ဘန်ကောက် ဟိုတယ်ထဲ သေဆုံးသူ ၆ ဦးရဲ့သွေးထဲမှာ ဆိုင်ယာနိုက် တွေ့

သေဆုံးရုပ်အလောင်းတွေတွေ့ရတဲ့အခန်းထဲက လက်ဖက်ရည်ခွက်တွေ
ဓာတ်ပုံ ပုံစာ, သေဆုံးရုပ်အလောင်းတွေတွေ့ရတဲ့အခန်းထဲက လက်ဖက်ရည်ခွက်တွေ
    • ရေးသားသူ, တန်ညာရက် ဒေါ့ဆုန် နဲ့ ‌ကယ်လီ င့
    • ရာထူးတာဝန်, ဘီဘီစီ သတင်း
    • ရေးသားပေးပို့သည့်နေရာ, စင်္ကာပူနဲ့ ဘန်ကောက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က နာမည်ကျော် ဟိုတယ်ကြီးတစ်ခုရဲ့ အခန်းထဲမှာ သေဆုံးရုပ် အလောင်း ၆ လောင်း တွေ့ခဲ့ပြီးတဲ့နောက် အဲဒီသေဆုံးရုပ်အလောင်းတွေရဲ့သွေးတွေထဲမှာ ဆိုင်ယာနိုက်(အဆိပ်) ကိုတွေ့ ခဲ့ရတယ်လို့ ဒီအလောင်းတွေကို စုံစမ်းစစ်ဆေးပြီးနောက်မှာ ဆရာဝန်တွေက ပြောလာပါတယ်။

ရင်ခွဲစစ်ဆေးမှုတွေအရ ''ဆိုင်ရာနိုက်က လွဲလို့'' သေဆုံးရတဲ့ ''တခြားအကြောင်းမရှိဘူး'' လို့လည်း ဆရာဝန်တွေက ပြောပါတယ်။

ဒါပေမဲ့ လူသေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်တဲ့ ဒီဓာတုပစ္စည်းဟာ ''ဘယ်လောက်အထိပြင်း'' လဲဆိုတာနဲ့ တခြား အဆိပ်အတောက်တွေရော ပါဝင်နေလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ စစ်ဆေးမှုတွေ ဆက်ပြီး လုပ်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဆေးမှူခင်းဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေကတော့ သေဆုံးသူတွေ အသုံးပြုခဲ့တဲ့လက်ဖက်ရည်ခွက်တွေထဲမှာ ဆိုင်ယာနိုက် အစအနတွေတွေ့ခဲ့ရတယ်လို့ အစောပိုင်းမှာပြောခဲ့ပြီး သေဆုံးသူအားလုံးဟာ ဗီယက်နမ် နွယ်ဖွားတွေဖြစ်တယ်လို့လည်း ပြောထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသူတွေထဲက တစ်ဦးကြောင့် အခုဖြစ်ရပ်ဖြစ်ခဲ့တာဖြစ်ပြီး အကြွေးတွေပိနေတာက အခုဖြစ်ရပ်ကို ဦးတည်စေခဲ့တာလို့ သံသယရှိနေပါတယ်။

သေဆုံးသူတွေ အောက်စီဂျင် ပြည့်ပြည့်ဝဝမရခဲ့တာကို ပြသတဲ့ နှုတ်ခမ်းတွေနဲ့ လက်သည်းတွေမှာ အညိုအမည်းဖြစ်နေပေမဲ့ ကိုယ်တွင်းအင်္ဂါတွေကတော့ ''သွေးလို ခြင်းခြင်းနီရဲ''နေတာကြောင့် ဒါတွေဟာ ဆိုင်ယနိုက်အဆိပ်သင့်တဲ့ နောက်ထပ် လက္ခဏာ တစ်ရပ်ဖြစ်တယ်လို့ ချူလာလောင်ကွန်း တက္ကသိုလ်၊ ဆေးမှူခင်းဌာနက ပါမောက္ခ ကွန်ကစ် ဗွန်ပိုင်ဆာဆင်က ပြောပါတယ်။

ဆေးပညာမဟာဌာနက ဒေါက်တာ ချန်ချိုင်း ဆစ်တီပွန့်ကတော့ သေဆုံးသူတွေရဲ့သွေးတွေထဲမှာ ဆိုင်ယာနိုက် ဘယ်လောက်အထိ ရှိနေလဲဆိုတာကို သိအောင် ကြိုးပမ်းဖို့လိုဦးမယ်လို့ ပြောပါတယ်။

''ဒါပေမဲ့ ကျွန်တော်တို့ အခု သိရှိထားတာနဲ့ လေ့လာကြည့်ရတာ၊ နောက် ကိုယ်တွင်းအင်္ဂါကို စစ်ဆေးတာ၊ ကနဦးစစ်ဆေးမှုမှာ သွေးထဲမှာ ဆိုင်ယာနိုက်တွေ့ထားတာတွေကို ကြည့်ရင် ဆိုင်ရာနိုက်ကလွဲလို့ သူတို့တွေ သေဆုံးရတဲ့တခြားအကြောင်းမရှိပါဘူး'' လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

သေဆုံးရုပ်အလောင်းတွေကို Grand Hyatt Erawan ဟိုတယ်ထဲက အခန်းကျယ်ထဲမှာ အိပ်ခန်းဆောင် သန့်ရှင်းရေးဝန်ထမ်းတွေက အင်္ဂါနေ့တုန်းက မြင်တွေ့ခဲ့တာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စုံစမ်းစစ်ဆေးသူတွေကတော့ အလောင်းတွေဟာ အဲဒီမတိုင်ခင် ၂၄ နာရီလောက်ကတည်းက သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

အာဏာပိုင်တွေကတော့ အခုလို သေဆုံးမှုတွေရဲ့နောက်ကွယ် အကြောင်းရင်းခံဟာ အကြွေးကိစ္စ အရင်းခံတယ်လို့ ယူဆပြီး စုံစမ်းစစ်ဆေးနေပြီလို့ဆိုပါတယ်။ သေဆုံးသူတွေထဲက ၂ ဦးဟာ ရင်းနှီးမြှုပ်နှံမှုမှာသုံးဖို့ သေဆုံးတဲ့အထဲမှာပါဝင်တဲ့နောက် တစ်ဦးကို ''ထိုင်းဘတ်ငွေ သန်းဆယ်ချီ'' ချေးငှားထားခဲ့တာကြောင့်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘန်ကောက်မြို့၊ လေးမျက်နှာနတ်ကွန်းအနီးက Grand Hyatt Erawan ဟိုတယ်ကြီးရဲ့ အခန်းတစ်ခန်းထဲမှာ အဲဒီအလောင်းတွေကို ရဲက ဇူလိုင် ၁၆ ရက် ညနေပိုင်းမှာ တွေ့ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက်မှာ ဒီအလောင်းတွေကို တွေ့ခဲ့တာလို့ ထိုင်းမီဒီယာတွေမှာ အစောပိုင်းက ဖော်ပြခဲ့တဲ့ ဒီအလောင်းတွေ တွေ့ရှိမှုဟာ ပဟေဋ္ဌိ ဆန်ဆန်ဖြစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ပစ်ခတ်မှုကြောင့် သေဆုံးတာမဟုတ်ဘူးလို့ နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

အခုတော့ ဘာဖြစ်ခဲ့တယ်ဆိုတဲ့ ပိုပြီးရှင်းလင်းတဲ့မြင်ကွင်း ထွက်ပေါ်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီလူ ၆ ဦးစလုံးဟာ တနင်္လာနေ့ မွန်းလွဲပိုင်း ခပ်စောစောမှာ အခန်းတစ်ခန်းတည်းမှာ အတူရှိခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အလောင်းတွေကိုတော့ အင်္ဂါနေ့ ညနေပိုင်းမှာတွေ့ခဲ့ပါတယ်။

ဇူလိုင် ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့မှပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ
ဓာတ်ပုံ ပုံစာ, ဇူလိုင် ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့မှပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ

ဇူလိုင် ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့မှပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ နော့ပါဆင် ပွန်းဆာဝပ်က ဒီလူတွေဟာ ဟိုတယ်ကို တစ်ချိန်တည်း ဝင်ရောက် တည်းခိုခဲ့ကြတာမဟုတ်သလို အခန်း ၅ ခန်းခွဲနေကြတာလို့ ဆိုပါတယ်။ ၄ ဦးက ၇ လွှာ၊ ၁ ဦးက ၅ လွှာမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အကုန်လုံးဟာ ၅ လွှာက အခန်းထဲ စုခဲ့ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေထဲက ရှာရင်း ချောင်(၅၆ နှစ်)နဲ့ ဒန်ဟွန်ဗန်(၅၅ နှစ်)တို့ ၂ ဦးဟာ အမေရိကန်နဲ့ ဗီယက်နမ် နှစ်နိုင်ငံ နိုင်ငံသားခံယူထားကြသူတွေဖြစ်ပါတယ်။

နောက်ထပ် ၄ ဦးဖြစ်တဲ့ ငုယင် သီ ဖောင်(၄၆ နှစ်)၊ သူမရဲ့ခင်ပွန်း ဖမ်ဟွန်သန်(၄၉ နှစ်)၊ ငုယင် သီ ဖောင် လမ်(၄၇ နှစ်)၊ ကျန်ဒင်ဖု (၃၇ နှစ်) တို့ဖြစ်ကြပါတယ်။

သူတို့ဟာ အခန်းထဲကို အစားအစာနဲ့ လက်ဖက်ရည်ကို ဒေသစံတော်ချိန် နေ့လယ် ၂ နာရီခန့်မှာ မှာယူခဲ့ကြပြီး အဲဒီပစ္စည်းတွေကိုတော့ မစ္စချောင်က လက်ခံခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲရဲ့ အပြောအရဆိုရင် စားပွဲထိုးဟာ ဧည့်သည်တွေအတွက် လက်ဖက်ရည် ဖျော်ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မစ္စ ချောင်က ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ စားပွဲထိုးက အခန်းကနေ ထွက်ခဲ့ပါတယ်။ အဲဒီကတည်းက အခန်းထဲက လူ ၆ ဦးကလွဲလို့ ဘယ်သူမှ အခန်းထဲကို ဝင်ရောက်ခဲ့တာမရှိဘူးလို့ ရဲက ယူဆပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်တာနဲ့ ဓားပြတိုက်ခံရတဲ့အခြေအနေမျိုး မမြင်ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ လက်ဖက်ရည်ခွက် ၆ ခွက်စလုံးမှာ ဆိုင်ယာနိုက်ပါဝင်နေတယ်ဆိုတဲ့သံလွန်စတွေကို ရဲက တွေ့ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးတဲ့ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်တဲ့နေရာမှာ ဖောက်ထွင်းခံရတာမျိုးနဲ့ ရုန်ရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အခြေအနေမျိုး မတွေ့ ရဘူးလို့ ပြောထားပါတယ်
ဓာတ်ပုံ ပုံစာ, စုံစမ်းစစ်ဆေးတဲ့ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်တဲ့နေရာမှာ ဖောက်ထွင်းခံရတာမျိုးနဲ့ ရုန်ရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အခြေအနေမျိုး မတွေ့ ရဘူးလို့ ပြောထားပါတယ်

ရုန်းရင်းဆန်ခတ်နဲ့ ဒဏ်ရာဒဏ်ချက်တွေကို သေဆုံးသူတွေဆီမှာ မတွေ့ခဲ့ရတာကြောင့် အဆိပ်သင့်ပြီးသေဆုံးခဲ့တာလားဆိုတာကို အာဏာပိုင်တွေကစုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးဟာ ဗီယက်နမ်နိုင်ငံသားတွေဖြစ်ပြီး သူတို့ထဲက တချို့ဟာ အမေရိကန်နိုင်ငံသားလည်း ခံယူထားကြတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကို သွား‌ရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီဆင်ကတော့ အလောင်းတွေဟာ အာဏာပိုင်တွေ မတွေ့ခင် ၂၄ နာရီလောက်ကတည်းက သေဆုံးနေတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ကနဦး ယူဆထားတယ်လို့ ပြောပါတယ်။ ဒါကြောင့် ရင်ခွဲစစ်ဆေးတာ‌တွေ ဆက်လုပ်မယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ‘’ဒီလိုလူသေဆုံးမှုဖြစ်စေတဲ့အကြောင်းရင်းကို စုံစမ်းဖို့’’ လိုနေသေးပြီး သေကြောင်းကြံစည်မှုမဟုတ်ဘဲ ‘‘အသတ်ခံရမှု’’ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီဟိုတယ်မှာ လူ ၇ ဦးတည်းခိုဖို့ စာရင်းပေးခဲ့တာဖြစ်ပေမဲ့ ၅ ဦးပဲ မှတ်ပုံတင်ခဲ့သလို တစ်ဦးကတော့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

ဟိုတယ် အခန်းထဲမှာတွေ့ခဲ့တဲ့သေဆုံးရုပ်အလောင်းတွေထဲက တစ်လောင်းဟာ ဟိုတယ်မှတ်တမ်းထဲမှာ ရှိမနေဘူးလို့လည်း သိရပါတယ်။

အလောင်းတွေကို မတွေ့ခင် တနင်္လာနေ့ နေ့လည် ၂ နာရီမတိုင်ခင်တုန်းက မှာယူစားသောက်ခဲ့တဲ့ သောက်စရာတွေထဲမှာတော့ သေဆုံးသူတွေရဲ့ DNA နဲ့ သံသယံဖြစ်စရာ အရာဝတ္တု တွေ့ထားတယ်လို့ အစောပိုင်းမှာ ပြောထားပါတယ်။

မှာယူထားတဲ့စားစရာတွေကတော့ မတို့မထိရသေးတဲ့ပုံအတိုင်းရှိနေပါတယ်။

သေဆုံးသူတွေ မှာယူထားတဲ့အစားအစာတွေကတော့ မပျက်မယွင်းတဲ့ပုံစံအတိုင်းရှိနေပါတယ်
ဓာတ်ပုံ ပုံစာ, သေဆုံးသူတွေ မှာယူထားတဲ့အစားအစာတွေကတော့ မပျက်မယွင်းတဲ့ပုံစံအတိုင်းရှိနေပါတယ်

သေဆုံးတဲ့ဧည့်သည်တွေဟာ တနင်္လာနေ့ ကတည်းက ဟိုတယ်ကနေ ထွက်ရမှာဖြစ်ပါတယ်။

သူတို့ဟာ ဟိုတယ် ၇ လွှာကနေ ၅ လွှာကို ပြောင်းခဲ့ကြတာဖြစ်ပြီး သူတို့အလောင်းတွေကိုတော့ ၅ လွှာမှာရှိတဲ့ ဟိုတယ်အခန်းကျယ်ထဲက ဧည့်ခန်းနဲ့ အိပ်ခန်းထဲမှာ အခန်းရှင်းလင်းရေးဝန်ထမ်းတွေက တွေ့ခဲ့တာဖြစ်ပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့အရိပ်အယောင် မတွေ့ခဲ့ရဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောသလို အလောင်း တစ်လောင်းတည်းမှာ မြင်တွေ့ခဲ့ရတဲ့ဒဏ်ရာကတော့ လဲကျတဲ့အချိန်မှာ ရသွားတဲ့ ဒဏ်ရာ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

သေဆုံးသူတွေထဲက ၂ ဦးဟာ အတွင်းကနေ သော့ချထားတဲ့ ဟိုတယ်အခန်းတံခါးအထိရောက်အောင် ကြိုးစားသွားခဲ့ပုံပေါ်ပေမဲ့ တံခါးအထိ မရောက်နိုင်ခဲ့ကြတဲ့ပုံပေါ်နေပါတယ်။

စုံစမ်းစစ်ဆေမှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ သေဆုံးသူတွေရဲ့ ခရီးဆောင်အိတ်တွေကိုလည်း ရဲက ရှာဖွေထားပါတယ်။

အမေရိကန်နိုင်ငံခြားရေဝန်ကြီးဌာန ပြောခွင့်ရသူကတော့ 'အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေ'' ပြီး သေဆုံးသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း ပြောထားပါတယ်။

ပြောခွင့်ရ မက်သူးမစ်လာကတော့ အစိုးရအနေနဲ့ လိုတဲ့အကူအညီပေးသွားမယ်လို့လည်း ပြောပါတယ်။

Grand Hyatt Erawan ဟိုတယ်ဟာ ခရီးသွားတွေကြားမှာ နာမည်ကြီးတဲ့ဟိုတယ်တစ်လုံးလည်း ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက တချို့ကတော့ ထိုင်းနိုင်ငံကို ပထမဆုံးလာရောက်လည်ပတ်သူတွေ ဖြစ်ကြပြီး အချို့ကတော့ အရင်ကတည်းက အလည်လာဖူးသူတွေဖြစ်တယ်လို့ အမည်မဖော်လိုရဲ့ ရဲသတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ကတော့ နိုင်ငံ့ခရီးသွားပုံရိပ်နဲ့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုအပေါ် ထိခိုက်မှုမဖြစ်စေဖို့ ဒီဖြစ်ရပ် မြန်မြန် စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာအစိုးရဌာနတွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကြောင့်ကျဆင်းသွားတဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည်ဦးထောင်လာအောင် အာထုတ်တဲ့အနေနဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘာတဝန်း နိုင်ငံနဲ့နိုင်ငံပေါင်း ၉၀ ကျော်ကို ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ကို အခုတစ်ပတ်အတွင်းမှာပဲ စတင်ကျင့်သုံးနေပါတယ်။