ပို့ဆောင်ရေးတွေ ရပ်ထားတဲ့ ပြင်သစ်၊ ထိုင်း ဆိုင်ယာနိုက် လူသတ်မှု သက်သေစုံပြီနဲ့ ဇွန် ၃ဝ ညချမ်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Reuters
ပို့ဆောင်ရေးတွေ ရပ်ထားတဲ့ ပြင်သစ်
ပြင်သစ်မှာ သုံးရက်ကြာ အဓိကရုဏ်းအတွင်း အဆောက်အအုံနဲ့ ယာဉ်ကားတွေ မီးရှို့ခံရတာ၊အစိုးရဌာနတွေ လုယက်ခံရတာတွေ ဖြစ်ပြီးနောက် သမ္မတ မက်ကရွန်း အရေးပေါ် အစည်းအဝေး ကျင်းပနေပါတယ်။
လမ်းဆုံမီးပွိုင့်မှာ ၁၇ နှစ်သား လူငယ်ကို ရဲက ပစ်သတ်မှုကြောင့် ဆူပူမှုက ပိုဆိုးလာပါတယ်။ သေဆုံးသူရဲ့ မိသားစုဟာ အယ်လ်ဂျီးရီးယားက လာတာ ဖြစ်လို့ လူမျိုးရေး မကျေနပ်မှုတွေ ပါမယ်လို့ ယူဆကြပါတယ်။
တည်ငြိမ်မှု ပြန်ရအောင် ဘက်ပေါင်းစုံက စဉ်းစားနေတယ်လို့ ပြင်သစ် အစိုးရက ပြောပါတယ်။
ပဲရစ်၊ မာဆေးနဲ့ လီယွန် ဆိုတဲ့ ပြင်သစ်ရဲ့ အကြီးဆုံး မြို့ကြီးသုံးမြို့မှာ ဒီနေ့ညနေကစပြီး အများသုံးယာဉ်ရထားတွေကို ရပ်တန့်ထားပါတယ်။ မာဆေးမှာတော့ ဆန္ဒပြပွဲတွေကို ပိတ်ပင်ထားပါတယ်။
ကြာသပတေးည ဆူပူမှုတွေအပြီး လူ ကိုးရာလောက် ဖမ်းထားသလို ရဲ ၂၅ဝ ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပါကစ္စတန်ကို အိုင်အမ်အက် ငွေထုတ်ချေး
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဒေါ်လာ သန်းသုံးထောင် ထပ်ချေးဖို့ သဘောတူတာကို ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က ကြိုဆိုလိုက်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်မှုကို ကူညီနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။
ဒီသဘောတူညီမှုကြောင့် ပါကစ္စတန်ရဲ့ နိုင်ငံခြား ရန်ပုံငွေကို တိုးပွားစေပြီး ရေရှည်ခံ ဖွံ့ဖြိုးမှုကို အားပေးလိမ့်မယ်လို့လည်း မစ္စတာ ရှရဖ်က ပြောပါတယ်။
အကြာကြီး ဆွေးနွေးခဲ့ပြီးနောက် IMF က ဒီလို ငွေထုတ်ချေးမှုကြောင့် နိုင်ငံအကြွေး ပြန်မဆပ်နိုင်တာတွေ မဖြစ်ဖို့ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
ပါကစ္စတန်မှာ ငွေကြေးဖောင်းပွမှုက ၃၈ ရာခိုင်နှုန်းထိ စံချိန်တင် မြင့်တက်ခဲ့ပြီး အဆိုးဆုံး စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဖေ့စ်ဘွတ်ပိတ်ပစ်မယ်လို့ ဟွန်ဆန်ပြော
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဖေ့စ်ဘွတ်က ထွက်ပစ်ပြီး သူ့နိုင်ငံထဲမှာ ဖေ့စ်ဘွတ်ကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
သူ့နိုင်ငံရေး အတိုက်အခံတွေအပေါ် တိုက်ခိုက်ဖို့ သူတောင်းဆိုနေတဲ့ ဗီဒီယိုကို ဖေ့စ်ဘွတ်ဘုတ်အဖွဲ့က ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တာကို သူက တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
နောက်ပြီး ဖေ့စ်ဘွတ်က ကမ္ဘောဒီးယား ခေါင်းဆောင်ရဲ့ အကောင့်တွေကို ၆ လ ရပ်ဆိုင်းထားဖို့လည်း အကြံပြုခဲ့ပါတယ်။
ကမ္ဘောဒီးယားကို နှစ် ၄ဝ နီးပါး အုပ်ချုပ်လာတဲ့ ဟွန်ဆန်က နောက်လ ရွေးကောက်ပွဲမှာ ပြန်ပြိုင်မှာ ဖြစ်ပြီး ဒီရွေးကောက်ပွဲကို အတုအယောင်ဆိုပြီး အတိုက်အခံနဲ့ လူ့အခွင့်အရေး အုပ်စုတွေက ပြောနေကြပါတယ်။
ဒါကို ဟွန်ဆန်က ပယ်ချပါတယ်။
ကမ္ဘောဒီးယားရဲ့ အဓိက အတိုက်အခံပါတီကို ရွေးကောက်ပွဲ ဝင်ပြိုင်လို့မရအောင် ဥပဒေနဲ့ တားမြစ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မဏိပူရ အေးချမ်းရေး ရာဟူးလ်ဂန္ဓီပန်ကြား
အိန္ဒိယ အရှေ့မြောက်ပိုင်းက မဏိပူရပြည်နယ်မှာ ရက်သတ္တပတ်တွေနဲ့ချီပြီး လူမျိုးရေး အဓိကရုဏ်းဖြစ်နေတာတွေကို အေးငြိမ်းကြဖို့ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် ရာဟူးလ် ဂန္ဓီက ပန်ကြားခဲ့ပါတယ်။
အဓိကရုဏ်းကြောင့် ထွက်ပြေးရသူတွေကို ထားတဲ့ ဒုက္ခသည်စခန်းတွေကိုလည်း ပြုပြင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒီဆူပူမှုအတွင်း လူ ၁၂ဝ ကျော် သတ်ဖြတ်ခံရပြီး လူ ငါးသောင်း ထွက်ပြေးခဲ့ရပါတယ်။
အာဏာရ ဘီဂျေပီပါတီက မဏိပူရပြည်နယ် ဝန်ကြီးချုပ် ဘီရန်ဆင်းကို နုတ်ထွက်ဖို့ တောင်းဆိုနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်း ဆိုင်ယာနိုက် လူသတ်မှု သက်သေစုံပြီ
ထိုင်းမှာ ဆိုင်ယာနိုက် လူသတ်သမားလို့ နာမည်ရတဲ့ အမျိုးသမီးအမှုကို စုံစမ်းနေတဲ့ ရဲက သူတို့ သက်သေ အချက်အလက်စုတာတွေ ပြီးပြီလို့ ဆိုပါတယ်။
ဒီအမှုကို အစိုးရရှေ့နေတွေဆီ လွှဲပေးလိုက်ပြီလို့လည်း ပြောပါတယ်။
၈ နှစ်ကျော်အတွင်း လူသတ်မှု ၁၄ ခု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဆရာရတ် ရန်စစ် ဝတ္တပေါင်က ငြင်းဆန်ခဲ့ပါတယ်။
ဒီလူတွေကို အစာထဲ ဆိုင်ယာနိုက် အဆိပ်ခတ်မသတ်ခင် ဒေါ်လာငွေတွေ ထောင်နဲ့ချီပြီး လိမ်ခဲ့တယ်လို့ သူ့ကို စွပ်စွဲထားပါတယ်။
ဒီအမျိုးသမီးဟာ အင်တာနက် လောင်းကစားအကြီးအကျယ်လုပ်ပြီး သူသတ်ခဲ့သူတွေဆီက ငွေတွေ ချေးထားတယ်လို့လည်း ထိုင်းရဲက ပြောပါတယ်။
သူဟာ ထိုင်းမှာ လူသတ်မှု အများဆုံး ကျူးလွန်သူလို့ ထိုင်းရဲဘက်က ဆိုပါတယ်။








