ပင်လောင်းမြို့နယ် လူ ၃၀ ကျော် အစုလိုက် အသတ်ခံရမှု

No tag

ဓာတ်ပုံ ရင်းမြစ်, KNDF

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ရှမ်း ကယားနယ်စပ် ပင်လောင်းမြို့နယ် နမ်းနှိမ်ရွာက ဘုန်းကြီးကျောင်းအတွင်းမှာ သံဃာတော် ၃ ပါးရဲ့ ရုပ်အလောင်းအပါအဝင် လူ ၃၀ ကျော် အသတ်ခံထားရပြီး အဲဒီ ရုပ်အလောင်းတွေကို ဒီက‌နေ့ မတ်လ ၁၂ ရက် မှာ တွေ့ရှိခဲ့တယ်လို့ ကရင်နီကာကွယ်ရေးတပ် KNDF က ဘီဘီစီကို ပြောပါတယ်။

KNDF က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ သေဆုံးသူတွေဟာ ဘုန်းကြီးကျောင်းနံရံရှေ့ မှာ အစုလိုက် သေဆုံးနေကြပြီး သေဆုံးသူတွေနောက်က နံရံမှာတော့ ကျည်ဆံတွေမှန်ထားတာကို အများအပြား တွေ့ရပါတယ်။

ကရင်နီနဲ့ ရှမ်းတောင် ဒေသကာကွယ်ရေးတပ်ဖွဲ့ ပေါင်းစုံပါတဲ့ အဖွဲ့က ပင်းလောင်းမြို့နယ် နန်းနှိမ်ရွာကို နယ်မြေရှင်းလင်းရေး လုပ်ချိန်မှာ ရွာ ဘုန်းကြီးကျောင်းအတွင်း သတ်ဖြတ်ခံထားရတဲ့ သံဃာတော် ၃ ပါး နဲ့ ဒေသခံ ၂၈‌ ဦး ရုပ်အလောင်းတွေကို မတ်လ ၁၂ ရက်နေ့က တွေ့ရတာလို့ ဆိုပါတယ်။

'' ရုပ်အလောင်းတွေကို စိစစ်ရေးလုပ်နေတယ် ၊ သေဆုံးသူတွေက အမျိုးသားတွေဖြစ်သလို ပအိုဝ်း နဲ့ ကယန်း တွေဖြစ်နိုင်တယ်။ အဲဒီဒေသမှာတော့ တိုက်ပွဲဆက်ရှိတယ် '' လို့ ကရင်နီကာကွယ်ရေးတပ် KNDF က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

no tag

ပင်‌လောင်းမြို့နယ်ဟာ ဟိုပုန်း၊ ဆီဆိုင်စတဲ့ မြို့နယ်တွေလိုပဲ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲက မြို့နယ်တခုဖြစ်ပြီး စစ်တပ်အာဏာပိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နဲ့ သူ့ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့‌တွေ အားကောင်းကောင်းနဲ့ လှုပ်ရှားရာ မြို့နယ်လို့လည်း ဆိုကြပါတယ်။

ဒါပေမဲ့ ဒီဒေသအတွင်းနေထိုင်သူအားလုံးဟာ ပအိုဝ်းလူမျိုးချည်းပဲ မဟုတ်ဘဲ “ကယန်းနွယ် လူမျိုးတွေ အများအပြားရှိကြတယ်” လို့ လူမျိုးများအရေးကို အထူးပြု လေ့လာတဲ့ သုတေသီတယောက်က ဘီဘီစီကို ပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ KNDF နဲ့ ၁၉၉၀ အလယ်ပိုင်းနှစ်တွေကတည်းက စစ်ကောင်စီတပ်နဲ့ အပစ်အခတ် ရပ်စဲ ထားတဲ့ KNLP တို့အကြား ဘယ်လို ညှိနှိုင်းမှု၊ ဆက်ဆံမှု ရှိကြသလဲ ဆိုတာကတော့ မသိရသေးပါဘူး။

ပင်လောင်းကနေတဆင့် မြန်မာပြည်အလယ်ပိုင်း “နေပြည်တော်ဘက်ကို ဆင်းချ လာလို့ ရတယ်” လို့လည်း သုံးသပ်သူတွေက ပြောပါတယ်။

ကရင်နီ ပြည်နယ်ထဲက တိုက်ပွဲတွေကနေ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်း အထိ လက်နက်ကိုင် လှုပ်ရှားမှု ပျံ့နှံ့လာတာ တွေကနေ ရှုပ်ထွေးမှုတွေလည်း ဖြစ်လာနိုင်တယ်လို့ မြန်မာ့ နိုင်ငံ‌ရေး စောင့်ကြည့် လေ့လာသူတယောက်က သတိပေးခဲ့ပါတယ်။

 အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်း အရပ်သားသေဆုံးမှု နှစ်ရာသုံးဆယ် ကျော်ထိရောက်လာ

ဓာတ်ပုံ ရင်းမြစ်, KNDF B09

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်း အရပ်သားသေဆုံးမှု နှစ်ရာသုံးဆယ် ကျော်ထိရောက်လာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲတဲ့ ၂၀၂၁ ခုနှစ် ကလည်း ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁နာရီကနေ ညနေ ၅နာရီအထိ ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားတိုးတက်ရေးတပ် KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ အဲဒီနားက ဒေသခံတွေက စစ်ဘေးရှောင်ထွက်ပြေးခဲ့ပြီး စစ်ရှောင်တချို့ မီးရှို့သတ်ဖြတ်ခံရတာတွေ ရှိခဲ့ကြောင်းနဲ့ မီးရှို့သတ်ဖြတ်ခံရသူ အရေအတွက်က ၃၅ ဦးဖြစ်တယ်လို့ KNDF ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခု ပင်လောင်း နမ်းနှိမ်ရွာက အစုလိုက် အသတ်ခံရပြီး သေဆုံးသူတွေဟာ ဘာကြောင့် အခုလို အသတ်ခံရတယ်ဆိုတာနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီနေရာဟာ ပအိုးဝ်စစ်ရှောင်တွေ ခိုလှုံနေတဲ့ နေရာဖြစ်တယ်လို့ ပြောဆိုကြပြီးတော့ စစ်ကောင်စီတပ်ဘက်က ပအိုဝ်းနဲ့ ကယန်းကာကွယ်ရေးတပ်တို့အကြား လူမျိုးရေးအထင်အမြင်လွဲမှားအောင် လုပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ KNDFက ပြောပါတယ်။

KNDF ဘက် ထုတ်ပြန်ချက်မှာ တော့ စစ်ကောင်စီ စစ်ကြောင်းလာချိန်မှာ ဘုန်းကြီးကျောင်းထဲ ခိုလှုံနေသူတွေဖြစ်ပြီး စစ်ကြောင်းနဲ့တိုးလို့ သတ်ဖြတ်ခံရတာ ဆိုတဲ့ ပြောဆိုချက်တွေရှိပါတယ်။

လက်ရှိ အဲဒီဒေသထဲ စစ်ကောင်စီတပ်တွေကို KNDF နဲ့ ရှမ်းတောင် PDF အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကိုဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ဘီဘီစီက မတ်လ ၁၂ ရက်ညပိုင်းမှာ အဆက်သွယ်ရခဲ့ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို ဖြည့်စွက်ရေးသားထားပါတယ်။ ( ဖြည့်စွက်ရေးသားချိန် မတ်လ ၁၂ ရက် မြန်မာစံတော်ချိန် ည ၉ နာရီ ၂၅ မိနစ်)

နမ်းနှိမ်ရွာဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့ အဲဒီဒေသဟာ PNO ရဲ့ ဒေသဖြစ်ပါတယ် ၊ မတ်လ ထဲမှာ KNDF နဲ့KNPP တို့က အကြိမ်ကြိမ် တိုက်ခိုက်နေတာရှိပါတယ်။ KNDF ဘက်က ပြောဆိုချက်ဟာ စွပ်စွဲပြောဆိုချက်ဖြစ်ပါတယ်၊ အဲဒီနေ့က တပ်အနေနဲ့ အကြောင်းကြားပြီးဝင်တယ် ပြီးရင်ပြန်ထွက်သွားတယ်၊ ပြန်ထွက်တဲ့ အချိန်မှာ KNDF , KNPP နဲ့ တချို့သောပအိုဝ်းခွဲထွက်တွေက ဝိုင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြီးတော့ တပ်ကို တစ်ဖက်သတ်စွပ်စွဲခဲ့တာဖြစ်တယ် လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)မှာ တပ်ရင်းပေါင်း ၂၀ ကျော် ရှိလို့ ထုတ်ပြန်ထား

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)မှာ တပ်ရင်းပေါင်း ၂၀ ကျော် ရှိလို့ ထုတ်ပြန်ထား

ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး ကယား (ကရင်နီ) ပြည်နယ်က မြို့နယ်အများစုနဲ့ ကရင်နီပြည်နယ်ထဲကို ဝင်ရောက်နိုင်တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြိုဘက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်နေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်မျက်နှာ လေးခုဖွင့်ကာ စစ်ကြောင်း ၁၂ကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေပြီး အခုနှစ်ပိုင်းထဲ အင်အားအများဆုံးနဲ့ဝင်ရောက်လာတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ပြောကြားချက်အရ ဆိုပါတယ်။

“မတ်လ ၁၀ ရက်နေ့ ပင်လောင်း ဖယ်ခုံအစပ် တောင်မဲသင်း နမ်းနှိမ်တို့ ဘက်နဲ့ ကယားထဲက ဒီးမော့ဆို မြို့နယ် ဒေါဆဲ ဘက်မှာ ညနေပိုင်း ရဟတ်ယာဥ်နဲ့ လာပစ်တာရှိတယ်၊ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ် အခုမနက်လည်း လာပစ်နေတုံးပဲ “လို့ သူကပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ပင်လောင်းတောင်ပိုင်းက ဒေသခံ ငါးထောင်ခန့်၊ ဘောလခဲနဲ့ ဒီးမော့ဆိုကြားက ဒေသခံ ငါးထောင်ဝန်းကျင်ခန့် စစ်ရှောင်အသစ်အဖြစ် ထပ်တိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီးမေ့ာဆိုဘက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတာကြောင့် လွိုင်ကော်မှာ စစ်ဘေးရှောင်သူတွေ သိသိသာသာ များလာနေတယ်လို့ လွိုင်ကော်ဒေသခံတစ်ဦး ကပြောပါတယ်။

စစ်ကောင်စီဘက်က ဖေဖော်ဝါရီ နောက်ဆုံးအပတ်က စလို့ မတ်လ ၁၂ရက်နေ့အထိ စစ်ကြောင်းထိုး တိုက်ခိုက် တာလို့ ဆိုပါတယ်၊ ရှမ်းပြည်နယ် ဖယ်ခုံဘက်မှာ အင်အားဖြည့်ပြီး ဝင်လာသလို ပင်လောင်းဘက်ကနေလည်း ကရင်နီပြည်နယ်ထဲကို ဝင်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မတ်လ ၁၁ ရက်နေ့ မနက် ၁၁နာရီဝန်းကျင်အချိန် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနှိမ်ကျေးရွာမှာ နေအိမ်တွေ မီးရှို့ခံခဲ့ရတာဖြစ်ပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၄၀ ဝန်းကျင် မီးရှို့ခံခဲ့ရနိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။