ဒီဇင်ဘာ ၆ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - မြန်မာဘက်က ကျည်ထပ်ကျရင် တုံ့ပြန်မယ်လို့ ထိုင်းကာချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကြား ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် မနေ့တုန်းက ထိုင်းဘက်ခြမ်းကို မော်တာကျည်ကျရောက်ပေါက်ကွဲတာကြောင့် ဒါမျိုးထပ်ဖြစ်ရင် စည်းမျဉ်း စည်းကမ်းအတိုင်း တုံ့ပြန်မယ်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ukrit Boontanon က ပြောကြောင်း ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
လတ်တလော မြန်မာစစ်တပ်နဲ့ KNU ကြားထိတွေ့မှုဖြစ်နေတဲ့ ဖလူးဒေသ မင်းလက်ပံရွာနဲ့ အနီးဆုံးမှာရှိတဲ့ ထိုင်း၊ မဲဆောက်အပိုင် မဲ့ကို့ကင်းရွာထဲကို မနေ့က ကျည်ထပ်ကျရောက်ခဲ့တာပါ။
လူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ထိုင်းကာကွယ်ရေးဦးစီးချုပ်က "တကယ်လို့ ဒါမျိုး ထပ်ဖြစ်မယ်ဆိုရင် ထိုင်းတပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တင်းတင်းကျပ်ကျပ်ကိုင်တွယ် မယ်" လို့ ပြောပါတယ်။
နယ်စပ်ဒေသက ထိုင်းပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက်ထား တယ်လို့ ဒီနေ့ မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ သူကပြောခဲ့တာပါ။
အခုလို ကျည်ကျရောက်မှုတွေကို ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖြစ်တဲ့ Naresuan တပ်အောက် က the Ratchamanu Special Task Force အထူးစစ်တပ်ဟာ ပြန်လည် သတိပေးပစ်ခတ်တာ လုပ်သလို မြန်မာစစ်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရပ်မျိုးနောက်ထပ်မဖြစ်အောင် ဘက်ပေါင်းစုံကို သတိပေးတာလို့လည်း ထိုင်းကာကွယ်ရေး ဦးစီးချုပ်က ထည့်ပြောကြောင်း ဖော်ပြကြပါတယ်။
ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ထိန်းချုပ်ဒေသ မင်းလက်ပံရွာက ကျားဖြန့်လုပ်ငန်းတွေကို KNU က ဝင်ရောက်စီးနင်းပြီးနောက် အဲဒီရွာမှာ စစ်တပ်နဲ့ KNU ကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ထိုင်း၊ မဲ့ကို့ကင်းရွာဘက်ကို နိုဝင်ဘာလကုန်ပိုင်းကစလို့ ကျည်ကျရောက်မှုတွေဆက်တိုက်ရှိနေပြီး မြန်မာစစ်တပ်ဘက်ကတော့ ထိခိုက်သွားတဲ့ထိုင်းနိုင်ငံသားအတွက် ကုန်ကျစရိတ်တဝက်ကျခံမယ် လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလဆန်းပိုင်းမှာ တုံ့ပြန်ပြောထားပါတယ်။
မိုးကုတ် - မိုးမိတ်ဒေသမှာ တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, cincds
စစ်တပ်က လေကြောင်းက ဗုံးကြဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တအာင်းတပ် (TNLA) က အပစ်ရပ်သဘောတူညီချက်နဲ့ ပြန်ပေးလိုက်တဲ့ မိုးကုတ် - မိုးမိတ်ဒေသကို ပြန်ဝင်လာတဲ့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ် ထုတ်ပြန်လာ ပါတယ်။
နိုဝင်ဘာ ၃၀ ရက်ကစလို့ ဒီနေ့အထိ တပတ်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး စစ်တပ်ရဲ့ အရေးပါတဲ့စခန်းကုန်းတစ်ခုကို သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားတာပါ။
ဘီဘီစီ မြေပြင်အရင်းအမြစ်တစ်ဦးရဲ့ အပြောအရ ဒီနေ့မနက်ပိုင်းမှာ မိုးမိတ်မြို့နဲ့ ၁၈ မိုင်အကွာက မြစ်ဆုံရွာကို စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သလို စက်သေနတ်နဲ့ပါ လိုက်လံပစ်ခတ်တာကြောင့် ထိခိုက်သေဆုံးမှုများတယ်လို့ ပြောပါတယ်။
"မိုးကုတ်နဲ့မိုးမိတ် မြို့ပေါ်တွေက စစ်ရှောင်လာသူတွေ ထိတာပါ။ မိုးမိတ်ဘက်မှာ စစ်ကြောင်းပါ ထိုးလာတယ်" လို့ မြေပြင်အရင်းအမြစ်က ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့တော့ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထည့်သွင်းထုတ်ပြန်တာ မရှိသလို မိုးကုတ်-မိုးမိတ်အခြေအနေနဲ့ပတ်သက်ပြီးလည်း မြန်မာစစ်တပ်ဘက်က တစုံတရာ ထုတ်လာတာမရှိသေးပါဘူး။
မိုးကုတ်မြို့ကို မိုးကုတ်အခြေစိုက် PDF အဖွဲ့တွေက ပူးပေါင်းကာကွယ်မယ်လို့ ထုတ်ပြောထားပြီး မိုးမိတ်မြို့ကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေက ကာကွယ်မယ် လို့ ကနဦးထဲက အသီးသီးပြောထားကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်အနေနဲ့ မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ ရက်နေ့တည်းကဖွဲ့စည်းပြီး PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို တသမတ်တည်း အမိန့်ပေးကွပ်ကဲမှု စနစ်အောက်ကနေ စစ်ဆင်ရေးကိစ္စရပ်တွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲနေတယ်လို့ ဖော်ပြပါတယ်။
အရပ်သားပြည်သူတွေကိုထိခိုက်မရှိအောင် တိုက်ပွဲမဖြစ်ခင်ကတည်းက ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းနေရာချထားပေးသလို လိုအပ်တဲ့ထောက်ပံ့မှုတွေ ပေးထားတယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။
စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲက ၂၀၁၀ လို အခင်းအကျင်းမဖြစ်နိုင်ဘူးလို့ SAC-M ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲအလွန် အခင်းအကျင်းလိုမျိုး မဖြစ်နိုင်ကြောင်း SAC- M ရဲ့ မနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့စာတမ်းမှာ ဖော်ပြပါတယ်။
SAC-M ဆိုတာ မြန်မာနဲ့ ပတ်သက်လို့ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာအထူးကိုယ်စားလှယ်ဟောင်းတွေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေပါဝင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။
SAC – M ရဲ့ တွေ့ရှိချက်အရ ရွေးကောက်ပွဲဟာ စစ်မှုထမ်းဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေး (USDP) ပါတီ အနိုင်ရရေးကိုသာအာမခံထားပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို တပ်ကိုယ်စားလှယ်တွေ၊ ဒီပါတီကရွေးကောက်ခံရတဲ့အမတ်အများစုနဲ့ ထိန်းကျောင်းမယ့်သဘော လို့ ဆိုပါတယ်။
ဒါကြောင့် မကြာခင်ပြုလုပ်မယ့်ရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ စစ်တပ်ရဲ့ အာဏာတည်မြဲရေးအတွက်သာရည်ရွယ်တယ်လို့ အဖွဲ့အစည်း ၄၁ ခုကို မေးမြန်းပြီး ထုတ်ပြန်ထားတဲ့ နောက်ဆုံးစာတမ်းမှာ SAC-M က ထောက်ပြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပြင် အာရက္ခတပ်တော် (အေအေ)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ပါ SAC- M ရဲ့ စစ်တမ်းမှာ ပါဝင်ဖြေဆိုထားကြတာပါ။
ဒီရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေကိုပဲ ပိုတိုးစေနိုင်တယ်လို့ဆိုပြီး နိုင်ငံတကာကလုပ်သင့်တဲ့ အချက်တွေကိုလည်း ကဏ္ဍအလိုက်ထည့်ပြောထားပါတယ်။
ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် ရောမသဘောတူစာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ အနေနဲ့ မြန်မာမှာလေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့၊ NUG NUCC အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို တရားဝင်ထိတွေ့ဆက်ဆံဖို့ လုပ်သင့်ကြောင်း ပြောပါတယ်။
အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့တွေစောင့်ကြည့်တဲ့ တနိုင်ငံလုံး အပစ်ခတ် ရပ်ဆဲရေးဖြစ်လာဖို့အပါအဝင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးတို့မှာ မြန်မာစစ်တပ်ကို အရေးယူနိုင် ရေးအတွက် နိုင်ငံတကာက လုပ်ဆောင်ဖို့လိုတယ်လို့လည်း SAC-M ရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ မြန်မာစစ်တပ်ကတော့ ရွေးကောက်ပွဲပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်၊ ဒုတိယပိုင်းကို ဇန်နဝါရီ ၁၁ ရက်မှာကျင်းပမှာဖြစ်ပြီး တတိယပိုင်းကျင်းပမယ့်ရက်ကို မထုတ်ပြန်သေးပါဘူး။
လက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲစုကြည့်ချိန် လေကြောင်းဗုံးကြဲလို့ ၂၀ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်း ပအဖ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း၊ မရကန်ရွာ လက်ဖက်ရည်ဆိုင်မှာ မြန်မာဘောလုံးအသင်းရဲ့ ဆီးဂိမ်းဖွင့်ပွဲကို စုကြည့်နေတဲ့အချိန် စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့ တာကြောင့် သေဆုံးသူ ၂၀ ဦးအထိရှိလာပြီလို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကနေ သိရပါတယ်။
"Boycott (သပိတ်မှောက်) တာကတော့ မှောက်တာပေါ့ဗျာ။ ဘောလုံးပွဲကတော့ ကြိုက်တဲ့သူ က ကြည့်ကြတာပေါ့" လို့ ဒီပဲယင်းမြေပြင်မှာရှိနေသူတစ်ဦးက ပြောပါတယ်။
ကြဲချတဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးထဲက တစ်လုံးဟာ အင်တာနက်ရော တီဗီပါရှိတဲ့ လက်ဖက်ရည်ဆိုင် ပေါ်ကို တည့်တည့်ကျတာကြောင့် လူသေဆုံးမှုများပြားတာလို့ မြေပြင်အခြေအနေသိရှိသူ သုံးဦး ဆီက သိရပါတယ်။
"ဗုံးကျတဲ့နေရာတွေက မီတာ ၁၀၀ ပတ်လည်အကွာအဝေးပဲရှိတယ်။ ဒီပဲယင်းအရှေ့ခြမ်းက အိမ်ခြေလည်း စိပ်တယ်။ အိမ် ၃ လုံးလောက် အလုံးလိုက်ပျောက်သွားတယ်။ ရုပ်အလောင်းတွေ ဆိုလည်း အမျိုးသား အမျိုးသမီးခွဲခြားစိတ်ဖြာလို့မရနိုင်အောင် ဖြစ်နေတယ်" လို့ ဒီပဲယင်း ပကဖ တာဝန်ခံ ကိုသစ္စာ က ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့ လက်ဖက်ရည်ဆိုင်နေရာမှာတင် ၈ ဦးသေဆုံးပြီး ညတွင်းချင်းဆေးကုသတဲ့နေရာ မှာ သေဆုံးသူတွေရော ဒီမနက်အထိသေဆုံးသူထပ်တိုးနေဆဲလို့ သိရပါတယ်။
သေဆုံးသူ အများစုဟာ အမျိုးသားတွေပါ။ မနေ့ ဒီဇင်ဘာ ၅ ရက် နေ့လယ်ခင်းမှာလည်း ဒီပဲယင်းအနောက်ခြမ်းက သုံးနေရာကို ဂျက်ဖိုက်တာနဲ့ရော ဂျိုင်ရိုကော်ပတာနဲ့ပါ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေမှာ တော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။
စစ်ကော်မရှင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ အခုလိုဒီပဲယင်းမြို့နယ်ထဲ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒီနေ့မနက်ပိုင်းအထိ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
၂၀၂၆ ကမ္ဘာ့ဖလား - နာမည်ကြီးအသင်းတွေ အုပ်စုအဆင့်မှာ ဘယ်အသင်းတွေနဲ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖီဖာ ငြိမ်းချမ်းရေးဆု ထရမ့် ရရှိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပထမဆုံးအကြိမ် ဖီဖာ ငြိမ်းချမ်းရေးဆု ကို လက်ခံရရှိခဲ့ပါတယ်။
အမေရိကန်ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အတွက် မဲခွဲပွဲမတိုင်မီ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို က ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဆင့်တွေ မဲခွဲခဲ့ပြီး နာမည်ကြီးအသင်းအများစုပါဝင်တဲ့ အုပ်စုတွေမှာ စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှုတွေတွေ့ရပါတယ်။
နာမည်ကြီး ဘရာဇီးအသင်းက ဥရောပမှာခြေစွမ်းပြနေတဲ့ စကော့တလန်၊ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်ရောက်တဲ့ မော်ရိုကိုတို့နဲ့ အုပ်စု (C) မှာ ဆုံမှာဖြစ်ပါတယ်။
အင်္ဂလန်အသင်းကတော့ အုပ်စု (L) မှာ ဥရောပပြိုင်ဘက် ခရိုအေးရှား၊ မာကျောတဲ့ အာဖရိကအသင်း ဂါနာတို့နဲ့ဆုံနေပါတယ်။
လက်ရှိချန်ပီယံ အာဂျင်တီးနားက အုပ်စုချောင်တယ်လို့ ပြောလို့ရပြီး အယ်ဂျီးရီးယား၊ သြစတြီးယား၊ ဂျော်ဒန်တို့နဲ့ အုပ်စု (J) မှာ တစ်အုပ်စုတည်းကျနေတာပါ။
ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီက အုပ်စု (K) မှာ တောင်အမေရိကတိုက်ကအသင်းကောင်း ကိုလံဘီယာကို အဓိကအာရုံစိုက်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာဗိုလ်လုပွဲရောက်ခဲ့တဲ့ ပြင်သစ်က နော်ဝေနဲ့ တစ်အုပ်စုတည်းကျနေလို့ ဘတ်ပီနဲ့ ဟာလန်း ထိပ်တန်းတိုက်စစ်မှူးနှစ်ဦးရဲ့ အားပြိုင်မှုကို အုပ်စု(I)မှာ တွေ့ရမှာပါ။
အသင်းကြီး အီတလီ က ခြေစစ်ပွဲမှာ နော်ဝေအသင်းကို မကျော်နိုင်ခဲ့လို့ ကမ္ဘာ့ဖလားကိုရောက်ဖို့ ရှုံးထွက်အဆင့်ကို ဖြတ်ကျော်ရဦးမှာပါ။
စစ်ပွဲတွေမှာ AI သုံးပြီးရန်သူရဲ့လှုပ်ရှားမှုကို ထောက်လှမ်းနိုင်မယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်ပွဲတွေမှာ ဉာဏ်ရည်တုနည်းပညာ (AI) စနစ်တွေကို အသုံးပြုပြီးအချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေစုဆောင်းနိုင်တဲ့အတွက် ရန်သူရဲ့လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် ထောက်လှမ်းနိုင်မယ့်အကြောင်း ပြင်ဦးလွင်မှာလုပ်တဲ့ ဗိုလ်လောင်းဆင်းပွဲမှာ စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။
လက်ရှိ စစ်ဘက်ဆိုင်ရာ သိပ္ပံနဲ့နည်းပညာတွေအလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာတာကြောင့် ခေတ်သစ်စစ်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲထိန်းချုပ်တဲ့နည်းပညာတွေကို လူတွေအစား AI ကို အသုံးပြုတဲ့အထိတိုးတက်လာပြီဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့လုပ်တဲ့ စစ်တပ် နည်းပညာတက္ကသိုလ် အမှတ်စဉ် ၂၇ သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ ထည့်ပြောခဲ့တာပါ။
AI နဲ့ပဲ ဆိုက်ဘာတိုက်ခိုက်မှုတွေကို မြန်မြန်ဆန်ဆန်ဖော်ထုတ်နိုင်ပြီး အချိန်မီတုံ့ပြန်ကာကွယ် နိုင်တာဖြစ်လို့ စစ်ဘက်ကွန်ရက်တွေရဲ့ လုံခြုံရေးကိုအမြှင့်ဆုံးအထိ မြှင့်တင်ပေးနိုင်မယ်ဆိုပြီးပါ ပြောပါတယ်။
ဒါအပြင် စစ်ပွဲတွေမှာ ဒရုန်းအသုံးပြုမှုများလာလို့ တန်ပြန်ဒရုန်းနည်းဗျူဟာတွေ၊ ကာကွယ်ဖို့ နည်းလမ်းတွေကို ထိထိရောက်ရောက်အသုံးပြုနိုင်အောင် နည်းပညာမျက်ခြေမပြတ်ဖို့လည်း ဗိုလ်လောင်းတွေကိုမှာခဲ့တာပါ။
စစ်နည်းဗျူဟာကျွမ်းကျင်မှု၊ လေကြောင်းသာလွန်မှုနဲ့ အီလက်ထရောနစ်နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းတွေ ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတွေက စစ်ပွဲရဲ့အနိုင်အရှုံးကို အဓိကအဆုံးအဖြတ်ပေးလာတယ်ဆိုပြီးပါ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်တပ်ရဲ့ လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဟာ ခြေလျင်စစ်သည်တွေလို ပဲ စစ်နည်းဗျူဟာပညာရပ်တွေပါ ကျွမ်းကျွမ်းတတ်မြောက်ဖို့လိုတယ်ဆိုပြီးပါ မှာသွားတာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခု ၂၀၂၅ ခုနှစ်ထဲသွားလာတဲ့ သူ့ရဲ့ တရုတ်၊ ရုရှား နိုင်ငံခြားခရီးစဉ်တွေအတွင်း ဒရုန်း၊ လေယာဉ်စတဲ့ စစ်လက်နက်ပစ္စည်းစက်ရုံတွေကို ဆက်တိုက်လေ့လာခဲ့သလို ရုရှားထုတ် Mi – 38 ရဟတ်ယာဉ်ကိုလည်း ပထမဆုံးအကြိမ် ဝယ်ယူ ဖြည့်တင်းလာပါတယ်။
ဒါအပြင် ၂၀၂၅ နှစ်စကစလို့ စစ်တပ်ရဲ့ ထိုးစစ်တွေမှာ လေကြောင်းကိုဗျူဟာတစ်ခုအဖြစ်အသုံးပြု တိုက်ခိုက်သလို ဒရုန်းနည်းပညာကိုအဆင့်မြှင့်ကာထိုးစစ်ဆင်လာတာကိုလည်းတွေ့ရကြောင်း စစ်ရေးစောင့်ကြည့်တဲ့အဖွဲ့တွေက ထုတ်ပြန်ထားကြပါတယ်။








