ထရမ့်နဲ့ ရှီကျင့်ဖျင် တောင်ကိုရီးယားမှာ တွေ့မယ်လို့ အိမ်ဖြူတော်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အော့စမန် ချီယာ
- ရာထူးတာဝန်, စီးပွားရေး သတင်းထောက်
တောင်ကိုရီးယားနိုင်ငံမှာ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် အာရှထိပ်သီးဆွေးနွေးပွဲတစ်ခုရဲ့ သီးခြားဆွေးနွေးပွဲမှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ဟာ တရုတ်သမ္မတ ရှီ ကျင့်ဖျင်နဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုပါတယ်။
ရှီကျင့်ဖျင်နဲ့ ထရမ့် တွေ့ဆုံဆွေးနွေးဖို့ သီတင်းပတ်နဲ့ချီ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီးနှစ်ခုအကြား တင်းမာမှုတွေ ဆက်ဖြစ်နေဆဲမို့ သူတို့နှစ်ဦး တွေ့ဆုံနိုင်ရေးက မေးခွန်ထုတ်စရာ ဖြစ်ခဲ့ပါတယ်။
ဒါဟာ ထရမ့် ဒုတိယအကြိမ် သမ္မတ ဖြစ်လာခဲ့ပြီးကတည်းက သူတို့နှစ်ဦး ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှု ဖြစ်ပါလိမ့်မယ်။
တကယ်လို့ တရုတ်ဘက်က မြေရှားသတ္တု တင်ပို့မှုအပေါ် ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်လာတာကို ပြန်မရုပ်သိမ်းဘူးဆိုရင် နိုဝင်ဘာလကစလို့ တရုတ်ထုတ်ကုန်တွေအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ထပ်ဆောင်း ချမှတ်မယ်လို့ ထရမ့်က ခြိမ်းခြောက်ထားပါတယ်။
ထရမ့်နဲ့ ရှီကျင့်ဖျင် တွေ့ဆုံကြမယ့်အကြောင်း အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကယ်ရယ်လိုင်း လိဗစ် က ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောခဲ့ပါတယ်။
အောက်တိုဘာလ ၃၁ ရက်ကနေ နိုဝင်ဘာလ ၁ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ဂျီယောင်ဂျူး မြို့မှာ ကျင်းပမယ့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးညီလာခံ (Apec) အစည်းအဝေးရဲ့ သီးခြားဆွေးနွေးပွဲမှာ သူတို့နှစ်ဦး တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
"အချိန်တော်တော်ကြာတဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပဖို့ စီစဉ်ထားပါတယ်" လို့ ထရမ့်က အစောပိုင်းက ပြောခဲ့ပါတယ်။ "ကျွန်တော်တို့ သံသယဖြစ်နေတာတွေ၊ မေးချင်နေတာတွေ၊ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ ပိုင်ဆိုင်မှုတွေအကြောင်း တပုံကြီးကို အတူပူးပေါင်း အဖြေရှာနိုင်မှာပါ"
"တစ်ခုခုတော့ ဖြေရှင်းနိုင်မှာပါ။ ကျွန်တော်တို့အကြား သိပ်ကိုကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲကတော့ အတော်လေးကို ကြီးပါလိမ့်မယ်။"
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သောကြာနေ့တုန်းက တရုတ်ကုန်သွယ်ရေးဝန်ကြီး ဝမ် ဝန်တောင် ကလည်း မကြာခင် လုပ်မယ့် အမေရိကန်နဲ့ တရုတ်အကြား ဒီညှိနှိုင်းဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အပြုသဘော ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
"အရင်လုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေအရ နှစ်ဖက်အကြား စိုးရိမ်မှုတွေကို အချင်းချင်း ညှိနှိုင်း ဖြေရှင်းဖို့ နဲ့ တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား တာရှည်တည်တံ့ပြီး ခိုင်မာ တည်ငြိမ်တဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ဆက်ဆံမှုကို မြှင့်တင်ဖို့ နည်းလမ်းတွေ ရှာလို့ ရနိုင်ပါတယ်" လို့ သူက ပြောသွားပါတယ်။
ဒါ့အပြင် သမ္မတ ထရမ့် ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း တောင်ကိုရီးယား ခေါင်းဆောင် အီ ဂျေမြောင်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပြီး ညစာစားရင်း အလုပ်သဘော ဆွေးနွေးကြဖို့ ရှိပါတယ်။
ဒါဟာ ထရမ့်ရဲ့ ကျယ်ပြန့်တဲ့ အာရှခရီးစဉ်ရဲ့ တစ်စိတ်တပိုင်း ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးကိုလည်း သမ္မတထရမ့် တက်ရောက်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ထရမ့်ဟာ မလေးရှား၊ တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့ရော ဂျပန်ဝန်ကြီးချုပ်သစ် ဆာနာအဲ တာကာအိချိ နဲ့လည်း တွေ့ဆုံမှာ ဖြစ်တယ်လို့ ကယ်ရယ်လိုင်း လိဗစ် က ပြောပါတယ်။
ထရမ့်နဲ့ ရှီကျင့်ဖျင်ဟာ အခုနှစ်အတွင်း အနည်းဆုံး သုံးကြိမ်မက စကားပြောဆိုခဲ့ကြပါတယ်။ အခုနောက်ဆုံးကတော့ အမေရိကန်နိုင်ငံမှာ တစ်ခ်တော့ခ်ကုမ္ပဏီ လည်ပတ်ရေးနဲ့ ပတ်သက်လို့ သဘောတူချက်တစ်ခုရရေး စက်တင်ဘာလတုန်းက စကားပြောခဲ့ကြတာ ဖြစ်ပါတယ်။
လူချင်း နောက်ဆုံး တွေ့ခဲ့ကြတာကတော့ ၂၀၁၉ ခုနှစ် ထရမ့်ရဲ့ သမ္မတ ပထမ သက်တမ်းအတွင်း တုန်းက ဖြစ်ပါတယ်။
အခွန်ကိစ္စ၊ ကုန်သွယ်ရေး အငြင်းပွားမှု၊ ဖန်တာနယ်လ် အကိုက်အခဲပျောက်ဆေး တရားမဝင် မှောင်ခိုမှုနဲ့ တခြား ကိစ္စရပ်တွေကြောင့် အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုတွေ ဆက်တိုက်ဖြစ်နေတာကို ဖြေရှင်းဖို့ အထိရောက်ဆုံး ချဉ်းကပ်မှုက ရှီကျင့်ဖျင်နဲ့ တိုက်ရိုက် တွေ့ဆုံ စကားပြောဖို့ ဖြစ်တယ်လို့ ထရမ့်က ပြောထားပါတယ်။
အမေရိကန်နဲ့ တရုတ်ဟာ မေလတုန်းက ရထားတဲ့ ထိလွယ်ရှလွယ်တဲ့ ကုန်သွယ် စစ်ပြေငြိမ်းမှု တစ်ခုကို ဆက်ကိုင်စွဲထားခဲ့ကြတာကြောင့် နှစ်နိုင်ငံအပြန်အလှန် ခြိမ်းခြောက်နေခဲ့တဲ့ အခွန် ၃ ဆ တိုးမြှင့်တဲ့အဆင့်ကို မရောက်ခဲ့ကြပါဘူး။
ဒါပေမဲ့ အောက်တိုဘာလတုန်းက တရုတ်က မြေရှားသတ္တု တင်ပို့မှုကို ပိုထိန်းချုပ်လိုက်တဲ့အတွက် ထရမ့်က တရုတ်ကုန်တွေအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်ထပ်ဆောင်း ကောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ တရုတ်ဟာ ကမ္ဘာကြီးကို ဓားစာခံအဖြစ် ထိန်းသိမ်းထားဖို့ ကြိုးစားနေပြီး အတော့်ကို ရန်လိုလာနေတယ် ဆိုပြီး ထရမ့်က ဆိုရှယ်မီဒီယာပေါ်ကနေ တရုတ်အစိုးရကို စွပ်စွဲပြောခဲ့ပါတယ်။
အဲဒီနောက် ထရမ့်က နောက်လုပ်မယ့် ဆွေးနွေးပွဲတွေကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
တရုတ်ဟာ ကားတွေ၊ စမတ်ဖုန်းတွေနဲ့ တခြား ပစ္စည်း အတော်များများမှာ အဓိက မရှိမဖြစ် လိုအပ်တဲ့မြေရှားသတ္တုနဲ့ တခြား သတ္တုပစ္စည်း ထုတ်လုပ်မှုကို ကြီးစိုး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။








