ပဋိပက္ခတွေကြောင့် မြန်မာ့စီးပွားရေး ဆိုးဆိုးရွားရွား ကျဆင်းတယ်လို့ ကမ္ဘာ့ဘဏ်ပြော- မတ်လ ၃၁ ရက် ထိပ်တန်းသတင်းများ

ရိုဟင်ဂျာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဥ် ဆိုင်းငံ့ဖို့ ဘင်္ဂလားဒေ့ရှ်ကို HRW တိုက်တွန်း

ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ဖို့ အစီအစဥ်တွေကို ဆိုင်းငံ့ထားဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က တိုက်တွန်းလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေတွေဟာ ဖိနှိပ်ခံနေရပြီး နိုင်ငံမဲ့ လူနည်းစုအသိုင်းအဝိုင်းအတွက် ဘေးကင်းလုံခြုံမှု မရှိဘူးလို့လည်း သတိပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်တွင်းက ရခိုင်ပြည်နယ်တွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် အများစုအပါအဝင် ရိုဟင်ဂျာ တသန်းနီးပါးအတွက် ခိုလှုံရာ နေရာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့နဲ့ ရပ်တန့်နေတဲ့ ပြန်လည်ပို့ဆောင်ရေး အစီအစဥ်တရပ်ကို အလျင်အမြန်လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ ဒုက္ခသည်တချို့ကို အင်တာဗျူးဖို့ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မတ်လမှာ သွားရောက်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံကို ပြန်တာဟာ ဒုက္ခသည်တွေရဲ့ လွတ်လပ်ခွင့်နဲ့ အသက်တွေကို အကြီးအကျယ် အန္တရာယ်ရှိစေတယ်လို့ HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း အစုလိုက်အပြုံလိုက် သတ်နေချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ မြန်မာနိုင်ငံကို ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ HRW အဖွဲ့ တောင်အာရှရေးရာ ဒါရိုက်တာ Meenakshi Ganguly က ပြောပါတယ်။

ဒုက္ခသည်စခန်းတွေထဲမှာရှိတဲ့ ရိုဟင်ဂျာတွေမှာတော့ သူတို့ လိမ်ညာလှည့်ဖြားခံနေရတယ်၊ ဒါမှမဟုတ် မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖိအားပေး လုပ်ဆောင်နေတယ်လို့ HRW အဖွဲ့ကို ပြောတယ်လို့လည်း ဆိုပါတယ်။

HRW အဖွဲ့က အင်တာဗျူးလုပ်ခဲ့တဲ့ ရိုဟင်ဂျာ ၁၅ ယောက်ထဲက တချို့ကတော့ တတိယနိုင်ငံကို ပြန်လည်နေရာချထားနိုင်ခြေရှိတဲ့အကြောင်း ဆွေးနွေးဖို့ဆိုတဲ့ နားလည်ချက်ကြောင့် အဲဒီ တွေ့ဆုံပွဲတွေရဲ့ သွေးဆောင်ဖျားယောင်းတာ ခံနေရတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၁ဝဝဝ လောက်ကို ဧပြီလ လလယ်ပိုင်းမှာ ပြန်လည်လက်ခံနိုင်လိမ့်မယ်လို့ ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ UNHCR ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ရှေ့ပြေးစီမံကိန်းတရပ်ကို သတိပြုမိပေမဲ့ အဲဒီဆွေးနွေးပွဲတွေမှာ UNHCR ဘက်က ပါဝင်ပတ်သက်မှု မရှိသလို ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေး ကိစ္စရပ်မှာ သူတို့ရဲ့ သဘောထား ပြောင်းလဲမှာ မဟုတ်ဘူးလို့ မတ်လ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ပဋိပက္ခတွေကြောင့် မြန်မာ့စီးပွားရေး ဆိုးဆိုးရွားရွား ကျဆင်းတယ်လို့ ကမ္ဘာ့ဘဏ်ပြော

မြန်မာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ဆိုးဆိုးရွားရွား ဆက်လက် ဆုတ်ယုတ်နေပြီး GDP လို့ခေါ်တဲ့ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုဟာလည်း စက်တင်ဘာလအထိ ဒီနှစ် ဘဏ္ဍာနှစ်မှာ ၃ ရာခိုင်နှုန်းသာ တက်လာမယ်လို့ မှန်းဆထားကြောင်း ကမ္ဘာ့ဘဏ်က သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေ၊ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေဟာ နိုင်ငံရေးနဲ့ လူမှုရေး အကျပ်ဆိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့ပြီးဖြစ်တဲ့ စီးပွားရေးကို ဆက်လက်ဆိုးရွားစေလိမ့်မယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ ဒေသတွင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုတွေ၊ ကုန်ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲတွေ၊ ကုန်သွယ်မှု၊ နိုင်ငံခြားငွေ လဲလှယ်မှု အကန့်အသတ်တွေနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ မတည်ငြိမ်မှုတွေ ဆက်ရှိနေလို့ စီးပွားရေး အရပ်အဝန်းဟာ သိသိသာသာ တိုးတက်လာနိုင်ခြေမရှိဘူးလို့လည်း ဆိုပါတယ်။

ကိုဗစ်ကာလ စီးပွားရေး ကျဆင်းမှုတွေကနေ အရှေ့အာရှဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေ ပြန်လည်ဦးမော့လာချိန်မှာတောင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂ဝ၁၉ ခုနှစ်မှာ တွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေ အောက်မှာ ဆက်ရှိနေတယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုဟာ ၂ဝ၂၂ ခုနှစ်မှာ ၃ ရာခိုင်နှုန်း ပြန်လည် မတက်လာခင်မှာ ၂ဝ၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

လျှပ်စစ်မီး ရရှိမှု နည်းပါးလာပြီး အစားအသောက်နဲ့ လောင်စာဆီစျေးနှုန်းတွေ မြင့်တက်လာတာ၊ ကျပ်ငွေတန်ဖိုးဟာ အမေရိကန် ဒေါ်လာနဲ့ နှိုင်းယှဥ်ရင် ၃၁ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတာတွေကြောင့် အိမ်ထောင်စုတွေဟာ ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတကာ အဝတ်အထည်ကုမ္ပဏီကြီးတွေ မြန်မာကနေ ထပ်မံထပ်ခွာ

uniqlo

ဓာတ်ပုံ ရင်းမြစ်, Getty Images

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အလုပ်သမားအရေး စိုးရိမ်မှုတွေနဲ့ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေ ရှိလာလို့ နိုင်ငံတကာ အဝတ်အထည် ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းတံဆိပ် UNIQLO နဲ့ ယူကေက Marks & Spencer ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြား ကုမ္ပဏီအများအပြား နိုင်ငံတွင်းကနေ ထွက်ခွာခဲ့ပြီး ဒါဟာ အခုနောက်ဆုံး လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းလိုက်တဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။

M&S

ဓာတ်ပုံ ရင်းမြစ်, Getty Images

စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီတွေနဲ့ အကျိုးတူလုပ်ဆောင်နေတဲ့ နိုင်ငံခြား ကုမ္ပဏီကြီးတွေလည်း ၂ နှစ်တာကာလအတွင်း အများအပြား ထွက်ခွာခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ UNIQLO ကုမ္ပဏီဟာ သူတို့ရဲ့ အဝတ်အထည်တွေ ချုပ်လုပ်တဲ့ စက်ရုံစာရင်းကနေ မြန်မာနိုင်ငံက ကုန်ပစ္စည်းပေးသွင်းတဲ့ ကုမ္ပဏီတွေကို ဖယ်ရှားလိုက်ပြီ ဖြစ်တယ်လို့ ဂျပန်အခြေစိုက် နစ်ကေးအေးရှားသတင်းစာက ရေးသားထားပါတယ်။

Marks & Spencer ကုမ္ပဏီကြီးကလည်း မြန်မာနိုင်ငံတွင်းက အခြေအနေကို အနီးကပ် စောင့်ကြည့်ခဲ့ပြီးနောက်ပိုင်း တွေ့ရှိခဲ့တဲ့ အထောက်အထားတွေကြောင့် သူတို့ရဲ့ မူဝါဒတွေကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ မဖြစ်နိုင်တော့သလို သူတို့ရဲ့ ကုန်ထုတ်လုပ်မှု ကွင်းဆက် အတွင်းမှာ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကိုမှ လက်သင့်မခံနိုင်လို့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

KNU နယ်မြေကို ကိုင်တွယ်တဲ့ ကစထမှူး အလဲခံရ

Yangon Regional Council

ဓာတ်ပုံ ရင်းမြစ်, YRG

ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့အတူ တွေ့ရတဲ့ ဗိုလ်ချုပ်ညွန့်ဝင်းဆွေ

ရန်ကုန်နဲ့ နေပြည်တော် တိုင်းမှူး အပြောင်းအလဲဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) လှုပ်ရှားတဲ့ နယ်မြေကို အဓိကကိုင်တွယ်တဲ့ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး အပါအဝင် တိုင်းမှူးတချို့ အပြောင်းအလဲဖြစ်ခဲ့တယ်လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဘီဘီစီကိုပြောပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ကို ကိုင်တွယ်ရတဲ့ အမှတ်(၄)ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင် အနားပေးခံရတာဖြစ်ပြီး သူ့နေရာကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ ရောက်လာပြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ ဖြစ်လာပါတယ်။ တစ်ဆက်တည်းမှာပဲ KNU လှုပ်ရှားတဲ့နယ်မြေကို အဓိကကိုင်တွယ်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာပါ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအခြေစိုက် အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးသစ် ဖြစ်လာတာပါ။

လစ်လပ်သွားတဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မှူးနေရာကို နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း ရောက်လာပါတယ်။

နေပြည်တော်စစ်တိုင်းထဲက အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝေလင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးသစ် ဖြစ်လာပါတယ်။

တပ်မတော်နေ့ အပြီးမှာပဲ အခုလို စစ်တပ်ထဲက ထိပ်တန်းနေရာတချို့ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ကမာရွတ်မြို့နယ် ၄ ရပ်ကွက်က NLD ပါတီရုံးခန်း ဆိုင်းဘုတ်ကို စစ်ကောင်စီ လာဖြုတ်

NLD

ဓာတ်ပုံ ရင်းမြစ်, CJ

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးအရှေ့ဘက်ကပ်လျက် ဘုရင့်နောင်တာဝါ ၁ နဲ့ ၂ အနီး အနီး၊ ကွမ်းခြံ (၅) လမ်းမှာရှိတဲ့ ကမာရွတ်မြို့နယ် NLD ပါတီ ရုံးခန်းရဲ့ ဆိုင်းဘုတ်ကို စစ်ကောင်စီက ဒီနေ့ မတ်လ ၃၁ ရက်မနက်ပိုင်းမှာ လာရောက်ဖြုတ်ယူသွားတယ်လို့ NLD ပါတီဝင်တစ်ဦးက အတည်ပြုပါတယ်။

“ကမာရွတ်ရုံးခန်းအထဲထိတော့မဝင်ဘူး။ ဆိုင်းဘုတ်ကို ဖြုတ်ပြီးယူသွားတာပဲရှိပါတယ်။ ဒါကတော့ ခိုးမှုမြောက်ပါတယ်။ ကျွန်တော်တို့ကတော့ ခိုးတယ်လို့ပဲမြင်တယ်။ နောက်ထပ်လည်း ထပ်ပြီးခိုးလိမ့်မယ်လို့ ထင်ပါတယ်။ NLD ရုံးချုပ်ရုံးခန်းမှာဆိုလည်း ရုံးတက်အလုပ်လုပ်သူတွေကို စစ်ကောင်စီက စဖမ်းခဲ့တာပါ။ အဲဒီနောက်ပိုင်း သူပုန်တွေက ကျွန်တော်တို့ရုံးတွေကို ဖျက်ဆီးတယ်။ ရုံးတွေအနားလည်း ဘယ်သူမှသွားမရတော့ဘူး။ ရုံးတွေကိုဖျက်ဆီးတဲ့အချိန်တွေဆိုလည်း ညမထွက်ရကာဖျူးတွေထုတ်ထားတဲ့အချိန်မှာ လုပ်သွားတာပါ။ ရန်ကုန်ရုံးတွေရာမန္တလေးရုံးတွေရောပေါ့” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အသစ်ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအသစ်အရ ပါတီအားလုံး မတ်လ ၂၈ ရက်နောက်ဆုံးထားမှတ်ပုံပြန်တင်ဖို့နဲ့ မှတ်ပုံမတင်တဲ့ပါတီ ၄၀ ကိုလည်း စစ်ကောင်စီက အဲဒီမတ်လ ၂၈ ရက်မှာပဲဖျက်သိမ်းခဲ့ပါတယ်။

ဒါ့အပြင် အဲဒီဥပဒေအရ မှတ်ပုံမတင်လို့ ပယ်ဖျက်ခံရရင်ပါတီပိုင်ပစ္စည်းတွေကိုလည်း နိုင်ငံပိုင်အဖြစ်သိမ်းဆည်းမယ်လို့ဖော်ပြထားပါတယ်။

စစ်ကောင်စီက ဖျက်သိမ်းလိုက်တဲ့ပါတီ ၄၀ ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တတိယနေရာအများဆုံးအနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကတော့ ဒီနေ့ မတ်လ ၃၁ ရက်နေ့ထိ အခုလို ဖြစ်စဥ်မျိုးကြုံရတာမရှိသေးကြောင်း ဘီဘီစီကိုပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လက်မခံတာကြောင့် ဥပဒေမဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၃၅ ဦးပါဝင်ပြီး ပါတီဝင် ၂၆ ဦးမှာစစ်ကြောရေးနဲ့အကျဥ်းထောင်တွင်းမှာကျဆုံးခဲ့ကြောင်း၊ အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦးရှိပြီး NLD ဗဟိုအလုပ်ကော်မတီဝင် ဦးဖြိုးဇေယျာသော်ကိုလည်း စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ခဲ့ကြောင်း NLDပါတီက မတ်လ ၂၉ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၃၇၁ ဦးတို့ရဲ့ပိုင်ဆိုင်မှုတို့တွေကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး ပါတီ

ဗဟိုရုံးချုပ်အပါအဝင် တိုင်းခရိုင်မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

NLD နဲ့ပါတီ ၄၀ ဖျက်သိမ်းခံရမှု အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျ တို့ကရော ဘယ်လိုတုံ့ပြန်သလဲ

NLD

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင် ပါတီ ၄၀ ဖျက်သိမ်းခံရတဲ့အပေါ် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့ကလည်း စစ်ကောင်စီလုပ်ရပ်နဲ့ပတ်သက်လို့ ရှုံ့ချခဲ့ပါတယ်။

အမေရိကန်

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဒီတွန်းအားပေးတဲ့လုပ်ဆောင်မှုဟာ တိုင်းပြည်ကို မငြိမ်မသက်မှုတွေ ပိုတိုးလာစေမယ်လို့လည်း ဝါရှင်တန်က သတိပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဗီဒန့်ပတ်တဲလ်က စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကို အပြင်းအထန်ရှုံ့ချကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဗမာမှာ သက်ဆိုင်သူအားလုံး ပါဝင်နိုင်ခြင်းမရှိတဲ့ ဘယ်ရွေးကောက်ပွဲကမှ တရားမျှတပြီး လွတ်လပ်မှုရှိနိုင်မှာမဟုတ်ပါဘူး”လို့ မြန်မာကိုအရင်က ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ ဗမာ ဆိုတဲ့ အသုံးအနှုန်းကို သုံးပြီး သူက ပြောသွားခဲ့ပါတယ်။

ဂျပန်

NLD ပါတီကို နိုင်ငံရေးလုပ်ငန်းစဥ်ကနေ ဖယ်ထုတ်လိုက်တာဟာ အခြေအနေတွေကို တိုးတက်စေရေးမှာ ပိုမိုခက်ခဲလာမှာကို အလေးအနက်စိုးရိမ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်လာပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအဖွဲ့ဝင်တွေကိုချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းရေးလမ်းကြောင်းတစ်ခုကို ပြသဖို့ မြန်မာကို အလေးအနက် တိုက်တွန်းပါတယ်”လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောပါတယ်။

သြစတြေးလျ

သြစတြေးလျအစိုးရကလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ကို ပြဋ္ဌာန်းလိုက်တာကနေ ထွက်ပေါ်လာတဲ့ရလဒ်ကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုအခင်းအကျင်းနေရာ ပိုမိုကျဥ်းမြောင်းသွားတဲ့အပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်လာပါတယ်။

“စစ်တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတဲ့အတွက် မြန်မာ ပြည်သူတွေဟာ ဒီမိုကရေစီနိုင်ငံအတွက် သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ကတိကဝတ်တွေကို ဆက်လက်ပြသနေပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအသစ်အရ ပြည်ထောင်စုတဝန်းလုံးစည်းရုံးမယ့်ပါတီတစ်ခုဟာ ပါတီဝင်အင်အား အနည်းဆုံး တစ်သိန်းရှိရမှာဖြစ်ပြီး မတ်လ ၂၈ ရက်နောက်ဆုံးထား မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ အရင် ဥပဒေအရဆိုရင် ပါတီဝင်အင်အားက တစ်ထောင်သာ လိုအပ်တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို နိုင်ငံတဝန်းစည်းရုံးမယ့်ပါတီဟာ ပါတီမှတ်ပုံတင်ပြီး ရက်ပေါင်း ၁၈၀ အတွင်းမှာ မြို့နယ် ၃၃၀ ရဲ့ထက်ဝက်မှာ ပါတီရုံးခန်းတွေဖွင့်လှစ်ရမှာဖြစ်ပြီး မဲဆန္ဒနယ်စုစုပေါင်းရဲ့ အနည်းဆုံးတစ်ဝက်ကိုလည်း ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

NLD ပါတီဘက်ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံပြန်တင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားပြီး စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာလည်း တရားဝင်မှုမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ရွေးကောက်ပွဲအတွက် မဲပုံး၊ မင်ဘူး၊ လုံခြုံရေးကြိုးအပါအဝင် ပစ္စည်း ၁၀ မျိုး တင်ဒါခေါ်ယူထားတာကို ပယ်ဖျက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

UEC

ဓာတ်ပုံ ရင်းမြစ်, MOI

ရွေးကောက်ပွဲအတွက် မဲပုံးအပါအဝင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို တင်ဒါခေါ်ယူထားတာခြင်းကို ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တင်ဒါတွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နဲ့ ၁၄ ရက်နေ့ထုတ် သတင်းစာတွေကနေတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဲဒီတင်ဒါခေါ်ယူထားမှုကို ပယ်ဖျက်ကြောင်းနဲ့ လာမယ့်ဘဏ္ဍာရေးနှစ်မှာ ပစ္စည်းတွေ ဝယ်ယူရေး ဆက်လက်ဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲအတွက် မြန်မာကျပ်ငွေနဲ့ ဝယ်ယူဖို့ ဆန္ဒပြုခန်း (စက္ကူကတ္ထူ)၊ ပလတ်စတစ်မဲပုံး၊ ပလတ်စတစ်ခြင်းတောင်း (မဲထည့်သွင်း ရေတွက်ရန်)၊ ဘောပင်၊ ရင်ထိုးတံဆိပ်၊ လုံခြုံရေးကြိုး၊ မင်ဘူးနဲ့ ကော်အပါအဝင် စက္ကူအိတ်အမျိုးအစားနှစ်မျိုး၊ စက္ကူထုပ်နဲ့ စာရွက်အမျိုးမျိုး စတဲ့ ပစ္စည်း ၁၀ မျိုးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် ညနေအထိ အဆိုပြုလွှာတင်သွင်းနိုင်တယ် လို့ကြေညာခဲ့တာဖြစ်ပါတယ်။

အီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine (MEVM) ကို

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ကောင်စီဥက္ကဋ္ဌကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထုတ်ပြခဲ့ပါတယ်။

ဒီစက်ရဲ့အလုပ်လုပ်ပုံကိုရွေးကောက်ပွဲကော်မရှင်က စစ်ကောင်စီ ဥက္ကဋ္ဌကို ပြသခဲ့ပြီးတဲ့နောက် မဲပုံးတွေနေရာမှာဒီစက်တွေရောက်လာတော့မလားလို့ သုံးသပ်မှုတွေ ထွက်ပေါ်ခဲ့ပြီး အခု နှစ်လကျော်အကြာမှာ ယခင်နှစ်က ခေါ်ယူထားတဲ့ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေတင်ဒါခေါ်ယူမှုကိုပယ်ဖျက်လိုက်တာပါ။

စစ်ကောင်စီကပြည်တွင်းမှာစမ်းသပ်ထုတ်လုပ်ထားတယ်ဆိုတဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက်မှာ

ဆန္ဒပြုစက်၊ ဆန္ဒပြုမှုကိုမှန်ကန်မှု ရှိ/မရှိ ပြသပေးတဲ့စက်နဲ့ ထိန်းချုပ်စက်တွေပါဝင်နေပြီး 12 ဗို့

ဘထ္ထရီနဲ့ စက်တွေကို အသုံးပြုနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကော်မရှင်ဘက်က ဒီလိုခြေလှမ်းတွေရှိနေပမဲ့ မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေအရ လောလောဆယ်မှာ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုအတိအကျမကြေညာနိုင်သးကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၇ ရက်နေ့က တပ်မတော်နေ့အခမ်းအနားအတွင်း သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်း ဗီအိုအေသတင်းဌာနကဖော်ပြထားပါတယ်။

အထက်တန်းကျောင်းသူတစ်ဦးကို စစ်ကောင်စီ ထောင်သုံးနှစ်ချ

Burma Student Union

ဓာတ်ပုံ ရင်းမြစ်, ABSFU

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဆုသွန်းပိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ မနေ့ မတ်လ ၃၀ ရက်မှာ ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်လာပါတယ်။

မဆုသွန်းပိုင်ဟာ အထက ၂ မရမ်းကုန်း ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူ့ကို မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မဆုသွန်းပိုင်ဟာ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံရကာ ငါးလအကြာမှာ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၂ ရက်နေ့ကလည်း ဗကသများအဖွဲ့ချုပ်ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၅၀ (ည)တို့နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သလို ဖေဖော်ဝါရီ ၉ ရက်နေ့တုန်းကလည်း အထက ၁ မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ရဲ့ ဒုဥက္ကဋ္ဌ ကိုဟိန်းထက်(ခ) ကိုပိုပိုကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို အကြမ်းဖက်မှုပုဒ်မနဲ့ စစ်ကောင်စီထောင်ထပ်ချ

NLD MP

ဓာတ်ပုံ ရင်းမြစ်, ThetHtarHnaung Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက အကြမ်းဖက် ပုဒ်မနဲ့မနေ့ မတ်လ ၃၀ ရက်နေ့က မြစ်ကြီးနားခရိုင်တရားရုံးကနေ ထောင် ၁၁ နှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၀/ည တို့နဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီပုဒ်မနှစ်ခုအနက် ပုဒ်မ ၅၀/ည နဲ့ စွဲချက်တင်အမိန့်ချခဲ့တဲ့နောက် မနေ့ မတ်လ ၃၀ရက်မှာတော့ အပြီးသတ်အမိန့်အဖြစ် ခရိုင်တရားရုံးကနေ အလုပ်နဲ့ထောင် ၁၁ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မိုးညင်းမြို့နယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကိုတော့ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ကချင်ပြည်နယ် နမ္မားမြို့က ညောင်ကုန်းရပ်ကွက်မှာရှိတဲ့ အထည်ဆိုင်တစ်ဆိုင်မှာ မနက် ၁ နာရီကျော်အချိန်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒေါ်သက်ထားနှောင်းကိုဖမ်းဆီးမှုနဲ့ပတ်သက်လို့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ CRKH အဖွဲ့ကိုတည်ထောင်ခြင်း၊ မိုးညင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို တည်ထောင်ခြင်းနဲ့ PDF တွေကို ထောက်ပံ့ဖို့ ထောက်ပို့အဖွဲ့တွေဖွဲ့စည်းတာ၊ CRPH, NUG တို့နဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေရှိခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်သက်ထားနှောင်းကို ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅ (က) တပ်တရားစွဲဆိုခဲ့ပြီးထောင်တစ်နှစ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် ထပ်မံစွဲဆိုထားတဲ့အကြမ်းဖက်မှုတွေကို တရားရင်ဆိုင်ရင်းကနေ မနေ့က ထောင် နောက်ထပ် ၁၁ နှစ်ထပ်မံချမှတ်ခံရတာဖြစ်ပါတယ်။

ဒေါ်သက်ထားနှောင်းရဲ့ အစ်ကိုနဲ့အစ်မဖြစ်သူ ဖားကန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးနဲ့ မိုးညင်းမြို့နယ် NLD ပါတီဝင် ဒေါ်ခင်ခင်စိန်တို့ ကိုလည်း ၂၀၂၁ ခုနှစ်မတ်လမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီနောက် ဦးတင့်စိုးကိုသဘာဝဘေးပုဒ်မ၂၅ နဲ့ တရားစွဲဆိုခဲ့ပြီး ဒေါ်ခင်ခင်စိန်ကိုတော့ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခဲ့ပါတယ်။

လက်ရှိမှာ ၄င်းတို့နှစ်ဦးကတော့ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တုန်းကတော့ NLD ပါတီဝင် ကချင်ပြည်နယ်မိုးညင်းမြို့နယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော် (ခ) ဦးမျိုးကျော်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။

ဦးမျိုးကျော်ကို ၂၀၂၂ ခုနှစ် သြဂုတ်လက မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်အထွက်မှာ သပိတ်ခေါင်းဆောင်တစ်ဦးနဲ့အတူ ဖမ်းမိခဲ့ပြီး သူ့ထံမှာ NUG ရဲ့ငွေတိုက်စာချုပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ တွေ့ရှိတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေကရေးသားခဲ့ကြပါတယ်။ ဖမ်းဆီးခံရပြီးနောက် မကြာခင်မှာ စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပေမဲ့ အသက်သေဆုံးခဲ့ခြင်းမရှိဘဲဖမ်းဆီးခံရပြီး လေးလအကြာမှာ ထောင် ခုနစ်နှစ်ချမှတ်ခံခဲ့ရပါတယ်။

အခုအခါ ဒေါ်သက်ထားနှောင်းရော ဦးမျိုးကျော်ပါ မြစ်ကြီးနားထောင်တွင်းမှာရှိနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

Project DragonFly ရန်ပုံငွေတွေကို လေကြောင်း ကာကွယ်ရေးအတွက်အဓိကလျာထားသုံးစွဲနေတယ်လို့ NUG ထုတ်ပြန်

Project DragonFly

ဓာတ်ပုံ ရင်းမြစ်, NUG MOD

အမျိုးသားညီညွတ်ရေးအစိုးရNUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတကာ ဘဏ္ဍာငွေရှာဖွေပေးသူတွေထံကတစ်ဆင့် Project DragonFly အတွက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ သန်းကိုလက်ခံရရှိထားပြီး သုံးစွဲနေတယ်လို့ NUG က မတ်လ ၃၀ ရက်နေ့စွဲနဲ့ထုတ်ပြန်လာပါတယ်။

ရရှိထားတဲ့ ရန်ပုံငွေထဲကနေ လေကြောင်းရန်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ လေးသန်းနဲ့ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် အမေရိကန် ဒေါ်လာ ၈ သိန်း လျာထားသုံးစွဲနေတယ်လို့လည်းဆိုပါတယ်။

NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတကာ ရန်ပုံငွေရှာဖွေပေးသူ Fundraiser တွေနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ရန်ပုံငွေရှာဖွေရေး စီမံချက်တွေကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ စနစ်တကျ စီမံခန့်ခွဲပြီး အလေအလွင့်မရှိ လက်ခံရရှိထားတယ်လို့လည်း ဖော်ပြထားပါတယ်။

Project DragonFly ကရရှိခဲ့တဲ့ ရန်ပုံငွေနဲ့ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအောင်မြင်မှုတွေကိုတော့ လုံခြုံရေးအရ သင့်တော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းအတွက် နာမည်ကြီး အွန်လိုင်းကျော်ကြားသူနဲ့ ထောက်ပံ့လုပ်ငန်းတွေအတွက်ရန်ပုံငွေရှာဖွေပေးသူတစ်ဦးလည်းပါဝင်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး မကြာသေးမီက သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်မှုနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ အငြင်းအခုန်တွေဖြစ်ခဲ့သလို အလှူငွေရရှိမှုနဲ့ပတ်သက်လို့လည်း စာရင်းရှင်းတမ်းထုတ်ပြန်ပေးဖို့ တိုက်တွန်းတောင်းဆိုတာတွေရှိခဲ့ပါတယ်။

အခု NUG ဘက်ကတော့ ဒီပရောဂျက်ကနေ ရန်ပုံငွေအပြည့်လက်ခံရရှိကြောင်း ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် လက်နက်တွေ ရရှိနိုင်ရေးအတွက် နိုင်ငံတကာက ကူညီကြဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဂျပန် လွှတ်တော်အမတ်တွေနဲ့ အွန်လိုင်းက တဆင့် တွေ့ဆုံဆွေးနွေးပွဲ မှာ NUG ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံတကာက အဲဒီတောင်းဆိုမှုကို လျစ်လျူရှုနေတယ်လို့ လည်း သူက ပြောပါတယ်။

လေကြောင်းရန် ကာကွယ်ရေးလက်နက်တွေ ရဖို့အတွက် ProjectDragonFly လို အလှူငွေရရေး စီမံချက်တွေလုပ်ခဲ့ကြပြီး ဒေါ်လာ ၂ သန်းကျော် ရန်ပုံငွေရခဲ့ကြပေမဲ့ လက်နက်တွေ အလုံအလောက်ရဖို့က အကန့်အသတ်တွေ ရှိနေတယ်လို့ NUG က ဘီဘီစီကိုပြောကြားထားပါတယ်။

NLD ပါတီအပါအဝင် ပါတီ ၄၀ ကိုဖျက်သိမ်းတာဟာ မြန်မာပြည်သူတွေရဲ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်ကို ထပ်မံစော်ကားတဲ့လုပ်ရပ်လို့ ဗြိတိန်အစိုးရပြော

Aung San Suu Kyi, NLD

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို အာဏာသိမ်းစစ်ကောင်စီက ဖျက်သိမ်းလိုက်တဲ့ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့ အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေကို ထပ်မံစော်ကားလိုက်တဲ့ လုပ်ရပ်တစ်ခုလို့ ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒကို လေးစားတဲ့ အားလုံးပါဝင်ပြီးအဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေမပါဝင်ဘဲ စစ်တပ်က ဖန်တီးထားတဲ့ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ အခုလိုနိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ ဆောင်ရွက်မှုတွေနဲ့ အကြောက်တရားတွေ ပိုတိုးစေပြီး အတိုက်အခံတွေကို ဖိနှိပ်ဖို့ ပိုမိုရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေကိုအသုံးပြုတာကိုလည်း ရှုံ့ချတယ်လို့ထုတ်ပြန်ချက်က ဆိုပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေဖြစ်အောင် ဖန်တီးနိုင်ဖို့ မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဖိအားပေးသွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်သူလူထုတွေရဲ့ အားလုံးပါဝင်နိုင်တဲ့ဒီမိုကရေစီနည်းကျတဲ့ အခင်းအကျင်းတစ်ခု ဖြစ်ဖို့ စိတ်အားထက်သန်ပြင်းပြမှုတွေကို ဗြိတိန်အစိုးရက ဆက်လက်ပံ့ပိုးသွားမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ မတ် ၂၈ ရက်မှာပဲ ၂၀၂၀ ရွေးကောက်ပွဲမှာ နေရာအများဆုံးအနိုင်ရခဲ့တဲ့ NLD ၊ တတိယအများဆုံးနိုင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပါအဝင် ပါတီ ၄၀ ကို မှတ်ပုံပြန်မတင်တာကြောင့်ဆိုပြီး ပါတီတွေအဖြစ်ကနေ ဖျက်သိမ်းခဲ့ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်အရ ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေးပါတီ ၅၀ ကျော် မှတ်ပုံတင်ခဲ့ကြပြီး ပါတီအသစ်တည်ထောင်တာက ၁၀ ပါတီဝန်းကျင် ရှိပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် တည်ဆဲ ၉၁ ပါတီအနက် ပါတီ ၄၀ ကျော် ပဲ မှတ်ပုံပြန်တင်ခဲ့ ကြတာပါ။

သာကေတမြို့နယ် ၆ ရပ်ကွက်မှာ လျှပ်စစ် နေ့စားဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး

Tharkayta, Yangon

ဓာတ်ပုံ ရင်းမြစ်, သာကေတမြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့

သာကေတမြို့နယ်၊ ၆ ရပ်ကွက်၊ ရွှေပြည်သာလမ်းမကြီး၊ ဝေဇယန္တာလမ်းဆုံမှာရှိတဲ့ လျှပ်စစ်ဓာတ်တိုင်တစ်တိုင်ပေါ်မှာ လုပ်အားပေးလျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်အားလိုင်း တက်ရောက်ပြုပြင်ရာနေ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။

"မီးလာပြင်ရင်းနဲ့ ဖြစ်တာ။ ညနေ ငါးနာရီခွဲလောက်ကပါ။ လူတွေလည်းအများကြီးဝိုင်းအုံကြည့်နေတော့ဘာဖြစ်တာလဲပေ့ါ။ ပြီးမှ လျှပ်စစ်ဝန်ထမ်းလေး ဓာတ်လိုက်ပြီး တန်းလန်းကြီးဖြစ်နေတာ တွေ့ရတယ်။ မီးတွေကလည်းအရမ်းပြတ်နေတဲ့အချိန် သူဓာတ်လိုက်တဲ့အချိန်ကလေ။ မီးက သာကတေမှာ မြို့နယ်တစ်ဝက်လောက်က မီးပြတ်နေတာ။ လူနာတင်ကားကတော့ ၆ နာရီလောက်မှာ လာခေါ်သွားတာတွေ့ရပါတယ်"လို့ သာကေတမြို့ခံတစ်ဦးက ပြောပြပါတယ်။

လျှပ်စစ်ဝန်ထမ်းအမျိုးသားဟာ အသက် ၃၀ အရွယ်ခန့်ရှိပြီး ဓာတ်လိုက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတာကြောင့် ရုပ်အလောင်းကို မိတ်ဖက်ပရဟိတအဖွဲ့တွေနဲ့အတူ ဓာတ်တိုင်ပေါ်မှ သယ်ချပြီး အောင်နိုင်သူ လူမှုကူညီရေးအသင်းကားနဲ့ စံပြဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။