သက်ဆင် ရှင်နာဝပ် - ထောင် ၈ နှစ်ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Imagaes
ထိုင်းတရားရုံးချုပ်မှာရှိတဲ့ နိုင်ငံရေးရာထူးရယူထားသူများဆိုင်ရာ ရာဇဝတ်ဌာနက မစ္စတာ သက်ဆင်ကို ဒီနေ့ မွန်းလွဲပိုင်းမတိုင်ခင်မှာပဲ အမှု ၃ ခုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပြီဖြစ်ပါတယ်။
အဂတိမှုတွေနဲ့ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးဘက်က ဆုံးဖြတ်လိုက်တဲ့အထဲမှာ မစ္စတာ သက်ဆင်ဟာ ရာထူးရယူထားချိန် ရယူထားတဲ့ရာထူးကို အလွဲသုံးပြီး ထိုင်း ပို့ကုန်သွင်းကုန်ဘဏ်ကနေတဆင့် မြန်မာကို ထိုင်းဘတ်ငွေ ၄ ဘီလျံ ချေးခဲ့တာလည်း ပါဝင်ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက မြန်မာစစ်အစိုးရကို ငွေချေးခဲ့တာဖြစ်ပြီး အကျိုးစီးပွားဆက်နွှယ်မှုနဲ့ ထောင် ၃ နှစ် ချမှတ်ခံရတာဖြစ်ပါတယ်။
မြန်မာက မစ္စတာသက်ဆင်မိသားစုပိုင်တဲ့ ရှင်ဂြိုဟ်တုလုပ်ငန်းထုတ်ကုန်တွေကို ဝယ်ယူနိုင်အောင် အတိုးနည်းနည်းနဲ့ ငွေချေးခဲ့တာဆိုပြီး တရားရုံးက ပြောပါတယ်။
နောက်တစ်မှုကတော့ ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်မှာ ၂ လုံးထီနဲ့ ၃ လုံးထီကို တရားမဝင် စတင်ဖို့လုပ်တယ်ဆိုတဲ့အမှုဖြစ်ပြီး အဲဒီအမှုအတွက် ထောင် ၂ နှစ် ချမှတ်ခံရပါတယ်။
နောက်တစ်မှုကတော့ သူ့မိသားစုပိုင်တဲ့ ရှင်ကော်ပိုရေးရှင်းဟာ နိုင်ငံပိုင်တယ်လီကွန်းလုပ်ငန်း ၂ ခုကနေ မိုဘိုင်းဖုန်းဆိုင်ရာလုပ်ပိုင်ခွင့်တွေရရှိခဲ့တာဟာ ကိုယ်တိုင် ဒါမှမဟုတ် မိသားစုအတွက် အကျိုးရှာခဲ့တယ်ဆိုပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတာဖြစ်ပါတယ်။
အခုတော့ မစ္စတာသက်ဆင်ကို ဘန်ကောက်မြို့က အကျဥ်းထောင်ဆီ အာဏာပိုင်တွေက ခေါ်သွားပြီဖြစ်ပါတယ်။
သက်ဆင် ထိုင်းကို ပြန်လာပြီ
ထိုင်းနိုင်ငံရဲ့သူဌေးကြီးတစ်ဦးဖြစ်သလို ဝန်ကြီးချုပ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ သက်ဆင် ရှင်နာဝပ်တစ်ယောက် ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီး ၁၇ နှစ်အကြာမှာ ထိုင်းနိုင်ငံထဲကို ပြန်ဝင်လာပါပြီ။
ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို ကိုယ်ပိုင်လေယာဥ်နဲ့ ဆင်းသက်လာတဲ့ မစ္စတာသက်ဆင်ကို သူ့ကိုထောက်ခံတဲ့ ရှပ်နီဝတ်လူရာချီက ကြိုဆိုနှုတ်ဆက်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ သူမျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရတဲ့အမှုတွေအတွက် တရားရုံးချုပ်မှာရှိတဲ့ နိုင်ငံရေးရာထူးရယူထားသူများဆိုင်ရာ ရာဇဝတ်ဆိုင်ရာဌာနကို လွှဲပြောင်းခံရဖို့ရှိပါတယ်။
အဲဒီမှာ အလိုရှိသူအဖြစ်သတ်မှတ်ခံရတဲ့သူ့အခြေအနေကို အတည်ပြုပြီးနောက် ဖမ်းဆီးဝရမ်းကို လက်ခံရမှာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ သက်ဆင်ဟာ အကျဥ်းဦးစီးဌာနကို လွှဲပြောင်းခံရမှာဖြစ်ပြီး ဘန်ကောက်မြို့ ရမန် အချုပ်ထောင်ဆီ ထပ်မံလွှဲပြောင်းခံရမှာဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၇၀ ရှိနေပြီဖြစ်လို့ မစ္စတာ သက်ဆင်ဟာ တော်ဝင်အသနားခံစာ လျှောက်ခွင့်ရှိနိုင်ခြေရှိပါတယ်။
မစ္စတာ သက်ဆင်ဟာ ပြည်ပမှာ တိမ်းရှောင်နေချိန်အတွင်း အမှု ၃ ခုအတွက် ထိုင်းတရားရုံးချုပ်ကနေ ချမှတ်ထားတဲ့ မျက်ကွယ်ထောင်ဒဏ် ၈ နှစ်ကို ရင်ဆိုင်ရဖို့ ရှိနေတာပါ။
သက်ဆင် ဘာကြောင့်ပြည်ပထွက်ခဲ့တာပါလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၀၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သူ့အစိုးရဖြုတ်ချခံရချိန်ကစလို့ သက်ဆင်ဟာ ၂၀၀၈ ခုနှစ်ကတည်းက နိုင်ငံပြင်ပမှာ ထွက်ပြေးခိုလှုံနေတာပါ။
သူစွပ်စွဲခံရတဲ့ အမှု ၄ မှုထဲမှာ ထိုင်းနိုင်ငံရဲ့ ပို့ကုန်-သွင်းကုန် (Exim) ဘဏ်က တစ်ဆင့် မြန်မာနိုင်ငံကို ချေးငွေ ဘတ် ၄ ဘီလီယံကို ခွင့်ပြုခဲ့တာမှာ သူ့ရဲ့ ရာထူးအာဏာကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုလည်းပါဝင်ပါတယ်။
ထိုင်းစစ်တပ်က အာဏာသိမ်းပြီး မစ္စတာ သက်ဆင်ကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့နောက်၊ ဝန်ကြီးချုပ်ဟောင်းဟာ ပြည်ပမှာပဲ နေထိုင်လာတာ အခုဆိုရင် ၁၅ နှစ် ရှိပြီဖြစ်ပါတယ်။ များသောအားဖြင့် ဒူဘိုင်းမှာ နေတာ ဖြစ်ပါတယ်။
သက်ဆင် ဘာကြောင့် ပြည်တော်ပြန်ဝင်လာတာပါလဲ
အသက် ၇၀ ကျော်အရွယ် မစ္စတာ သက်ဆင်ကတော့ ပြည်တော် ပြန်ဝင်လာရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မပြောထားပေမဲ့ နိုင်ငံတွင်းကိုပြန်ပြီး မြေး ၇ယောက်နဲ့ အတူနေထိုင် ပြုစုပျိုးထောင်လိုတယ်လို့တော့ အစောပိုင်းတုန်းက ပြောထားပါတယ်။
နောက် နှစ်ပေါင်းများစွာကြာပြီးမှာ ထိုင်းနိုင်ငံထဲကို အခုလို ပြန်ဝင်လာတာဖြစ်လို့ နိုင်ငံထဲ ပြန်ဝင်လာဖို့အရေး စိတ်လှုပ်ရှားမိတယ်လို့ မစ္စတာ သက်ဆင်က ဘီဘီစီထိုင်းဘာသာစကားဌာနကို ပြောထားပါတယ်။








