ရခိုင်က စစ်ရှောင်စခန်းတွေ သောက်သုံးရေ အခက်စတွေ့

ရေခမ်းခြောက်

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ်ထဲက စစ်ရှောင်ဒုက္ခသည်စခန်းအများစုမှာ သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပြီလို့ စစ်ရှောင်တွေထံက သိရပါတယ်။

စစ်ရှောင်စခန်းတွေက အများအားဖြင့် ကန်ရေကိုသာ အဓိက အားထားရပြီး သူတို့ မှီခိုအားထားနေကြရတဲ့ ရေကန်တွေမှာ ဖေဖော်ဝါရီ ပထမအပတ်ကစပြီး ရေခန်းခြောက်သွားပြီလို့ ပြောကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက အထက်မြတ်လေး ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၁၂၀ လောက်သာရှိပေမဲ့ သူတို့အသုံးပြုနေတဲ့ရေကန်ဟာ ရေလုံးဝမရှိတော့တာကြောင့် ဝေးလံတဲ့နေရာတွေကိုသွားပြီး ရေခပ်နေကြရတယ်လို့ စခန်းတာဝန်ခံ ဦးဖြူသာအောင်က ပြောပါတယ်။

ရေခမ်းခြောက်

ဓာတ်ပုံ ရင်းမြစ်, CJ

မိုးတွင်းကာလနဲ့ ဆောင်းရာသီတို့မှာ စခန်းအနီးမှာရှိတဲ့ မြတ်လေးရွာက ကန်ရေနဲ့ မိုးရေကို အသုံးပြုကြပြီး အဲ့ဒီကန်တွေ ရေခန်းချိန်မှာ ဂဏန်းတောင်ဘူတာအနီးမှာရှိတဲ့ ရေကန်ကရေကို အသုံးပြုခဲ့ကြတာပါ။

ပြီးခဲ့တဲ့လကစပြီး အဲဒီကန်မှာလည်း ရေမရှိတော့သလို ဘုန်းတော်ကြီးကျောင်းကကန်မှာလည်း ရေခန်းနေပြီဖြစ်တဲ့အတွက် ချောင်းရေကိုဖြည့်ပြီး အသုံးပြုနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ ချောင်းရေကို သုံးရေအဖြစ် အသုံးပြုလို့ရနိုင်ပေမဲ့ သောက်ရေအတွက်တော့ အခက်အခဲရှိနေပြီး စခန်းနဲ့ဝေးတဲ့ သောက်ရေရရှိနိုင်တဲ့နေရာတွေထိ သွားပြီးတော့ ရှာဖွေခပ်နေကြရတယ်လို့ ဆိုပါတယ်။

အခုအချိန်ဟာ နွေဦးရာသီဖြစ်တဲ့အတွက် အနီးဝန်းကျင်က ချောင်းတွေမှာလည်း ပင်လယ်ဒီရေတွေ တိုးလာနေပြီဖြစ်တာကြောင့် ဆားငန်ဓာတ်ပျော်ဝင်မှုက ပိုမိုမြင့်တက်လာနေပြီး အဲဒီရေကိုပဲ သုံးရေအတွက် မဖြစ်မနေအသုံးပြုနေကြရတယ်လို့ ဆိုပါတယ်။

“သောက်ရေတစ်လုံးရဖို့အတွက် အနည်းဆုံး မိနစ် ၂၀ လောက် လမ်းလျှောက်ပြီး သွားကြရတယ်။ သရက်တောဘုန်းကြီးကျောင်းနားထိ တကူးတက သွားကြရပါတယ်။ ကန်တွေမှာလည်း ရေခန်းတော့ ချောင်းရေပဲဖြည့်ပြီး သုံးနေကြရတယ်။ ချောင်းရေကလည်း ငန်နေပြီ”လို့ ဦးဖြူသာအောင်က ပြောပါတယ်။

စစ်ရှောင်စခန်း

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါ့အပြင် ကျောက်တော်မြို့နယ်အတွင်းက တောင်မင်းကုလားစခန်းမှာလည်း အလားတူ ကြုံနေကြရတာပါ။ အဲ့ဒီစခန်းကတော့ ကျေးရွာတွေနဲ့ဝေးပြီး သီးခြားတည်ရှိတဲ့စခန်း တစ်ခုပါ။

သူတို့အသုံးပြုနေတဲ့ကန်က ရေခန်းသွားတဲ့အတွက် ယိုးချောင်းကရေကို သုံးရေအဖြစ် အသုံးပြုနေကြပေမဲ့ သောက်ရေအတွက်တော့ အနည်းဆုံးမိနစ် ၄၀ အကြာခရီးကိုသွားပြီး တောင်မင်းကုလားရွာ၊ ဝါးတောင်ရွာစတဲ့ကျေးရွာတွေကနေ ခပ်နေကြရတယ်လို့ တောင်မင်းကုလားစခန်းတာဝန်ခံ ဦးမောင်သိန်းဝင်းက ပြောပါတယ်။

တောင်မင်းကုလားစခန်းမှာ လူဦးရေ ၅၀၀ ကျော်နေထိုင်နေကြတာဖြစ်ပြီး အဲဒီလူတွေဟာ ယိုးချောင်းအထက်ပိုင်းကျေးရွာတွေက ဒေသခံတွေ ဖြစ်ကြပါတယ်။

ကျောက်တော်မြို့နယ်အတွင်းက အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ ညောင်ချောင်းစခန်းမှာလည်း ရေကန်သုံးကန်မှာ တစ်ကန်က လုံးဝခန်းခြောက်သွားပြီး ကျန်တဲ့နှစ်ကန်မှာတော့ ဇီးချောင်းဆည်ကရေကို ဖြည့်ပေးထားတဲ့အတွက် အနည်းအကျဉ်း အသုံးပြုလို့ရနေသေးကြောင်းနဲ့ နောက်လတွေမှာဆိုရင်တော့ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ စခန်းတာဝန်ခံ ဦးသန်းအေးက ပြောပါတယ်။

တောင်မင်းကုလားစခန်းနဲ့ အထက်မြတ်လေးစခန်းတွေမှာဆိုရင် ရေမသန့်ရှင်းတဲ့အတွက် ဝမ်းလျှောဝမ်းပျက်ရောဂါနဲ့ အရေပြားရောဂါ ဖြစ်ပွားကြတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ကျွန်တော်တို့စခန်းမှာက ရေမကောင်းတဲ့အတွက် လူတွေလည်း နေမကောင်း ဖြစ်နေကြတယ်။ ဝမ်းလျှောဝမ်းပျက်ဖြစ်နေတာ ၁၀ ဦးကျော်ရှိနေတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကလည်း အမြဲတမ်းမရှိဘူး”လို့ စခန်းတာဝန်ခံ ဦးသိန်းဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ နွေရာသီမှာ အပူရှိန်မြင့်မားတဲ့ဒေသတစ်ခုဖြစ်တဲ့အတွက် အခုလို ပူတဲ့ရာသီမှာ သောက်သုံးရေ အခက်အခဲနဲ့ ကြုံနေရပြီဖြစ်ပြီး မသန့်ရှင်းတဲ့ရေတွေကို အသုံးပြုနေကြရတဲ့အတွက် သူတို့ရဲ့ကျန်းမာရေးကိစ္စတွေအတွက် စိုးရိမ်ရတယ်လို့ ပြောဆိုကြပါတယ်။

ရေခမ်းခြောက်

ဓာတ်ပုံ ရင်းမြစ်, CJ

ဒါ့အပြင် မြောက်ဦးမြို့နယ်အတွင်းက တင်းထိန်ကန်စခန်း၊ ပီပင်ရင်းစခန်းနဲ့ တိမ်ညိုစခန်းတွေမှာလည်း ရေအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းတွေအတွက် လိုအပ်တဲ့သုံးရေတွေကိုလည်း တခြားမြို့နယ်တွေက စခန်းတွေမှာလိုပဲ နီးစပ်ရာချောင်းတွေက ရေတွေကိုပဲ ကန်တွေမှာ ဖြည့်ပြီးအသုံးပြုနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကဆိုရင် ရေရှားပါးချိန်တွေမှာ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ရေလှူတာတွေ၊ ရေရရှိရေးအတွက် အကူအညီပေးတာတွေ ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ အလှူရှင်အဖွဲ့အစည်းတွေလည်း ရောက်မလာကြဘူးလို့ ပြောဆိုကြပါတယ်။

အခုလို နွေဦးရာသီမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ ရေခန်းခြောက်လေ့ရှိပြီး စစ်ရှောင်စခန်းတွေရှိတဲ့ ကျေးလက်နေရာတွေမှာလည်း ရေစတင်ခန်းခြောက်နေပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နေရာအများစုတို့မှာ သောက်သုံးရေရရှိရေးအတွက် ကန်ရေကိုပဲ အဓိက မှီခိုနေကြရပြီး အဲ့ဒီရေတွေဟာ နွေရာသီရောက်လို့ရှိရင် ခန်းခြောက်လေ့ရှိပါတယ်။

အခုနှစ်မှာတော့ အရင်နှစ်တွေကထက် စောပြီးရေခန်းခြောက်နေသလို နေရာအများအပြားမှာ ဒီပြဿနာနဲ့ကြုံရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ မိုးတွင်းကာလက ရခိုင်ပြည်နယ်မှာ မိုးခေါင်ခဲ့တဲ့အတွက် ရေကန်တွေမှာ မိုးရေတွေကို အလုံအလောက် မသိုလှောင်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကလည်း စစ်ရှောင်တွေကို နေရပ်ပြန်ကြဖို့ ပြောဆိုနေပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေကလည်း ပုံမှန်မရောက်နိုင်ဘဲ ဖြစ်နေပါတယ်။