အသက် ၆၀ ပိုင်းမှာ အငြိမ်းစား မယူရမယ့် အခြေအနေရောက်လာနေပြီလား

ပင်စင်အသက်၊ စုဆောင်းငွေ၊ လူ့သက်တမ်း

ကမ္ဘာတဝန်းက ဝန်ထမ်း အလုပ်သမားတွေ အသက် ၆၅ နှစ် နား နီးပြီ ဆိုတာနဲ့ အလုပ်ကနေ အနားယူရမယ့် အရွယ် ရောက်တော့မယ်လို့ မှတ်ယူတတ်ကြပါတယ်။ အနားယူရတော့မယ့် အချိန်နီးလာပြီဆိုပြီး မျှော်လင့်ကြိုဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အခုခေတ်အခါမှာတော့ လူအတော်များများအတွက် အသက် ၆၀ ပိုင်းအရွယ်တွေ အလုပ်ခွင်ကနေ ခွာဖို့ ဆိုတာက တကယ်တမ်း လက်တွေ့မကျသလို ကောင်းမွန်တဲ့စဥ်းစားချက်လည်းမဟုတ်ဘူးလို့ ယူဆလာကြပါတယ်။ ဘဏ္ဍာရေးလုပ်ငန်းတွေထဲက အကြီးအကဲတချို့ကလည်း ဒါကို လက်ခံထားကြပါတယ်။

မတ်လတုန်းက BlackRock ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက သူ့ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီ နှစ်စဉ် ပေးပို့နေကျ စာထဲမှာ ကုမ္ပဏီ အမှုဆောင်ချုပ် လယ်ရီ ဖင့်ခ် က အသက် ၆၀ ပိုင်း ရောက်လို့ အငြိမ်းစား ယူတဲ့အချိန်မှာ ငွေရေးကြေးရေးပြေလည်ပြီး သက်သောင့်သက်သာ နေနိုင်ဖို့ မျှော်လင့်နေကြတဲ့ သူ့ရဲ့ ဝန်ထမ်းတွေကို သတိပေးလိုက်တဲ့ ပုံမျိုး ပြောထားတာ တွေ့ရပါတယ်။

ကမ္ဘာတဝန်း လူတွေ အသက်ပိုရှည်လာနေချိန်မှာ လူမှုဖူလုံရေး ထောက်ပံ့ကူညီတဲ့ ကွန်ရက်တွေ အားနည်းလျော့ကျလာနေသလို လူနေမှုစရိတ်ကလည်း မြင့်တက်လာနေပါတယ်။

"လူအတော်များများ မပြောနဲ့၊ လူအများစုအတွက်တောင် အသက် ၆၅ နှစ်မှာ အငြိမ်းစားယူဖို့က ဖြစ်နိုင်မှာ မဟုတ်ဘူး"လို့ မစ္စတာ ဖင့်ခ် က သတိပေးခဲ့ပါတယ်။

“အခုအချိန် အငြိမ်းစားဘဝက လွန်ခဲ့တဲ့ နှစ် ၃၀ ကထက်စာရင် အများကြီး ပိုခက်ခဲလာပါပြီ” လို့ အဲဒီနှစ်ပတ်လည်စာထဲမှာ မစ္စတာ ဖင့်ခ်က ရေးထားပါတယ်။

“နောင်လာမယ့် နှစ် ၃၀ ဆိုရင် ပိုတောင် ခက်ခဲဦးမှာပါ” လို့ ဆိုပါတယ်။

၂၀၀၀ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတဝန်း လူတွေရဲ့ သက်တမ်းက ၆၇ နှစ် ကနေ ၇၃ နှစ်အထိ တိုးလာခဲ့ပါတယ်။ ၂၀၅၀ ခုနှစ်ရောက်ချိန်မှာတော့ ကမ္ဘာတဝန်း လူ ၆ ဦးမှာ ၁ ဦးက အသက် ၆၅ နှစ် ဒါမှမဟုတ် ဒါ့ထက် အသက်ပိုကြီးလိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဒါ့အပြင် လူတွေ အသက်ပိုရှည်လာတာနဲ့အမျှ ကမ္ဘာ့နိုင်ငံ အတော်များများမှာ အလုပ်ခွင်ထဲ စဝင်လာသူ အရေအတွက်ထက် အလုပ်ကနေ အနားယူသွားတဲ့သူ အရေအတွက်က ပိုများလာတဲ့ အချိန်ကာလကို မကြာခင် ရောက်လာဖို့ ရှိနေပါတယ်။ ဒီလို အခြေအနေကို ယူကေနိုင်ငံမှာ ၂၀၂၉ ခုနှစ်၊ ဘရာဇီးနိုင်ငံမှာ ၂၀၃၅ ခုနှစ်၊ အိန္ဒိယနိုင်ငံမှာ ၂၀၄၈ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ ၂၀၅၃ ခုနှစ် ရောက်ရင် ကြုံလာရဖွယ် ရှိပါတယ်။

“ယူကေနိုင်ငံမှာ ၁၈၉၀ ပြည့်လွန်နှစ်ပိုင်းလောက်ကတည်းက စလို့ လူ့သက်တမ်း ဆက်တိုက် ရှည်ကြာလာခဲ့တာပါ” လို့ တစ်ကိုယ်ရည် သန့်ရှင်းမှုနဲ့ အပူပိုင်း ဆေးပညာရပ်ဆိုင်ရာ လန်ဒန်တက္ကသိုလ် က လူဦးရေနဲ့ ကျန်းမာရေး ပါမောက္ခ ရေဘက္ကာ ဆီယာ က ပြောပါတယ်။

“ဒါပေမဲ့ အငြိမ်းစားယူတဲ့ အသက်ကတော့ အများကြီး ပြောင်းမသွားခဲ့ပါဘူး” လို့ ဆိုပါတယ်။

ကျန်းမာရေးရှုထောင့်ရော၊ စီးပွားရေး ရှုထောင့်ပါ သိသိသာသာ ပြောင်းလဲသွားချိန်မျိုးမှာ အသက် ၆၅ နှစ်အရွယ်လူတွေ အလုပ်ကနေ အငြိမ်းစားယူဖို့ဆိုတာ ခေတ်သစ်ကာလမှာ လုံးဝ လက်တွေ့မကျတဲ့ ရည်မှန်းချက်တစ်ခု ဖြစ်နေသလားဆိုတာ မေးခွန်းထုတ်စရာပါ။

အငြိမ်းစား ယူရမယ့်အရွယ်ကို စိတ်ကူးရသလို သတ်မှတ်ထားတာမျိုးလား

အငြိမ်းစားယူရမယ့် အသက်အရွယ်ကို လက်ရှိခေတ်အခြေအနေမျိုးနဲ့ ကိုက်ညီအောင် ပြောင်းလဲသတ်မှတ်တာမျိုး မရှိရုံတင်မက အသက် ၆၀ ကျော်လာရင် ဒီလို အငြိမ်းစားယူရမယ့် အသက်အရွယ်အဖြစ် ဘာ့ကြောင့် သတ်မှတ်ထားတာလဲ ဆိုတာကလည်း မရှင်းလင်းဘူးလို့ ဘော့စတွန်ကောလိပ် တက္ကသိုလ်၊ အငြိမ်းစားအရွယ်ပိုင်းဆိုင်ရာ သုတေသနဌာနက ထိပ်တန်းသုတေသီ စီးပွားရေးပညာရှင် ဂယ်လ် ဝက်စတိန်း က ပြောပါတယ်။

ဒါဟာ ဘဝနောက်ဆုံးချိန်ကို ချဥ်းကပ်သွားနေတဲ့ လူတွေကို အလုပ်ခွင်ကနေ မောင်းထုတ်ဖို့ ရည်ရွယ်တဲ့ ကြမ်းတမ်းတဲ့ဆုံးဖြတ်ချက် တစ်ခုလို့ ပြောနိုင်ပါတယ်။

ပင်စင်အသက်၊ စုဆောင်းငွေ၊ လူ့သက်တမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လုပ်ငန်းခွင်ကို နောက်ကျမှဝင်လာသူတွေက သူတို့အသက်ရလာချိန် ငွေကြေးအဆင်ပြေဖို့ အသက် ၆၅ နှစ်ကျော်တဲ့အထိ အလုပ်လုပ်ကြပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ အစိုးရစီမံကိန်း အတော်များများကတော့ အသက် ၆၅ နှစ်ကို လုပ်ငန်းခွင်က အနားယူရမယ့်နှစ်အဖြစ် စံတစ်ခုလို သတ်မှတ်အသုံးပြုနေကြဆဲပါ။ အမေရိကန် ပြည်ထောင်စုမှာဆိုရင် ဖယ်ဒရယ် အစိုးရရဲ့ Medicare ကျန်းမာရေးစောင့်ရှောက်မှု အာမခံ စီမံကိန်းက အသက် ၆၅ နှစ်နဲ့ အထက် အရွယ်တွေကိုပဲ လောလောဆယ် ခံစားခွင့်ပြုထားပါတယ်။ (အဲဒီထဲမှာ ချွင်းချက်အနေနဲ့ မသန်စွမ်း လူငယ်တွေကိုတော့ ထည့်သွင်းထားပါတယ်)။

အမေရိကန်တွေဟာ အသက် ၆၇ နှစ်မှာ လူမှုဖူလုံရေး အကျိုးခံစားခွင့်ကို အပြည့်အဝ ရကြပြီး ယူကေမှာလည်း အလားတူပဲ အဲဒီ အသက်အရွယ်ရောက်ရင် အစိုးရ ပင်စင်လစာ ခံစားခွင့် ရှိပါတယ်။

ဒီလို စီမံကိန်းအတော်များများကို စကျင့်သုံးခဲ့တဲ့ ၂၀ ရာစုအလယ်လောက်တုန်းက လူတွေရဲ့ သက်တမ်းက သိသိသာသာ တိုတောင်းခဲ့ပါတယ်။

ဥပမာ-ယူကေနိုင်ငံမှာဆိုရင် ပျမ်းမျှအားဖြင့် အမျိုးသားတွေက အသက် ၆၆ နှစ်၊ အမျိုးသမီးတွေက အသက် ၇၁ နှစ်လောက်အထိပဲ အသက်ရှင်လေ့ ရှိကြပါတယ်။ တကယ်လို့ ဒါကို အခြေခံပြီး တွက်ချက်ကြည့်မယ်ဆိုရင် ယူကေနိုင်ငံသားတွေအနေနဲ့ ပင်စင်လစာကို သူတို့ဘဝသက်တမ်းရဲ့ ၈ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၀ ရာခိုင်နှုန်းလောက်သာ ခံစားကြရမှာ ဖြစ်တယ်လို့ ကားဒစ်ဖ် မက်ထရိုပိုလီတန် တက္ကသိုလ်က ဘဏ္ဍာရေးဆိုင်ရာ အကြီးတန်းကထိက ခရစ်စ် ပယ်ရီ က ပြောပါတယ်။

ဒါပေမဲ့ အခုတော့ လူတွေရဲ့ သက်တမ်းက ပိုရှည်လာနေပြီး လူလတ်နှောင်းပိုင်းနဲ့ သက်ကြီးရွယ်အို ဖြစ်စ အရွယ်တွေအထိ ကျန်းမာရေးနဲ့ ညီညွတ်နေကြဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“အခုအခါ ကျန်းမာသန်စွမ်းတဲ့ အသက် ၈၀ အရွယ် အတော်များများ စိတ်ပိုင်း ခန္ဓာကိုယ်ပိုင်း တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေကြတာ တွေ့ရပါတယ်” လို့ သူက ဆိုပါတယ်။

ပြောင်းလဲလာတဲ့ မျိုးရိုးစဥ်ဆက်ဥစ္စာကြွယ်ဝမှု ဖြစ်စဉ်များ

တိုတိုပြောရရင် အစိုးရ စတိုင်ပင် ထောက်ပံ့ကြေးတွေက အသက် ၈၀၊ ၉၀ အရွယ်ပိုင်းတွေအတွက် စီစဉ်ခဲ့တာ မဟုတ်ပါဘူး။ ဒါကို ခေတ်နဲ့အညီ ပြန်ပြင်ဆင်တာမျိုးလည်း မရှိသေးပါဘူး။ တစ်ကြိမ်တုန်းက အငြိမ်းစား ဝန်ထမ်းတွေကို သူတို့ရဲ့ ဘဝနေဝင်ချိန်အတွက် ထောက်ပံ့ကူညီဖို့ ဆိုပြီး ချမှတ်ခဲ့ကြတဲ့ ဒီပေါ်လစီ မူဝါဒတွေက ခုလက်ရှိ ခေတ်အခြေအနေနဲ့ ကိုက်ညီမှု မရှိကြတော့ပါဘူး။

အငြိမ်းစားယူတဲ့အခါ သုံးဖို့ ရည်ရွယ်ပြီး တချို့လူတွေက သူတို့ ရင်းနှီးမြှုပ်နှံ စုဆောင်းထားတဲ့ငွေတွေကို သူတို့ရဲ့ အစိုးရ ပင်စင်လစာတွေနဲ့ ထပ်ပေါင်း ဖြည့်လေ့ရှိကြပါတယ်။ အငြိမ်းစား ဝန်ထမ်း အတော်များများအတွက်ကတော့ လုံလုံလောက်လောက်သုံးနိုင်ဖို့ ပုဂ္ဂလိက စုဆောင်းငွေ အနည်းအပါးသာ ရှိကြပြီး တချို့ဆို လုံးဝတောင် မရှိကြပါဘူး။ ဒါ့အပြင် ငွေကြေးဖောင်းပွတဲ့ စီးပွားရေးစနစ်ကာလကြီးမှာ စားစရိတ်ကလည်း ကြီးမြင့်လာနေတဲ့အတွက် စုဆောင်းငွေ ဘယ်လောက်ပဲရှိရှိ၊ မလောက်မငှ ဖြစ်နေကြပါတယ်။

ဒါ့အပြင် ကိုယ့်မိဘမျိုးရိုးဆီက အမွေရခဲ့ရင် အဲဒီအမွေက အသက်ကြီးပိုင်းရောက်တဲ့အခါ ငွေကြေး အထောက်အကူတစ်ခု ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကလည်း အတိတ်မှာ ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်။

"အရင်က အဘိုးအဘွားကနေ မိဘ၊ မိဘကနေ သားသမီးတွေဆီ လက်ဆင့်ကမ်း အမွေ ချန်ထားရစ်လေ့ ရှိကြပါတယ်။ အခုတော့ ကျွန်မတို့က ဒီကြွယ်ဝမှု အရင်းအမြစ်တွေကို ကိုယ့်အထက် မျိုးဆက်ကို ပြောင်းပြန် ထောက်ပံ့နေရပါပြီ။ လူ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် မိဘရဲ့ ငွေကြေးဥစ္စာတွေကို အဘိုးအဘွားတွေကို ပြန်ပေးရတာမျိုးတွေ ရှိလာနေပါပြီ" လို့ မစ္စ ဆီယာ ကပြောပါတယ်။

ငွေကြေး ထောက်ပံ့ကူညီမှုစီမံကိန်းမျိုး မရှိတဲ့အတွက် ကမ္ဘာတဝန်းက ဝန်ထမ်း အတော်များများ အနေနဲ့ အငြိမ်းစားယူတဲ့အခါ စုဆောင်းငွေ လုံလုံလောက်လောက် ရှိအောင် အသက် ၆၅ နှစ်ကျော်တဲ့အထိ အလုပ်လုပ်ဖို့ လိုအပ်လာနေပါတယ်။

Northwestern Mutual အမေရိကန် အာမခံကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇွန်လက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အမေရိကန် ဝန်ထမ်းတွေဟာ သူတို့အငြိမ်းစားယူချိန်မှာ စုငွေ ဒေါ်လာ တစ်သန်း သုံးသိန်းနီးပါး ရှိသင့်တယ်လို့ ယုံကြည်ထားကြတယ် ဆိုတာကို လေ့လာတွေ့ခဲ့ရပါတယ်။ လူအများစုကတော့အသက် ၆၀ ပိုင်းအရွယ် ရောက်ချိန်မှာ ဒီပမာဏငွေကို မစုဆောင်းနိုင်ကြသလို အစိုးရ ထောက်ပံ့တဲ့ ပင်စင်လစာကလည်း အရာမရောက်လှပါဘူး။

BlackRock ကုမ္ပဏီ ရဲ့ အမှုဆောင်ချုပ် လယ်ရီ ဖင့်ခ် က "လက်ရှိခေတ် အငြိမ်းစားဘဝမှာ သက်သောင့်သက်သာ နေနိုင်ဖို့အတွက်ဆိုရင် အသက်ငယ်ငယ် အရွယ်ကတည်းကစပြီး ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ အားသွန်ခွန်စိုက် လုပ်ဖို့ လိုပြီး အသက် ၆၅ နှစ်ထက် ကျော်ပြီး အလုပ်လုပ်မှ ဖြစ်နိုင်မယ်"လို့ ဆိုပါတယ်။

နိုင်ငံတချို့ရဲ့ အစိုးရတွေကတော့ အသက် ၆၅ နှစ်မှာ အငြိမ်းစားယူဖို့ဆိုတဲ့ ရည်မှန်းချက်ဟာ ခေတ်နောက်ကျ ကျန်နေရစ်ပြီလို့ လက်ခံထားကြပြီး ဖြစ်ပါတယ်။ ယူကေနိုင်ငံမှာဆိုရင် ၂၀၂၆ ခုနှစ် မေလနဲ့ ၂၀၂၈ ခုနှစ် မတ်လအတွင်းမှာ ပင်စင်ယူရမယ့်အရွယ်ကို အသက် ၆၆ နှစ်ကနေ ၆၇ နှစ်အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၄၄ ခုနှစ်နောက်ပိုင်းကျရင်တော့ ပင်စင်ယူရမယ့် အရွယ်ကို ၆၈ နှစ်အထိ တိုးမြှင့် သတ်မှတ်ဖွယ် ရှိပါတယ်။

အသက် ၆၀ ပိုင်းအရွယ်မှာ အငြိမ်းစားယူတာက အခုချိန်မျိုးမှာ လက်တွေ့ထက် ပိုစိတ်ကူးယဉ် ဆန်တယ်ဆိုတာကို မစ္စတာ ပယ်ရီအပါအဝင် ကျွမ်းကျင်သူတချို့က လက်ခံထားကြပါတယ်။

“အခုချိန်မှာ အသက် ၇၅ နှစ်အရွယ် အငြိမ်းစားယူတာက အရင်တုန်းက ၆၅ နှစ်အရွယ် အငြိမ်းစားယူသလိုမျိုးနဲ့ အတူတူ ဖြစ်နေပါပြီ”လို့ သူကပြောပါတယ်။