ဆိုင်ကလုန်း မိုခါရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုများ

ရခိုင်ပြည်နယ်ကို ဆိုင်ကလုန်း မိုခါ ဝင်ရောက်တိုက်ခဲ့တာ ၁၂ ရက်ခန့်ရှိပါပြီ။
မုန်တိုင်းကြောင့် အမြစ်ကကျွတ်ထွက်သွားခဲ့တဲ့ သစ်ပင်တွေ၊သစ်ကိုင်းကျိုးတွေ၊ပြိုလဲနေတဲ့ အဆောက်အအုံတွေ၊ ကောက်ကွေးကော့ပျံနေတဲ့ သွပ်ပြားတွေစတဲ့ အမှိုက်သရိုက် အပျက်အစီး ပေါင်းစုံက ရခိုင်ပြည်နယ်က စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ်က တော ရော မြို့ပါ မကျန် နေရာအနှံမှာ ရှင်းလို့ မပြီးနိုင်အောင် ဖြစ်နေပါတယ်။
စစ်တွေနဲ့ရသေ့တောင်အပါအဝင် မြို့နယ်တွေမှာ ပျက်စီးနေတဲ့ အဆောက်အအုံတွေနဲ့ အမှိုက်တွေ နေရာအနှံ့မှာ တွေ့နေရဆဲဖြစ်ပြီး လူတွေက အမှိုက်ရှင်းဖို့ထက် ကိုယ်အိမ်ကိုယ်ပြုပြင်ဖို့ ပိုပြီးအာရုံစိုက်နေကြတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အနှံက အဆောက်အအုံတွေ ပြန်ဆောက်ပြီး အမှိုက်တွေရှင်းလို့ ပြီးခဲ့ရင်တောင် သူတို့ မုန်တိုင်းရဲ့နောက်ဆက်တွဲ အခက်အခဲတွေကို ထပ်မံရင်ဆိုင် ဖြေရှင်းရဖို့ ရှိပါတယ်။
အဲဒါကတော့ စိုက်ပျိုးရေးအတွက် အားကိုးရတဲ့ ကျွဲ၊နွားတွေသေဆုံးတာနဲ့ သောက်သုံးရေကန်တွေ ပင်လယ်ရေငန်တွေ ဝင်ရောက်လို့ ပျက်စီးသွားခဲ့တာကို ဖြေရှင်းရဖို့ ဖြစ်ပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့မြို့နယ် ၁၀ ခု လောက်မှာ နေအိမ်တွေပြိုပျက်သွားတာအပြင် ကျွဲ၊နွားကောင်ရေ တစ်သောင်းကျော်သေဆုံးခဲ့သလို ဒေသခံတွေ မှီခိုနေကြတဲ့ရေကန်တွေလည်း ဆားငန်ရေဝင်ရောက်ကာ ပျက်စီးသွားခဲ့ပါတယ်။
မုန်တိုင်းသက်ရောက်မှုရှိခဲ့တဲ့ အနည်းဆုံးမြို့နယ် ၁၀ ခုလောက်မှာ ကျွဲ ၄၂၀၆ ကောင်၊ နွား ၇၅၉၃ ကောင်နဲ့ တခြားအိမ်မွေးတိရိစ္ဆာန်တွေလည်း ထောင်နဲ့ချီပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
မုန်တိုင်းအလွန်ကာလတွေမှာ သောက်သုံးရေရှားပါးတဲ့ ပြဿနာအပြင် မိုးစပါးစိုက်ပျိုးဖို့အတွက်လည်း တောင်သူတွေ အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
“အခုချိန်မှာ နေစရာ ခိုလှုံစရာကိုပဲလုပ်နေကြရတယ်၊ စိုက်ပျိုးရေးကိစ္စ ဘယ်လိုစီမံရမလဲမသိသေးဘူး “ လို့ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းမှာရှိတဲ့ ရွှေလောင်းတင်ကျေးရွာက တောင်သူတစ်ဦးကပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဖြတ်သန်း တိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်အရှိန်ကြောင့် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်းဒေသကြီးတွေက ကျွဲ၊ နွား၊ ဝက်၊ ဆိတ် နဲ့ ကြက်ကောင်ရေ ၅ သိန်းကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေကနေ မေ ၂၄ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
အများဆုံး သေဆုံးတဲ့ ကျွဲ၊နွား၊ ကြက်ကောင်ရေက ရခိုင်ပြည်နယ်မှာ အများဆုံးဖြစ်ပြီး ကြက်ကောင်ရေ လေးသိန်းရှစ်သောင်းကျော်၊ ကျွဲနွား ငါးထောင်ကျော် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာ၀တီတိုင်းဒေသကြီးတွေက ငှက်ပျော၊ ကွမ်းသီး၊ ကွမ်းရွက်၊ ဓနိ၊ ကြက်ပေါင်စေး ၊ သစ်သီးဥယျာဉ်၊ နွေစပါး၊ နွေနှမ်း၊ နေကြာ၊ မိုးပဲတီစိမ်း ဧကပေါင်း ၆ သောင်းကျော် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဥယျာဉ်ခြံမြေတွေလည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး လူနေအိမ်တွေသာမက ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကိုပါ ဆိုးဆိုးရွားရွား ထိခိုက်မှုတွေရှိခဲ့ပါတယ်။
"ကျွဲ၊နွား မရှိရင် လယ်က ဘာနဲ့သွားထွန်ရမလဲ မသိဘူး "လို့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းမှာရှိတဲ့ ရွှေလောင်းတင်ကျေးရွာက တောင်သူဦးအောင်နိုင်ပြောတာကပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ မိုးစပါးကို အဓိကထား စိုက်ပျိုးတဲ့ဒေသတစ်ခုဖြစ်ပြီး လာမယ့် ဇွန်လဆိုလို့ရှိရင် တောင်သူတွေ စပါးစိုက်ပျိုးဖို့အတွက် ထွန်ရေးပြင်ကြတော့မှာပါ။
ရခိုင်ဒေသက တောင်သူအများစုတို့ဟာ လက်မှုလယ်ယာကိုပဲ ကျင့်သုံးနေဆဲဖြစ်တာကြောင့် အခုလိုခိုင်းကျွဲ၊ခိုင်းနွားတွေ အများအပြားသေဆုံးခဲ့ရတဲ့အတွက် လယ်ယာလုပ်ငန်းအပေါ်မှာလည်း ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ တောင်သူတွေက ပြောဆိုကြပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါ့အပြင် မုန်တိုင်းဝင်ရောက်ခဲ့တဲ့ မြို့နယ်တွေထဲက ပင်လယ်ကမ်းရိုးတန်းမြို့နယ်တွေမှာတော့ ဒေသခံတွေ မှီခိုနေကြတဲ့ ရေကန်တွေလည်းပျက်စီးသွားခဲ့ပါတယ်။
မုန်တိုင်းနဲ့ပါလာတဲ့ ပင်လယ်ရေတွေ လွှမ်းမိုးခဲ့တာကြောင့် မြေနိမ့်ပိုင်းဒေသတွေက ရေကန်တွေဟာ ဆားငန်ရေဝင်ရောက်ပြီး သောက်သုံးလို့မရတော့ပဲ ရေရှားပါးပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။
မြို့ပေါ်နေရာတွေမှာတော့ ရေသန့်စက်တွေရှိနေတဲ့အတွက် သောက်ရေအတွက် အခက်အခဲမရှိကြပေမယ့် နယ်ဘက်ကျေးရွာတွေအတွက်တော့ သောက်ရေရော သုံးရေအတွက်ပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ပေါက်တောမြို့နယ်ထဲမှာ ရွာပေါင်း ၂၀ လောက်သောက်ရေကန်တွေ ဆားငန်ရေဝင်သွားခဲ့တယ်လို့ သိထားရကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီးက ကပြောပါတယ်။
စစ်ကောင်စီကတော့ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် စစ်ဗိုလ်ချုပ်တွေကို စေလွှတ်ပြီး ကူညီပံ့ပိုးမှုတွေ ပြုလုပ်နေတယ်လို့သတင်းတွေ ထုတ်ပြန်ထားပါတယ်။
မိုခါမုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နေအိမ် နှစ်သိန်းနီးပါး၊ သာသနိကအဆောက်အဦးနဲ့ဘုန်တော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ဌာနဆိုင်ရာအဆောက်အဦးတွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေနဲ့ ဓာတ်မီးတိုင်တွေအပါအဝင် အခြေခံအဆောက်အဦတွေပျက်စီးဆုံးရှုံးခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းမိုခါကြောင့် သေဆုံးသူက ၁၄၈ ဦးလို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ မိုခါကြောင့် လူ ၄၅၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး နှစ်ဖက်လုံးက ထုတ်ပြန်ထားတဲ့လူအသေအပျောက်စာရင်းကိုတော့ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဘီဘီစီက အတည်ပြုထားနိုင်တဲ့စာရင်းအရ မေ ၂၅ ရက်ထိ မိုခါကြောင့် သေဆုံးသူ ၈၆ ဦး ရှိပြီး အဲဒီထဲမှာ မကွေးတိုင်းက ၄ ဦး၊ စစ်ကိုင်းတိုင်းက ၃ ဦး နဲ့ ကျန် ၇၉ ဦးက ရခိုင်ပြည်နယ်က ဖြစ်ပါတယ်။
မုန်တိုင်းတိုက်ခတ်ခဲ့တာ ၁၂ ရက်ကြာခဲ့ပြီဖြစ်ပေမဲ့ မုန်တိုင်းသင့်ခဲ့တဲ့ဒေသခံအများစုဟာ လစ်လျူရှုခံနေကြရပြီး ဘာအကူအညီမှလည်း မရရှိကြတာကြောင့် သူတို့ရဲ့အခက်အခဲတွေကို မိမိတို့အစီစဉ်နဲ့ပဲ တပိုင်တနိုင်ဖြေရှင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာလည်း လျှပ်စစ်မီးမရသေးလို့ ဒေသတွင်း စီးပွားရေးလုပ်ငန်းအချို့ ပုံမှန်လည်ပတ်နိုင်တာ မရှိသေးပါဘူး။
ဇွန်လထဲမှာ လျှပ်စစ်မီးပြန်ရမယ်လို့ စစ်တွေဒေသခံတွေက ပြောကြပါတယ်။
အပျက်အစီး အပြိုအပျက်တွေကြားမှာပဲ ဆိုင်ကလုန်း မိုခါရဲ့နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ခွန်အားမွေးရဦးမယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။








