သြဂုတ်လ ၂၀ ရက်ထိပ်တန်းသတင်းများ - ထီးချိုင့်၊ ကွင်းကြီးရွာကို တနေ့တည်း နှစ်ကြိမ်လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကွင်းကြီးရွာအနီးမှာ ဒီကနေ့မနက်အစောပိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လယ် ၁၁ နာရီနဲ့ ညနေ ၃ နာရီကျော်မှာ လေကြောင်းလာရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသိရှိသူတွေက ပြောပါတယ်။
"မနက်ပိုင်းလာပစ်တာမှာ လေယာဉ်က ကွင်းကြီးဘက်ပစ်တယ်၊ ပြီးတော့ ပြန်သွားသလိုနဲ့ ပြန်ဝိုက်လာပြီးမှာ လေသာတောင်ပေါ် ပစ်တာ" လို့ စစ်ရေးနီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
ညနေပိုင်းမှာတော့ တိုက်လေယာဉ် ၁ စီးက ဇီးကုန်းနဲ့ ကွင်းကြီးရွာကြားကို ဗုံးကြဲခဲ့တာလို့ ဒေသအခြေစိုက်သတင်းထုတ်ပြန်ရေးအဖွဲ့ဖြစ်တဲ့ Tigyaing Revolution အဖွဲ့က သတင်းဖော်ပြထားပါတယ်။
ကွင်းကြီးရွာတဝိုက်က ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ကနဦးသိရှိရပြီး အခြေအနေအသေးစိတ်ကိုတော့ ဘီဘီစီက စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ်မှာ အခုလထဲ စစ်ရေးငြိမ်သက်နေရာကနေ ကွင်းကြီးရွာမှာ တိုက်ပွဲပြန်ဖြစ်တာလို့သိရပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဉ်ကို ညနေ ၅ နာရီဝန်းကျင်အထိ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။
မြန်မာ့အရေး အဖြေရှာနိုင်အောင် လုပ်ဆောင်မယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန
မြန်မာအရေးနဲ့ပတ်သက်လို့ နိုင်ငံရေးအရ အဖြေရှာနိုင်ရေးကို လုပ်ဆောင်သွားကြမယ်ဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေက ပြောလာပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒွန် ပရာမွတ်ဝီနိုင်းနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတာဝန်ပြည်လည် တာဝန်ယူထားသူလည်းဖြစ်၊ တရုတ် ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ဝမ်ယီတို့ ဘေကျင်းမြို့မှာ သြဂုတ်လ ၁၉ ရက်တုန်းကတွေ့ဆုံချိန် တွေ့ဆုံချိန် အခုလိုဆွေးနွေးခဲ့ကြတာလို့ တရုတ်ဘက်က သတင်းထုတ်ပြန်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးတိုးလုပ်မယ်လို့ ပြောသလို မြန်မာအရေးကို အာဆီယံနည်းလမ်းအတိုင်း ဖြေရှင်းရာမှာ ထောက်ပံ့ကူညီပို့ ကိုလည်း ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် တရုတ်-ထိုင်း မီးရထားလမ်းနဲ့ တရုတ်-လာအို-ထိုင်း မီးရထားလမ်းတွေ ဆောက်လုပ်ရေးကို နှစ်ဖက် အရှိန်မြှင့်ဖို့ ဆွေးနွေးသလို အွန်လိုင်းလိမ်လည်မှုလို နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုလည်း တိုက်ဖျက်သွားဖို့ ဝန်ကြီးတွေက သဘောတူခဲ့ကြတယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာ့အရေးအတွက် အဖြေရှာဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယလိုနိုင်ငံတွေအပါအဝင် မြန်မာစစ်ကောင်စီ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၊ ပညာရှင်တွေပါ ပါဝင်တဲ့ track 1.5 လို ဆွေးနွေးပွဲတွေ ဦးဆောင်ပြုလုပ်နေပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လည်း ပြီးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲမတိုင် တစ်ရက်မှာပဲ နေပြည်တော် တိတ်တဆိတ်သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ထိုင်းရဲ့ အခုကြိုးပမ်းချက်တွေဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေး အားထုတ်မှုတွေနဲ့ အပြိုင်သဘောသွားနေတယ်လို့ အကဲခတ်တွေက ဝေဖန်ပေမဲ့ ထိုင်းဘက်ကတော့ သူ့ရဲ့ မြန်မာ့အရေးကြိုးပမ်း မှုတွေဟာ အာဆီယံဘုံသဘောတူညီချက်တွေကို အထောက်အပံ့ဖြစ်ဖို့အပြင် ကီလိုမီတာထောင်ချီနယ်စပ်ချင်းထိစပ်နေတဲ့မြန်မာ့ရေးဟာ ထိုင်းနိုင်ငံကိုလည်း သက်ရောက်မှုရှိတာကြောင့်လို့ ပြောဆိုထားပါတယ်။
သာစည်ရွာတိုက်ပွဲဆက်ပြင်းထန်နေဆဲ၊ ရွာမီးရှို့ခံနေရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေတာ ငါးရက်ရှိလာပြီဖြစ်ပြီး ရွာကိုလည်း နေ့စဉ်လိုလိုမီးရှို့နေတယ်လို့ စစ်ရေးသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
"ရွာနားမှာက တိုက်ပွဲပြင်းထန်နေတယ်။ သူတို့ဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ရော အင်အားသုံးတိုက်ခိုက်နေတာ။ ဒီမနက်တော့ ငြိမ်နေတယ်၊ ဒါပေမဲ့ ရွာကတော့ ဒီမနက်လည်းမီးရှို့ခံနေရတယ်" လို့ Kalay Region Support Center ဦးဆောင်သူ ကိုဂျပန်ကြီးက ပြောပါတယ်။
ကလေးမြို့ပေါ်နဲ့ မိုင်အနည်းငယ်သာဝေးတဲ့ အိမ်ခြေ ထောင်ချီရှိတဲ့ သာစည်ရွာက အိမ်ခြေ ၅၀ ထက်မနည်းကို အခုတိုက်ပွဲကာလအတွင်း စစ်ကောင်စီက မီးရှို့ထားပြီလို့ မီးခိုးငွေ့မြင်တွေ့နေရသူတွေက ခန့်မှန်းပြောကြပါတယ်။
သာစည်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေသာမက မီးလောင်ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေက ပြောဆိုကြပြီး စစ်ကောင်စီကတော့ သာစည်ရွာတိုက်ပွဲနဲ့ပတ်သက်လို့ တစုံတရာတုံ့ပြန် ပြောလာ ဒီကနေ့နေ့လယ်ပိုင်းအထိ မရှိသေးပါဘူး။
တိုက်ပွဲဖြစ်နေတာကြောင့် သာစည်၊ ချင်းဆိုင်၊ ဇင်းကလင်း၊ သာယာကုန်း၊ စက္ကန့်၊ မြို့လှ၊ ထိုမာ စတဲ့ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ကြသလို တချို့ကလည်း ကလေးမြို့ဘက်ကို စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာကြတယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။
သြဂုတ်လအတွင်း ကလေးမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ရှိနေတာကြောင့် စစ်ရှောင်တွေအတွက်ပါ အကူအညီလိုအပ်နေပြီလို့ လည်း ပြောပါတယ်။
စစ်ရေးပဋိပက္ခဇုန်တွေမှာ အရေးပေါ်လူနာတွေလွှဲပြောင်းဖို့ ဆေးရုံမရှိတာက စိန်ခေါ်မှုဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, BPHWT
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းကျန်းမာရေးစနစ်ယိုယွင်းလာခဲ့ပြီး အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ စစ်ရေးပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ကိုယ်ဝန်ဆောင်သည်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ စတဲ့အရေးပေါ်လူနာတွေကို လွှဲပြောင်းပေးဖို့ ဆေးရုံမရှိတာက ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေအတွက် အဓိက စိန်ခေါ်မှုဖြစ်နေတယ်လို့ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ BPHWT က ပြောပါတယ်။
ဒီလို အချိန်မီမလွှဲပြောင်းပေးနိုင်တာကြောင့် လူနာသေဆုံးမှုအချို့လည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
"ကယားပြည်နယ်ထဲက ဆေးရုံတွေဆို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးလာကြဲတယ်၊ အချို့ဆေးရုံကျ လေယာဉ်ခဏခဏလာဝဲလို့ လူနာတွေကိုတောထဲကုကြရတယ်။ ကရင်၊ ဖာပွန်မှာဆိုလည်း အလားတူ ဗုံးကြဲခံရတယ်။ လူနာတွေကို လွှဲပြောင်းပေးဖို့ ဆေးရုံလိုအပ်ချိန်ရှိနေချိန်မှာ ရှိနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှန်ထား တိုက်ခိုက်တာတွေက စစ်ရာဇဝတ်မှုကျူးလွန်တာပဲ" လို့ BPHWT ရဲ့ ညွှန်ကြားရေးမှူး စောဝင်းကျော်က ဘီဘီစီကို ပြောပါတယ်။
စစ်ရေးပဋိပက္ခဇုန်တွေမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာလည်း ဆေးဝါးသယ်ယူပို့ဆောင်ရေးခက်ခဲတာ၊ ရွှေ့ပြောင်းနေရတဲ့ စစ်ရှောင်တွေနဲ့အတူ လိုက်ပါစောင့်ရှောက်ပေးရတာ၊ စားနပ်ရိက္ခာလိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးရတဲ့ စိန်ခေါ်မှုတွေပါ ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။
နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ ငွေရတုအထိမ်းအမှတ် ထုတ်ပြန်စာမှာကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ လူထုတွေကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို နိုင်ငံတကာက အမြန်ဆုံးအရေးယူပေးဖို့အပါအဝင် ၇ ချက် တောင်းဆိုခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ပေးဖို့၊ ဖယ်ဒရယ်ကျန်းမာရေးစနစ်တည်ဆောက်ဖို့အတွက် နိုင်ငံတကာနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေအနေနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့တွေကိုပါ ထည့်သွင်းတောင်းဆိုထားတာပါ။
နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ကို ၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်မှာ ထိုင်း - မြန်မာနယ်စပ်မှာ စတင်တည်ထောင်ခဲ့ပြီး ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်၊ ပအိုဝ်း၊ တအာင်း (ပလောင်)၊ နာဂ၊ ကယန်းစတဲ့ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်မှ စစ်ရေးပဋိပက္ခဇုန်အသစ်တွေဖြစ်တဲ့ မြေပြန့်ဒေသ စစ်ကိုင်းနဲ့ မကွေးကိုတော့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့သာ ကူညီမှုတွေဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
တိုက်ပွဲပြင်းထန်လို့ တန့်ဆည် - မင်းကင်း - ကလေးဝလမ်းပိုင်း ပိတ်နေတာ ဆယ်ရက်ကျော်ပြီလို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မဟာမြိုင်တောဘက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် တန့်ဆည် - မင်းကင်း - ကလေးဝလမ်းပိုင်း ဖြတ်သန်းသွားလာလို့မရဘဲ လမ်းပိတ်နေတာ ဆယ်ရက်ကျော်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရက်ကြာလာတာနဲ့ အမျှ ကုန်ကားမောင်းသူတွေ၊ စစ်ရှောင်သူတွေနဲ့ ခရီးသည်တွေလမ်းမှာပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်တဲ့အထိဖြစ်လာတယ်လို့ တန့်ဆည်ဒေသခံအချို့က ပြောလာပါတယ်။
ကုန်ကားမောင်သူအချို့ရဲ့ အပြောအရ မဟာမြိုင်လမ်းပိုင်းမှာ ပိတ်မိနေတာကြောင့် ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေက ခရီးသည်တွေနဲ့ယာဥ်မောင်းတွေဟာ တောပြင်၊ တောင်စောင်း စတဲ့မဟာမြိုင်တောစပ် အနီးဝန်းကျင်ကျေးရွာတွေမှာ တည်းခိုနေထိုင်နေကြရတယ်လို့ သိရပါတယ်။
"မဟာမြိုင်တောလမ်းက တန့်ဆည် - မင်းကင်း - ကလေးဝလမ်းပိုင်းကို အဓိကဆက်သွယ်ပေးထားတာပါ။ အခုပိတ်နေတော့ တန့်ဆည်ကနေ မင်းကင်းဘက်ကို ကားတွေသွားလို့မရတော့တာပါ။ အရင်ကလည်းပိတ်ဖူးပါတယ်၊ အခုလောက်ရက်မကြာဘူး" လို့ တန့်ဆည်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူ ၆၀၀ လောက်ကိုလည်း တန့်ဆည်-မင်းကင်းနယ်အစပ် ကျေးရွာတွေက ထမင်းထုပ်တွေကို လိုက်လံကောက်ခံပြီး ဝေငှနေရတယ်လို့ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ပြောတယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြတဲ့ တန့်ဆည်သတင်းကဖော်ပြပါတယ်။
"ခရီးဆက်မရတဲ့ပြည်သူတွေ၊ ကားကြီးကားငယ်တွေ တောစပ်ရွာတွေဖြစ်တော့၊ စျေးဝယ်လို့တောင်မရဘူး၊ ကျွန်တော်တို့ တတ်နိုင်သလောက် ဆန်၊ ဆီ၊ ဆား စသည် စားနပ်ရိက္ခာတွေ ထောက်ပံ့ခဲ့တယ်"လို့ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့မှာ မဟာမြိုင်တောတွင်းဘက် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းတိုက်ပွဲရပ်နားသွားပေမဲ့ စစ်ရေးတင်းမာနေတာကြောင့် လမ်းတွေပြန်မဖွင့်လှစ်သေးတာလို့ စစ်ရေးသိရှိသူတွေဆီကသိရပါတယ်။
မုံရွာ - ရေဦး - တန့်ဆည် - ဒီပဲယင်း -ခင်ဦး - ရွှေဘို - မင်းကင်း- ကလေးဝ လမ်းပိုင်းတစ်ခုလုံးမှာ တိုက်ပွဲတွေရှိနေပြီး တန့်ဆည် - မင်းကင်း - ကလေးဝ လမ်းပိုင်းမှာ ပိုပြီးပြင်းထန်နေတာလို့ စစ်ရေးအခြေအနေသိရှိတွေက ပြောကြပါတယ်။
ဒေသတွင်း လောင်းကစားနဲ့ လိမ်လည်မှုကို အထူးနှိမ်နင်းမှု စပြီ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
မြန်မာနိုင်ငံနယ်စပ်အပါအဝင် ဒေသခတွင်း အခြေပြုဖြစ်ပွားနေတဲ့လောင်းကစားမှုနဲ့ အွန်လိုင်းကနေ လိမ်လည်မှုတွေကို နှိမ်နင်းဖို့ ဆိုပြီး မြန်မာအပါအဝင် တရုတ်၊ ထိုင်းနဲ့ လာအို နိုင်ငံတို့က ရဲတပ်ဖွဲ့တွေ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြန်မာစစ်ကောင်စီလက်အောက်က ရဲတပ်ဖွဲ့၊ တရုတ်ပြည်သူလုံခြုံရေး၊ ထိုင်းရဲတပ်ဖွဲ့၊ လာအိုပြည်သူ့လုံခြုံရေးအဖွဲ့တွေ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
ဒေသတွင်း လောင်းကစားမှုတွေနဲ့ လိမ်လည်မှုတွေအပြင် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ဖမ်းဆီးထိန်းသိမ်းမှုနဲ့ တခြားရာဇဝတ်မှုတွေကိုလည်း နှိမ်နင်းဖို့ အထူးပူးပွဲစစ်ဆင်ရေးတစ်ရပ်ကို အဲဒီအစည်းအဝေးပွဲကနေ စတင်ခဲ့တယ်လို့ တရုတ်ဘက်က သတင်းထုတ်ပြန်ပါတယ်။
တရုတ်ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်နဲ့ မြန်မာ-ထိုင်းနယ်စပ်က မြန်မာပြည်ဘက်ခြမ်းမှာ အခြေပြုနေတဲ့ လောင်းကစားနဲ့ အွန်လိုင်း လိမ်လည်မှုတွေကို ဖြေရှင်းဖို့ မြန်မာစစ်ကောင်စီကို ဖိအားပေးနေတာဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဥ်၊ နောက် ရန်ကုန်က တရုတ်သံအမတ်ကြီးနဲ့ စစ်ကောင်စီဝန်ကြီးတွေ တွေ့ဆုံချိန်မှာ ဒီပြဿနာတွေ အရေး အလေးထားဖြေရှင်းဖို့ တိုက်တွန်းထားတာတွေရှိပါတယ်။








