အစိမ်းရောင်နည်းပညာမှာသုံးတဲ့ အဓိကသတ္တုတွေကို တရုတ်က ကမ္ဘာတဝန်းမှာ လိုက်တူးဖော်နေတာကြောင့် တင်းမာမှုတွေ မြင့်တက်လာနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, Global China Unit
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
အခုနှစ်အစောပိုင်းတုန်းက အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်းက သူ့ရဲ့ အိပ်ဆောင်အပြင်ဘက်က ဒေါသတကြီးအော်ဟစ်သံတွေကြောင့် အိုင်ချင်း တစ်ယောက် ညဉ့်နက်သန်းခေါင်ကြီး လန့်နိုးလာခဲ့ပါတယ်။
ပြတင်းပေါက်ကနေ သူ ခေါင်းပြူကြည့်လိုက်တဲ့အခါ အာဂျင်တီးနား အလုပ်သမားတွေ ခြံဝန်းကို ပတ်ပတ်လည် ဝိုင်းထားကြပြီး မီးတင်ရှို့ထားတဲ့ ကားတာယာတွေနဲ့ ခြံဝင်ပေါက်ကို ပိတ်ဆို့ထားတာကိုလည်း တွေ့လိုက်ရပါတယ်။
"မီးတောက်တွေကြောင့် ကောင်းကင်တစ်ခုလုံး လင်းထိန်နေတာကို တွေ့လိုက်ရတော့ အရမ်းကို ကြောက်သွားမိတယ်။ အဲဒီကနေ ဆူပူအုံကြွမှုကြီး တစ်ခု ဖြစ်လာခဲ့တာ။" လို့ မစ်စ် အိုင်ချင်း က ပြန်ပြောပြပါတယ်။ သူက ဘက်ထရီတွေမှာ အသုံးပြုတဲ့ လစ်သီယမ်သတ္တုတွေကို အန်ဒီးစ်တောင်တန်းတွေမှာရှိတဲ့ ဆားကွင်းပြင်တွေကနေ တူးဖော်ထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။
အာဂျင်တီးနား အလုပ်သမား အတော်များများ အလုပ်ထုတ်ခံခဲ့ရာကနေ အစပြု ပေါ်ပေါက်လာတဲ့ ဒီကန့်ကွက် ဆန္ဒပြမှုဟာ တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ရှင်နိုင်ငံ ဒေသ်ခံအသိုင်းအဝိုင်းအကြား တစ်နေ့တခြား တိုးလာနေတဲ့ အဆင်မပြေမှုတွေထဲက တစ်ခုမျှသာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက်စေအောင် သန့်ရှင်းတဲ့ အစိမ်းရောင်နည်းပညာအသုံးပြုတဲ့ စီးပွားရေးစနစ်အတွက် အရေးပါတဲ့ သတ္တုတူးဖော်မှု လုပ်ငန်းစဉ်တွေကို ကြီးစိုး လုပ်ကိုင်နေခဲ့ပြီး ဖြစ်တဲ့ တရုတ်နိုင်ငံက အခုဆိုရင် ဒီသတ္တု တူးဖော် ထုတ်လုပ်မှုတွေကို ပိုတိုးလုပ်လာနေတာပါ။
ကမ္ဘာမှာ လစ်သီယမ်သတ္တု အများဆုံး ထွက်ရှိရာ အာဂျင်တီးနား၊ ဘိုလစ်ဗီးယားနဲ့ ချီလီနိုင်ငံအကြားက လစ်သီယမ် တြိဂံနယ်မြေအတွင်း သတ္တု တူးဖော်ရေး စီမံကိန်း တစ်ခုရဲ့ ပထမဆုံး အစုရှယ်ယာကို တရုတ်ကုမ္ပဏီတစ်ခုက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကမှ ဝယ်ယူခဲ့တာပါ။
အဲဒီနောက်ပိုင်း ဒေသန္တရ သတ္တုတူးဖော်မှုလုပ်ငန်းတွေမှာ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ရှိလာခဲ့တယ်လို့ သတ္တုတူးဖော်မှုစာစောင်တွေမှာရော၊ ကော်ပိုရေးရှင်း၊ အစိုးရနဲ့ မီဒီယာ တင်ပြချက်တွေအရပါ သိရပါတယ်။
လစ်သီယမ် လောလောဆယ် တူးဖော်နေတဲ့ စီမံကိန်းတွေ ဒါမှမဟုတ် တူးဖော်ဖို့ပြင်နေတဲ့ စီမံကိန်းတွေရဲ့ ခန့်မှန်းခြေ ၃၃ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီတွေက အခုအခါ ထိန်းချုပ်ထားတယ်လို့ တရုတ်ကုမ္ပဏီတွေရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုတွေပေါ် အခြေခံပြီး ဘီဘီစီက ခန့်မှန်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ တရုတ်စီးပွားရေးကုမ္ပဏီတွေ ချဲ့ထွင်လာနေချိန်မှာပဲ တရုတ်ကုမ္ပဏီတွေအနေနဲ့ တခြား နိုင်ငံတကာ သတ္တုတူးဖော်ရေး ကုမ္ပဏီကြီးတွေလိုပဲ အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိုင်ချင်း အတွက်ကတော့ အခုလို ကားတာယာတွေ မီးရှို့ဖျက်ဆီးပြီး ဆူပူဆန္ဒပြမှုကြီးနဲ့ ကြုံလိုက်ရတာက ရုတ်တရက် ထိတ်လန့်စရာ ဖြစ်သွားခဲ့ရပါတယ်။ အာဂျင်တီးနားမှာ အေးအေးချမ်းချမ်း နေရမယ်လို့ အိုင်ချင်းက မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ သူက စပိန်ဘာသာစကား တတ်ကျွမ်းတာမို့ ဒီပဋိပက္ခ ကြားဝင်ညှိနှိုင်းမှုထဲမှာ ဝင်ပါခဲ့ရပါတယ်။
"သိပ်တော့ မလွယ်လှပါဘူး" လို့ သူက ပြောပြပါတယ်။
"စကားလုံး အတိအကျ ဘာသာပြန် မပေးဘဲ ကိစ္စအတော်များများမှာ လေသံလျှော့ ပြောခဲ့ရပါတယ်။ ဥပမာအားဖြင့် အလုပ်သမားတွေက အပျင်းထူပြီး အလုပ်သမား သမဂ္ဂအပေါ် မျက်နှာသာပေးလွန်းတယ် လို့ ကုမ္ပဏီအုပ်ချုပ်ရေးပိုင်းကလူတွေက ယူဆနေကြသလို ဒေသခံတွေကလည်း တရုတ်တွေက သူတို့ကို အသုံးချဖို့သက်သက် ဒီမှာ ရောက်နေတာလို့ ထင်မြင်ပြောဆိုခဲ့ကြတဲ့အခါမျိုးကို ဘာသာပြန်ပေးရတဲ့ အခါမျိုးမှာပါ။"
ကမ္ဘာတဝန်း သတ္တုတူးဖော်ရေး စီမံကိန်း အနည်းဆုံး ၆၂ ခုမှာ တရုတ်ကုမ္ပဏီတွေက အစုရှယ်ယာတွေ ဝင်ထားကြကြောင်း BBC Global China Unit ဌာနက လေ့လာသိခဲ့ရပါတယ်။ အဲဒီကုမ္ပဏီတွေက လစ်သီယမ် ဓာတ်သတ္တု ဒါမှမဟုတ် သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေတဲ့ အစိမ်းရောင်နည်းပညာတွေအတွက် အဓိက အရေးပါတဲ့ ကိုဘော့၊ နီကယ်နဲ့ မန်ဂနီးစ် စတဲ့ သတ္တု ၃ မျိုးထဲက တစ်ခုခု ထုတ်လုပ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အဲဒီဓာတ်သတ္တုတွေ အားလုံးဟာ အခုအခါ တရုတ်နိုင်ငံမှာ ဦးစားပေး ထုတ်လုပ်နေတဲ့ ဆိုလာပြားတွေ၊ အီလက်ထရစ် ကားတွေမှာ သုံးတဲ့ လစ်သီယမ် ဘက်ထရီတွေ ထုတ်လုပ်ရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ စီမံကိန်းတစ်ချို့ဟာ ကမ္ဘာပေါ်က ဒီဓာတ်သတ္တုတွေ ထုတ်လုပ်တဲ့ အကြီးဆုံးကုမ္ပဏီတွေထဲမှာ ပါဝင်ပါတယ်။

တရုတ်နိုင်ငံဟာ လစ်သီယမ်နဲ့ ကိုဘော့ ဓာတ်သတ္တု အများဆုံး သန့်စင်ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်နေတာ ကာလ ရှည်ကြာနေပြီ ဖြစ်ပြီး ကမ္ဘာတဝန်းကို တရုတ်ရဲ့ ထောက်ပံ့တင်ပို့မှုက ၂၀၂၂ ခုနှစ်မှာ လစ်သီယမ် ၇၂ ရာခိုင်နှုန်း၊ ကိုဘော့ ၆၈ ရာခိုင်နှုန်း အထိ ရှိခဲ့တယ်လို့ Chatham House စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အကြံပေးအဖွဲ့ရဲ့ လေ့လာချက်တွေအရ သိရပါတယ်။
ဒီသတ္တုတွေနဲ့ အရေးပါတဲ့ တခြား သတ္တုတွေကို သန့်စင်ထုတ်လုပ်နိုင်စွမ်းကြောင့် ၂၀၂၃ ခုနှစ်မှာ ကမ္ဘာတဝန်း ရောင်းချတဲ့ အီလက်ထရစ်ကား တစ်ဝက်ကျော်ကို တရုတ်က ထုတ်လုပ်နိုင်ခဲ့တဲ့ အဆင့်ထိ ရောက်ခဲ့ပါတယ်။ ကမ္ဘာတဝန်း လေအားသုံး တာဘိုင်ဒလက် ထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းကို တရုတ်က ထုတ်လုပ်နိုင်ခဲ့ပြီး ဆိုလာပြားထောက်ပံ့တင်ပို့မှု အဆင့်တိုင်းရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အရေးပါတဲ့ သတ္တု ထုတ်လုပ်မှုပိုင်းမှာ တရုတ် ပါဝင်လုပ်ဆောင်နေမှုကြောင့် ဒီပစ္စည်းတွေ ပိုစျေးပေါလာခဲ့ပြီး ကမ္ဘာတဝန်းမှာ ရဖို့ ပိုလွယ်လာခဲ့ပါတယ်။
ဒါပေမဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ အစိမ်းရောင်နည်းပညာ စီးပွားရေးအတွက် လိုအပ်တဲ့ သတ္တုတွေကို တူးဖော်ဖို့၊ သန့်စင်ထုတ်လုပ်ဖို့က တရုတ်နိုင်ငံ တစ်နိုင်ငံတည်းကသာ လိုအပ်တာ မဟုတ်ပါဘူး။ တကယ်လို့ ၂၀၅၀ ခုနှစ်မတိုင်ခင် ကမ္ဘာမှာ ဖန်လုံအိမ်ဓာတ်ငွေ့ လုံးဝကင်းစင်သွားဖို့ဆိုရင် ဒီသတ္တုတွေကို ၂၀၄၀ ခုနှစ်မတိုင်ခင် ၆ ဆ တိုး အသုံးပြုရမှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်ရဲ့ ဓာတ်သတ္တု ထောက်ပံ့တင်ပို့မှုအပေါ် အားထားနေမှုကို လျှော့ချဖို့ အမေရိကန်၊ ယူကေနဲ့ ဥရောပသမဂ္ဂတို့မှာ တိုးတက်တဲ့ နည်းဗျူဟာတွေ အားလုံး ရှိနေပါတယ်။

တရုတ်ကုမ္ပဏီတွေက နိုင်ငံရပ်ခြားမှာရှိတဲ့ သူတို့ရဲ့ ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်းတွေကို တိုးလုပ်လာနေရာမှာ ဒီစီမံကိန်းတွေကြောင့် ပြဿနာတွေ ပေါ်ပေါက်လာနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကလည်း မြင့်တက်လာနေပါတယ်။
ဒီလိုပြဿနာဖြစ်တာမျိုးတွေက တရုတ်သတ္တုလုပ်ငန်း ကုမ္ပဏီတွေအတွက် အဆန်းတကြယ် မဟုတ်ပေမဲ့ အရေးပါတဲ့ သတ္တုတွေ သန့်စင်ထုတ်လုပ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်ကုမ္ပဏီတွေအပေါ် ကန့်ကွက် စွပ်စွဲမှုပေါင်းက ၁၀၂ ခု ရှိခဲ့တယ်လို့ အန်ဂျီအို အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Business and Human Rights Resource Centre အဖွဲ့က ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီ စွပ်စွဲမှုတွေထဲမှာ ဒေသခံ အသိုင်းအဝိုင်းရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေမှုမျိုးက အစ၊ ဂေဟစနစ်ကို အန္တရာယ်ဖြစ်စေမှု၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုမရှိတာမျိုးအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။
ဒီစွပ်စွဲမှုတွေဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်းကာလက စွပ်စွဲမှုတွေ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ နောက်ထပ် စွပ်စွဲမှု ၄၀ ကျော် ရှိခဲ့ကြောင်းကို ဘီဘီစီက လေ့လာသိခဲ့ရသလို အန်ဂျီအို ဒါမှမဟုတ် မီဒီယာတွေမှာလည်း ဖော်ပြခဲ့ကြပါတယ်။
ကမ္ဘာ့တစ်ဘက်ခြမ်းဆီမှာ ရှိကြတဲ့ နိုင်ငံ နှစ်ခုက လူတွေကလည်း သူတို့ ကြုံခဲ့ရတာတွေကို ဘီဘီစီကို အခုလို ပြန်ပြောပြခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC / Byobe Malenga
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကတည်းက ဂျင်ချွမ်း တရုတ်ကုမ္ပဏီ ပိုင်ဆိုင်လာခဲ့တဲ့ ရွာရှီ ကိုဘော့ သတ္တုတွင်းကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေကို နိုင်ငံတောင်ဘက်စွန်း လူဘမ်ဘာရှီ မြို့စွန်မှာ ခရစ္စတိုဖာ ကက်ဝီတာ က ဦးဆောင်လုပ်နေခဲ့ပါတယ်။
သူ့အိမ်ဝကနေ မီတာ ၅၀၀ အကွာမှာရှိတဲ့ ဟင်းလင်းပွင့် သတ္တုတွင်းမှာ သီတင်းတစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် ဖောက်ခွဲပစ္စည်းတွေသုံးပြီး ကျောက်ဆောင်တွေ ထုခွဲနေတဲ့အတွက် ဒေသခံတွေရဲ့ ဘဝ ထိခိုက်လာနေရတယ်လို့ ခရစ္စတိုဖာ က ပြောပါတယ်။ ကျောက်ဆောင်တွေကို မိုင်းစခွဲတော့မယ် ဆိုရင် ကိုယ်လုပ်နေတာတွေ ရပ်ပြီး အကာအကွယ်ယူကြဖို့ အချက်ပေး ဥသြဆွဲလေ့ရှိပါတယ်။
"အပူချိန် ဘယ်လောက်ပဲ ပြင်းပြင်း၊ မိုးပဲရွာရွာ၊ လေပဲတိုက်တိုက်၊ ကျွန်တော်တို့အိမ်တွေကို ပစ်ပြီး သတ္တုတွင်းနားက နားခိုစခန်းဆီ ပြေးရပါတယ်" လို့ သူက ပြောပြပါတယ်။
ဒီလို ကျောက်တွေ ဖောက်ခွဲတဲ့အချိန်မှာ ဘယ်နေရာမှာမှ မလုံခြုံတဲ့အတွက် နာမကျန်းဖြစ်နေသူတွေ၊ မီးဖွားပြီးစ မိခင်တွေပါမကျန် လူတိုင်း နားခိုစခန်းဆီ ရှောင်ပြေးကြရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC / Byobe Malenga
၂၀၁၇ ခုနှစ်တုန်းက ကက်တီ ကာဘာဇို ဆိုတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ကျောင်းကနေ အိမ်အပြန် လမ်းမှာလွင့်စင်လာတဲ့ ကျောက်တုံး ထိမှန်ပြီး အသက်ဆုံးခဲ့ရသလို ကျောက်တုံးတချို့ အုတ်နံရံတွေ၊ အိမ်အမိုးတွေပေါ် ကျပြီး ဟောင်းလောင်းပေါက် ဖြစ်သွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
"အဲဒီနေရာမှာ ရှိမနေသင့်ဘဲ ရှိနေခဲ့တဲ့ လူငယ်တစ်ဦး လွင့်စင်လာတဲ့ ကျောက်တုံးတွေကြောင့် ထိခိုက်ခဲ့တယ်" ဆိုပြီး ရွာရှီသတ္တုတွင်းရဲ့ ပြောခွင့်ရသူ အယ်လီဆာ ကာလာဆာ က ဝန်ခံပြောဆိုခဲ့ပါတယ်။
"အဲဒီအချိန်ကစလို့ နည်းပညာပိုင်း တိုးတက်အောင် ကျွန်မတို့ လုပ်ခဲ့ပြီးဖြစ်ပြီး အခုဆိုရင် ကျောက်တုံးလွင့်စင်တာမျိုး မဖြစ်တဲ့ မိုင်းခွဲမှုမျိုး လုပ်နေပြီ ဖြစ်ပါပြီ" လို့ သူက ပြောပါတယ်။
ဒါပေမဲ့လည်း ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းစဉ်မန်နေဂျာ ပက်ထရစ် တီရှီဆန် ရဲ့ ပြောကြားချက်မှာတော့ ကွဲလွဲမှု ရှိနေပါတယ်။ "တကယ်လို့ ကျွန်တော်တို့ မိုင်းခွဲမယ်ဆိုရင် ဖောက်ခွဲပစ္စည်း သုံးပါတယ်။ ဖောက်ခွဲပစ္စည်းကြောင့် ကျောက်တုံးတွေ လွင့်စင်စေပြီး သတ္တုတွင်းနဲ့ အရမ်းနီးတဲ့ ဒေသခံအသိုင်းအဝိုင်းတွေဆီ ရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို မတော်တဆမှုတွေ အတော်များများ ဖြစ်ခဲ့တာပါ။"
၂၀၀၆ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အကြားကာလအတွင်းတုန်းက သတ္တုတွင်းတွေကနေ ပိုဝေးတဲ့ နေရာတွေဆီ ပြောင်းရွှေ့နေထိုင်ကြဖို့ မိသားစု ၃၀၀ ကျော်ကို ကုမ္ပဏီက လျော်ကြေးငွေ ပေးခဲ့တယ်လို့ မစ္စ ကာလာဆာ ကလည်း ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံက လူသူအရောက်နည်းတဲ့ အိုဘီ ကျွန်းစုမှာလည်း Lygend Resources and Technology ဆိုတဲ့ တရုတ်ကုမ္ပဏီနဲ့ ဟာရီတာ အင်ဒိုနီးရှား သတ္တုတွင်းကုမ္ပဏီကြီး တို့ ပူးတွဲ ပိုင်ဆိုင်တဲ့ သတ္တုတွင်းတစ်ခုကြောင့် ကာဆာဝီရွာနားတစ်ဝိုက်က သစ်တောတွေ အလျင်အမြန် ပျောက်ကွယ်သွားခဲ့ရပါတယ်။
အဲဒီရွာက ရွာသားတွေဟာ အစိုးရဆီက လျော်ကြေးငွေ ယူပြီး နေရာပြောင်းရွှေ့ပေးဖို့ ဖိအားပေး ခံခဲ့ကြရတယ်လို့ ဂျာတမ် လို့ခေါ်တဲ့ ဒေသခံ သတ္တုတွင်း စောင့်ကြည့်ရေးအဖွဲ့ က ပြောပါတယ်။ အစိုးရ ပေးမယ်ဆိုတဲ့ လျော်ကြေးငွေက အိမ်မြေပေါက်စျေးထက် အများကြီး ပိုနည်းတယ်လို့ ဆိုပြီး မိသားစု ၂၀၊ ၃၀ လောက်က ပြောင်းရွှေ့ပေးဖို့ ငြင်းဆန်ထားပါတယ်။ အဲဒါကြောင့် နည်းဗျူဟာအရ အရေးပါတဲ့ နိုင်ငံတော် စီမံကိန်းတစ်ခုကို ဖျက်လိုဖျက်ဆီးလုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဥပဒေကြောင်းအရ တရားစွဲမယ် ဆိုပြီး အဲဒီလူတွေ ခြိမ်းခြောက်ခံနေရတယ်လို့ တချို့က ပြောပါတယ်။


အဲဒီ သတ္တုတွင်း တူးဖော်ဖို့ နှစ်ရှည် သစ်တောတွေ ရှင်းလင်း ခုတ်ထွင်ခံခဲ့ရတယ်လို့ ဂျာတမ် အဖွဲ့က ပြောပါတယ်။ မြစ်တွေ၊ သမုဒ္ဒရာတွေမှာ အနည်တွေနဲ့ ပြည့်သွားခဲ့ပုံ၊ တစ်ချိန်က သန့်ရှင်းစင်ကြယ်ခဲ့တဲ့ အဏ္ဏဝါရေ ပတ်ဝန်းကျင်က အခုအခါ ညစ်ညမ်းလာနေပုံကို သူတို့အဖွဲ့က လေ့လာ မှတ်တမ်းတင်ခဲ့ပါတယ်။
"အခုဆိုရင် မြစ်ရေက သောက်သုံးလို့ မရတော့လောက်အောင် ညစ်ညမ်းနေပါပြီ။ အရင်က အရောင်ပြာပြာနဲ့ ကြည်လင်နေခဲ့တဲ့ ပင်လယ်ရေဆိုရင်လည်း အခုဆိုရင် မိုးရွာတာနဲ့ အနီရောင် ပြောင်းသွားပါတယ်" လို့ ကာဝါဆီရွာမှာ နေထိုင်တဲ့ ကျောင်းဆရာမ နူရ် ဟာယာတီ က ပြောပြပါတယ်။
သတ္တုတွင်းကို ကာကွယ်စောင့်ရှောက်ဖို့ အင်ဒိုနီးရှား စစ်သားတွေကို အဲဒီကျွန်းစုဆီ စေလွှတ်ထားပြီး မကြာသေးခင်က အဲဒီကို ဘီဘီစီအဖွဲ့ သွားရောက်ကြည့်ရှုခဲ့စဉ်မှာ စစ်သားတွေ သိသိသာသာ တိုးချထားတာကို တွေ့ခဲ့ရပါတယ်။ သတ္တုတွင်းကို ကန့်ကွက်ဝေဖန်သူတွေအပေါ် ခြိမ်းခြောက်ဖို့ ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ဖို့အထိတောင် အဲဒီစစ်သားတွေကို အသုံးပြုနေတယ်လို့ ဂျာတမ်အဖွဲ့က ပြောပါတယ်။ "စစ်တပ် အဲဒီမှာရောက်နေတာဟာ ကိုယ့်ပြည်သူတွေ ကောင်းကျိုးကို ကာကွယ်ဖို့ မဟုတ်ဘဲ သတ္တုတွင်း အကျိုးစီးပွားကို စောင့်ရှောက်ဖို့သာ ဖြစ်တယ်လို့ ဒေသခံတွေက ခံစားမိကြတယ်" ဆိုပြီး မစ္စ နူရ်က ပြောပါတယ်။
ဂျာကာတာမှာ ရှိတဲ့ စစ်တပ်ပြောခွင့်ရသူကတော့ ခြိမ်းခြောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေက သက်သေမပြနိုင်ကြောင်းနဲ့ စစ်သားတွေက သတ္တုတွင်းကို ကာကွယ်စောင့်ရှောက်ဖို့ ရောက်နေတာဖြစ်ပြီး ဒေသခံတွေနဲ့ "တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့" အဲဒီမှာ ရှိနေတာ မဟုတ်ဘူးလို့ ဆိုပါတယ်။
သတ္တုတွင်းအတွက် နေရာဖယ်ပေးဖို့ ရွာသားတွေကို ပြောင်းရွှေ့ နေရာချထားမှုကို ရဲတွေက ငြိမ်းငြိမ်းချမ်းချမ်း ချောချောမွေ့မွေ့ ကြီးကြပ်ဆောင်ရွက်ပေးခဲ့တယ်လို့ သူက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
သတ္တုတွင်းကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေအပေါ် ကန့်ကွက်ဆန္ဒပြဖို့ ၂၀၁၈ ခုနှစ် ဇွန်လက ဂျာကာတာမြို့တော်ဆီ ချီတက်ခဲ့ကြတဲ့ ရွာသားအုပ်စုတွေထဲမှာ မစ္စ နူရ်လည်း ပါပါတယ်။ ဒါပေမဲ့ ဒေသန္တရ အစိုးရ ကိုယ်စားလှယ် ဆမ်ဆူ အဘူဘာကာ ကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ပတ်သက်လို့ လူထုဆီက ဘာကန့်ကွက်ချက်မျိုးမှ မရခဲ့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ဟာရီတာ ကုမ္ပဏီ အနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ စောင့်ကြည့်မှုဆိုင်ရာ တာဝန်ဝတ္တရားတွေကို လိုက်နာဆောင်ရွက်ခဲ့ကြောင်း ကောက်ချက်ချထားတဲ့ အစိုးရ အစီရင်ခံစာတစ်စောင်ကိုလည်း သူက ပြန်ဝေမျှခဲ့ပါတယ်။
ဟာရီတာ ကုမ္ပဏီကြီးကိုယ်တိုင်ကလည်း သူတို့အနေနဲ့" စီးပွားရေး ကျင့်ဝတ်တွေနဲ့ ဒေသန္တရ ဥပဒေတွေကို တင်းတင်းကျပ်ကျပ် လိုက်နာခဲ့ပြီး ဆိုးကျိုးမှန်သမျှ လျော့နည်းနိုင်သမျှ လျော့နည်းအောင် စဉ်ဆက်မပြတ် ဖြေရှင်းဆောင်ရွက်ခဲ့တယ်"လို့ ဘီဘီစီကို ပြောပါတယ်။
သူတို့ကြောင့် နေရာအနှံ့ သစ်တောပြုန်းတီးတာမျိုး မဖြစ်စေခဲ့ကြောင်းနဲ့ ဒေသခံတွေအတွက် သောက်သုံးရေ အရင်းအမြစ်ကို အမြဲစောင့်ကြည့်လေ့လာခဲ့ကြောင်း ပြောပါတယ်။ သီးခြားလွတ်လပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေအရ အဲဒီက ရေဟာ အစိုးရသတ်မှတ်ထားတဲ့ စံချိန်အရည်အသွေးနဲ့ ကိုက်ညီတယ် ဆိုတာကိုလည်း အတည်ပြုသိရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသခံတွေကို အတင်းပြောင်းရွှေ့ခိုင်းတာမျိုး၊ မြေတွေကို မတရား ဝယ်ယူတာမျိုး မရှိခဲ့သလို တစ်စုံတစ်ယောက်ကိုမှ ခြိမ်းခြောက်တာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty
လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက CCCMC လို့ အများသိကြတဲ့ တရုတ် သတ္တုတွင်းကုန်သွယ်ရေးအဖွဲ့ကြီးက တရုတ်ပိုင် သတ္တုတွင်းစီမံကိန်းတွေအပေါ် ကန့်ကွက်မှုတွေကို ဖြေရှင်းပေးဖို့ ရည်ရွယ်တဲ့ ယန္တရားအဖွဲ့ကြီးတစ်ခုကို စဖွဲ့စည်းခဲ့ပါတယ်။ ဒေသခံအသိုင်းအဝိုင်း ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ယဉ်ကျေးမှုပိုင်း၊ ဘာသာစကားပိုင်းမှာ တရုတ်ကုမ္ပဏီတွေကိုယ်တိုင်ကအရည်အချင်း လစ်ဟာကြတယ်လို့ အဖွဲ့ပြောခွင့်ရသူ လီလီယာ လီ က ပြောပါတယ်။
ဒါပေမဲ့ အဲဒီယန္တရားအဖွဲ့က ခုချိန်ထိ အပြည့်အဝ မလည်ပတ်နိုင်သေးပါဘူး။
ဒီအတောအတွင်းမှာပဲ နိုင်ငံခြား သတ္တုတွင်းလုပ်ငန်းတွေမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုက တိုးလာနေတာကတော့ သေချာပါတယ်။ ဒါဟာ အရေးပါတဲ့ စျေးကွက်တစ်ခုကို ထိန်းချုပ်ဖို့ ပထဝီနိုင်ငံရေး ကစားတာမျိုးတင် မကဘဲ စီးပွားရေးရှုထောင့်အရ လုပ်တာလို့ ယူကေအခြေစိုက် Ember စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စောင့်ကြည့်အကြံပေးအဖွဲ့ရဲ့ အာရှစီမံကိန်းဒါရိုက်တာ အဒစ်ယာ လော်လာ က ပြောပါတယ်။
"ဒီသတ္တုတွင်းတွေကို တရုတ်ကုမ္ပဏီတွေက ရယူခဲ့တာဟာ သူတို့အမြတ်အစွန်းရဖို့ ဖြစ်တယ်" လို့ သူက ပြောပါတယ်။
ရလဒ်အနေနဲ့ ကမ္ဘာတဝန်းက သတ္တုတွင်း စီမံကိန်းတွေဆီ တရုတ်အလုပ်သမားတွေကို ဆက်ပို့နေဦးမှာ ဖြစ်ပြီး ဒီစီမံကိန်းတွေကနေ ဝင်ငွေကောင်းကောင်း ရဖို့ သူတို့မှာ အခွင့်အလမ်း ရှိနေမှာ ဖြစ်ပါတယ်။
အဲဒီထဲမှာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံက တရုတ်ပိုင် ကိုဘော့ သတ္တုတွင်းတွေမှာ ၁၀ နှစ်ကြာ အလုပ်လုပ်ခဲ့သူ ဝမ်ဂမ်း လို လူတွေပါပါတယ်။ ကုမ္ပဏီပိုင်အဆောင်မှာ နေထိုင်ပြီး ကုမ္ပဏီဝန်ထမ်း စားသောက်ဆိုင်မှာ စားလေ့ရှိတဲ့ အသက် ၄၈ နှစ်အရွယ် ဝမ်ဂမ်း ဟာ တစ်ရက်ကို ၁၀ နာရီ၊ တစ်ပတ်ကို ၇ ရက် အလုပ်လုပ်ပြီး တစ်လမှာ ၄ ရက်ပဲ ခွင့်ရပါတယ်။
သူ့နေရပ်မှာ ရတာထက် လစာငွေ ပိုရတဲ့အတွက် ဟူဘေးပြည်နယ်က သူ့မိသားစုနဲ့ ခွဲနေရတာကို ဝမ်ဂမ်းက လက်ခံထားပါတယ်။ ဒါ့အပြင် ကွန်ဂို ဒီမိုကရက်တစ်သမ္မတ နိုင်ငံက ကြည်လင်တဲ့ ကောင်းကင်ပြင်နဲ့ မြင့်မားထူထပ်တဲ့ သစ်တောတွေရှိရာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတ နိုင်ငံမှာ နေရတာကိုလည်း သူကြိုက်နှစ်သက်လို့ ဖြစ်ပါတယ်။
သူက ဒေသခံ မိုင်းလုပ်သားတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ပြင်သစ်၊ ဆွာဟီလီး၊ အင်္ဂလိပ် ဘာသာစကားတွေ ရောနှော ပြောလေ့ ရှိပါတယ်။ ဒါပေမဲ့ "အလုပ်ကိစ္စကလွဲလို့ စကားစမြည် ပြောခဲပါတယ်"လို့ သူက ပြောပါတယ်။
အာဂျင်တီးနားနိုင်ငံမှာ လာအလုပ်လုပ်နေတဲ့ အိုင်ချင်း တောင်မှ စပိန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပေမဲ့ အလုပ်ခွင်ပြင်ပမှာ အာဂျင်တီးနားဒေသခံတွေနဲ့ ထိတွေ့ဆက်ဆံမှု မရှိသလောက်ပါပဲ။ အခုအခါအိုင်ချင်း ဟာ လုပ်ဖော်ကိုင်ဖက် တရုတ်အလုပ်သမားတစ်ယောက်နဲ့ ချစ်ကြိုက်စ ပြုနေပြီး သူတို့အတွဲဟာ သူတို့လို လာအလုပ်လုပ်တဲ့ တရုတ်တွေနဲ့ပဲ အပြင်ထွက် စားသောက်လေ့ရှိပါတယ်။ မိုင်ထောင်ပေါင်းများစွာဝေးတဲ့ တရုတ်ပြည်ကနေ လာကြသူချင်းမို့ အချင်းချင်း ပိုရင်းနှီးလာကြပါတယ်။
သူ့အတွက် မီးမောင်းထိုး အမှတ်ရစရာ တစ်ခုကတော့ လစ်သီယမ် ထုတ်လုပ်တဲ့ အင်ဒီးစ်တောင်တန်းပေါ်က ဆားလွင်ပြင်ဆီ သွားလည်ရတာ ဖြစ်ပြီး အဲဒီမှာ ဘဝကြီးက အေးချမ်းတယ်လို့ ခံစားရကြောင်း ပြောပါတယ်။
"ပင်လယ်ရေပြင်အထက် အမြင့်မှာမို့ အဲဒီကိုသွားတဲ့အခါတိုင်း မူးဝေတဲ့ ဝေဒနာကို အမြဲ ခံစားရတတ်ပြီး အိပ်လို့မရ၊ စားလို့မရ ဖြစ်တတ်ပါတယ်" လို့ သူက ပြောပြပါတယ်။ "ဒါပေမဲ့ အဲဒီနေရာမှာက ရိုးရှင်းပြီး လုပ်ငန်းသဘာဝ အရှုပ်အရှင်း မရှိတာကြောင့် အဲဒီကို သွားရတာကို ကျွန်မ အရမ်းကြိုက်ပါတယ်"
(အိုင်ချင်းနဲ့ ဝမ်ဂမ်း က အမည်အစားထိုး ဖော်ပြထားတာ ဖြစ်ပါတယ်။)
အမ်မာရီ မကူမီနို၊ ဘိုင်ယိုဘီ မလန်ဂါ၊ လူဆီယန် ကဟိုဇီ တို့ရဲ့ သတင်းပေးပို့ချက်တွေကို ဖြည့်စွက်ထားပါတယ်။










