလမ်း ကုန်သွယ်ရေးလမ်းကြောင်းတွေပါဝင်တဲ့ ကုလားတန်စီမံကိန်းကြီးကို မြန်မာမှာ အကောင်အထည်ဖော်နေပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခ တပ်တော်(အေအေ)နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကုလားတန်စီမံကိန်းကြီးကို ရှေ့မဆက်နိုင်သေးတဲ့ အခြေအနေဖြစ်နေတယ်လို့ အကဲခတ်တွေက ထောက်ပြထားကြပါတယ်။
၂၀၂၅ ရွေးကောက်ပွဲကို နိုင်ငံတကာကို စောင့်ကြည့်လေ့လာခွင့်ပေးမယ်လို့ ရွေးကော်ဥက္ကဋ္ဌပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စောင့်ကြည့် လေ့လာခွင့် ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။
၂၀၁၅ ခုနှစ်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပုံစံအတိုင်း လေ့လာစောင့်ကြည့်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဒီဇင်ဘာ ၇ ရက်က နေပြည်တော်မှာ တွေ့ဆုံချိန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲကို ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ထောက်ခံထားပြီး၊ ရုရှား၊ အိန္ဒိယနဲ့ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့က နည်းပညာအကူအညီပေးမယ်လို့ ထုတ်ပြောထားချိန်မှာ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ ပြောလာတာဖြစ်ပါတယ်။
အခုခွင့်ပြုမယ့်အထဲမှာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်တွေကိုစောင့်ကြည့်လေ့လာတာ၊ မဲလက်မှတ်တွေကို ရိုက်နှိပ်တာကို စောင့်ကြည့်လေ့လာတာ၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွေကို စစ်ဆေးတာနဲ့ ဆုံးဖြတ်တာတွေကို စောင့်ကြည့်လေ့လာတာတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။
ဦးကိုကိုကတော့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြည်တွင်း၊ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တွေကို လေ့လာခွင့်ပဲပေးခဲ့ပြီး စောင့်ကြည့်ခွင့်မပြုခဲ့ဘူးလို့ သူက စွပ်စွဲပြောဆိုပြီး ၂၀၂၅ ရွေးကောက်ပွဲကို လေ့လာခွင့်ရော၊ စောင့်ကြည့်ခွင့်ပါပေးမယ်လို့ ပြောပါတယ်။
အဲဒီတွေ့ဆုံပွဲကို မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီ ၅၃ ပါတီက ဥက္ကဋ္ဌတွေနဲ့ ခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။
ဒီတွေ့ဆုံပွဲ မတိုင်ခင်တုန်းကတော့ ပါတီတွေဟာ အခုတွေ့ဆုံပွဲ မတိုင်ခင်တုန်းကတော့ နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့လည်း တွေ့ဆုံထားပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ဖို့ သင့်တဲ့သုံးသပ်ချက်တွေကို ပြဋ္ဌာန်းချက်တွေကို ဆွေးနွေးထားတယ်လို့ သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဟာ မဲအများစု အနိုင်ရခဲ့ပေမဲ့ မဲမသမာမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။
ကိုရီးယားနဲ့ မြန်မာအရေးလေ့လာသူ သက်တော်ရှည်ပါမောက္ခ ဒေးဗစ်စတိုင်းဘတ် ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, ဆာဆာကာဝါ ဖောင်ဒေးရှင်း
မြန်မာ့ရေးရာ လေ့လာသူပါမောက္ခတွေထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဒေးဗစ် အိုင်ဇက် စတိုင်းဘတ် အမေရိကန်မှာ ဒီဇင်ဘာလ ၅ ရက်နေ့က အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ဒေးဗစ်စတိုင်းဘတ်ဟာ ၀ါရှင်တန်ဒီစီက သံတမန်လောင်းတွေကို လေ့ကျင့်ပေးတဲ့ ဂျော့တောင်းတက္ကသိုလ်က အာရှလေ့လာရေးပါမောက္ခဖြစ်သလို ၀ါရင့် သံတမန်အရာရှိတဦးလည်း ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ ထိတွေ့ဆက်ဆံခဲ့မှုက အနှစ် ၆၀ ကျော် ကြာမြင့်ခဲ့တဲ့ ပါမောက္ခကြီးဟာ ဒီနိုင်ငံကို စစ်တပ်အမြင် အတိုက်အခံအမြင်တွေဘက်က မကြည့်ဘဲ သုံးသပ်တတ်သူဖြစ်လို့ သူ့မှာ အပေါင်းအသင်းမိတ်ဆွေနည်းတတ်သူလည်း ဖြစ်ကြောင်း စင်္ကာပူအမျိုးသားတက္ကသိုလ်က လူမှုသိပ္ပံနဲ့ မနုဿဗေဒ တွဲဖက်ပါမောက္ခ အဲလိယတ် ပရက်စ်ဖရီးမန်းက သူကွယ်လွန်ချိန်မှာ မြန်မာရေးရာ လေ့လာရေးအုပ်စု ၀က်ဆိုက်မှာ အမှတ်တရ ရေးခဲ့ပါတယ်။
ဒေါက်တာစတိုင်းဘတ်ဟာ မြန်မာရေးရာ ကျွမ်းကျင်သူသာမက ကိုရီးယားနဲ့ အရှေ့တောင်အာရှ လေ့လာမှုမှာလည်း ထင်ရှားသူ ဖြစ်ပြီး စာအုပ်စာတမ်းတွေ ရေးသားခဲ့ပါတယ်။ လူအများ နားလည်ဖို့ လူတိုင်းသိဖို့လိုတဲ့ မြန်မာပြည်အကြောင်းလို စာအုပ်မျိုးကနေ ရှားပါး အထောက်အထားတွေကို သုံးပြီး ခေတ်သစ် တရုတ်-မြန်မာ ဆက်ဆံရေး၊ အပြန်အလှန် မှီခိုမှု အကျပ်အတည်းများ လို စာအုပ်မျိုးကို ရေးတတ်သူလည်း ဖြစ်ပါတယ်။
မြန်မာပြည်ကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တဲ့ ၁၉၉၀ ပြည့်လွန် နှောင်းပိုင်းတွေမှာတော့ ဒီပိတ်ဆို့မှုတွေကို ဆန့်ကျင်တဲ့ ပညာရှင်အဖြစ် ဒေါက်တာစတိုင်းဘတ် ရပ်တည်ခဲ့ပါတယ်။ ဒီရပ်တည်ချက်ကြောင့် သူ့ကို အမြင်မကြည်သူတွေ ရှိပေမယ့် သူ့ရဲ့ မြန်မာ့ရေးရာ သုံးသပ်ချက်တွေကို လေ့လာဖတ်ရှုသူတွေ ဆက်ရှိခဲ့ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းအထိ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ သူ တက်ကြွစွာ ပါ၀င်ခဲ့ပါတယ်။
မြန်မာ့အရေးသုံးသပ်ဆွေးနွေးမှုတွေအတွက် ဘီဘီစီနဲ့ မေးမြန်းခန်းအစီအစဥ်များစွာမှာ ပါဝင်ပြောကြားပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒေါက်တာစတိုင်းဘတ်ဟာ မြန်မာ့အရပ်ဘက်နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားနည်းချက် အားသာချက်တွေကို ထောက်ပြတတ်သူဖြစ်သလို မြန်မာနိုင်ငံရေးရဲ့ ရှုပ်ထွေးပွေလီတဲ့ လူမျိုးစုဆက်ဆံရေးနဲ့ စစ်တပ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေကိုလည်း သုံးသပ်ပြသူဖြစ်ပါတယ်။ သူမရှိတော့ပေမယ့် သူတို့မျိုးဆက်က ပညာရှင်တွေ ရေးသားခဲ့တဲ့ မြန်မာရေးရာ လေ့လာမှုစာပေတွေကို လူငယ်မျိုးဆက်တွေက ဆက်လက်ဖတ်ရှုပြီး နိုင်ငံရဲ့ အနာဂတ်ကို စဥ်းစားချိန်ဆသွားကြမှာဖြစ်ကြောင်း မြန်မာရေးရာ လေ့လာတဲ့ ပညာရှင်လူငယ်တွေကြားမှာ ပြောဆိုနေကြပါတယ်။









