အီတလီမှာ ရွှေ့ပြောင်းသင်္ဘော နစ်မြုပ်မှု လူ ၄ဝ ကျော် သေဆုံး - ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်း နိုင်ငံတကာသတင်းများ
ရွှေ့ပြောင်းလုပ်သား သင်္ဘော နစ်မြုပ်မှု လူ ၄ဝ ကျော် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို သယ်ဆောင်လာတဲ့ သင်္ဘောတစီး နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမှာ နစ်မြုပ်ခဲ့ပြီးနောက်ပိုင်း အီတလီ အာဏာပိုင်တွေဟာ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။
လူ ၄ဝ ထက်မနည်း သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းတွေကို နိုင်ငံတောင်ပိုင်း ကတ်လက်ဘရီယာ (Calabria) မြို့က ကမ်းခြေတခုပေါ်မှာ ပြန်တွေ့ခဲ့တယ်လို့ အီတလီ ကမ်းခြေစောင့်တပ်က ပြောပါတယ်။
ကြက်ခြေနီအဖွဲ့ဟာလည်း ကမ်းခြေကို ရောက်လာတဲ့ အသက်ရှင်ကျန်ရစ်သူ ၈ဝ နီးပါးကို ကူညီပေးနေပါတယ်။
အဲဒီသင်္ဘာပေါ်က လူတွေထဲမှာ အီရန်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေက လူတွေ ပါဝင်တယ်လို့ ကနဦး သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) ကတော့ ဒီဝမ်းနည်းဖွယ် ဖြစ်ရပ်အတွက် အင်မတန် စိတ်ထိခိုက် ဝမ်းနည်းရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး လူကုန်ကူးသူတွေကိုလည်း သူက ပြစ်တင်ခဲ့ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းကြား လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ
လူသေဆုံးမှုတွေ ရှိခဲ့တဲ့ အကြမ်းဖက်မှုတွေ မြင့်တက်ခဲ့ပြီးနောက်ပိုင်း နယ်မြေတည်ငြိမ် အေးချမ်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း တာဝန်ရှိသူတွေကြား ထိပ်သီးအဆင့် လုံခြုံရေး ဆွေးနွေးပွဲတခု ဂျော်ဒန်နိုင်ငံမှာ ကျင်းပနေပါတယ်။
အမေရိကန်နဲ့ အီဂျစ်နိုင်ငံက ကိုယ်စားလှယ်တွေလည်း အဲဒီမှာ တက်ရောက်နေကြပါတယ်။
ပင်လယ်နီပေါ်က အက်ခါဘာ ဆိပ်ကမ်းမြို့မှာ ကျင်းပတဲ့ တံခါးပိတ်အစည်းအဝေးဟာ နှစ်ပေါင်းများစွာအတွင်း အခုလို ဆွေးနွေးမှုမျိုး ပထမဆုံးလည်း ဖြစ်ပါတယ်။
အစ္စရေး အမျိုးသားလုံခြုံရေး အကြံပေးနဲ့ ပါလက်စတိုင်း ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲလည်း အဲဒီအစည်းအဝေးကို တက်ရောက်နေပါတယ်။
ဒီနှစ် အကြမ်းဖက်မှုတွေအတွင်း လက်ရှိအချိန်အထိ ပါလက်စတိုင်း ၆၂ ယောက်နဲ့ အစ္စရေး ၉ ယောက် သေဆုံးခဲ့ပါတယ်။
ကက်ရှ်မီးယားဒေသက ပစ်ခတ်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ ထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသက သံသယဖြစ်ဖွယ် လက်နက်ကိုင်သူပုန်တွေဟာ ဟိန္ဒူအမျိုးသားတဦးကို ပစ်သတ်လိုက်ပါတယ်။
Pulwama ခရိုင်အတွင်းက သူ့ကျေးရွာမှာ လုံခြုံရေး အလုပ်လုပ်တဲ့ Sanjay Sharma ကို လက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါဟာ မွတ်ဆလင် အများစုနေထိုင်တဲ့ ဒေသမှာ လူနည်းစုအသိုင်းအဝိုင်းအဝန်းက အရပ်သားတဦး ပစ်မှတ်ထားခံရတဲ့ အခုနောက်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွင်း အသတ်ခံရသူအများစုဟာ ရွှေ့ပြောင်းလုပ်သားတွေ ဒါမှမဟုတ် ဒေသခံ ဟိန္ဒူလူမျိုးတွေ ဖြစ်ကြပါတယ်။
ပါကစ္စတန်မှာ ပေါက်ကွဲမှု ထပ်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖဂန်နစ္စတန်နယ်စပ် ဘလိုချစ်စတန် ပြည်နယ်တွင်းက ပေါက်ကွဲမှုတခုအတွင်း လူ ၄ ယောက်ထက်မနည်း သေဆုံးသွားခဲ့ပြီး ၁ဝ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ မော်တော်ဆိုင်ကယ်တစီးဟာ စျေးတခုအတွင်းကို ဝင်ရောက်ပြီး ဖောက်ခွဲခဲ့လို့ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီပေါက်ကွဲမှုအတွင်း မော်တော်ဆိုင်ကယ်နဲ့ တခြားယာဥ်တွေရဲ့ မီးလောင်ကျွမ်းခဲ့တဲ့ အကြွင်းအကျန်တွေကိုလည်း လူမှုကွန်ရက်ပေါ်ကို တက်လာတဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
အဲဒီဧရိယာကို လူအဝင်အထွက်တွေ ပိတ်ထားလိုက်ပြီး စုံစမ်းစစ်ဆေးမှု တခုလုပ်ဖို့ကိုလည်း ညွှန်ကြားထားပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ပါကစ္စတန်နိုင်ငံတွင်းက ဆက်တိုက် တိုက်ခိုက်မှုတွေမှာ အခုနောက်ဆုံး ဖြစ်ရပ်တခု ဖြစ်တဲ့ ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်ဆောင်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမဲ့ အခုလိုမျိုး တိုက်ခိုက်မှု အများစုကိုတော့ ပါကစ္စတန် တာလီဘန်အဖွဲ့က လုပ်ဆောင်လေ့ရှိပါတယ်။
ကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ အာရှခရီးစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးတခုအတွက် ဒီသီတင်းပတ်နှောင်းပိုင်းမှာ ဗဟိုအာရှကို သွားဖို့ ရှိတယ်လို့ ကြေညာပါတယ်။
အဲဒီထိပ်သီးဆွေးနွေးပွဲကို လာမယ့်အင်္ဂါနေ့ကျရင် ကာဇက်စတန်မြို့တော် အက်စတာနာ (Astana) မှာ ကျင်းပမှာ ဖြစ်ပါတယ်။
အရင်တုန်းက ရုရှားနိုင်ငံက ထိန်းချုပ်ခဲ့တဲ့ အဲဒီဒေသဟာ ယူကရိန်းနိုင်ငံတွင်းက ရုရှားစစ်ပွဲကြောင့် ထိတ်လန့်စိုးရိမ်မှုတွေ ရှိခဲ့လို့ ဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ ယူကရိန်းကိစ္စက အဓိက ဖြစ်လိမ့်မယ်လို့လည်း ယူဆရပါတယ်။
ဗဟိုအာရှဟာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ စီးပွားရေး လွှမ်းမိုးမှုအောက်မှာလည်း ရောက်နေပါတယ်။
မစ္စတာ ဘလင်ကန်ဟာ ဥဇဘတ်မြို့တော် တက်ရှ်ကန့် (Tashkent) ကိုလည်း သွားရောက်ဖို့ ရှိပြီး အဲဒီနောက်မှာတော့ ဒေလီမြို့တော်မှာ ကျင်းပမယ့် ဂျီ ၂ဝ စီးပွားရေး အင်အားကြီး နိုင်ငံ ၂ဝ ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် အိန္ဒိယနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။








