ဇွန် ၁ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - သူရဦးတင်ဦး ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(နာယက) သူရဦးတင်ဦး ဇွန် ၁ ရက် မနက်ပိုင်း ၈ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်သူ သူရဦးတင်ဦး ဟာ ကွယ်လွန်ချိန်မှာ အသက်(၉၈) နှစ်ရှိပြီ ဖြစ်ပါတယ်။
ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် ဆေးကုသခံယူပြီးတဲ့နောက် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
‘’ရုပ်အလောင်းကို နေအိမ်မှာငါးရက်ထားဖို့ နဲ့ ဈာပနကိစ္စ ဆက်စီစဉ်နေပါတယ်’’ လို့ သူရဦးတင်ဦးရဲ့ သားဖြစ်သူ ဦးသန့်ဇင်က ဘီဘီစီကို ပြောပါတယ်။
၂ဝ၁၇ ခုနှစ်တုန်းက နေအိမ်က ရေချိုးခန်းမှာ ချော်လဲပြီးတဲ့နောက် ကျန်းမာရေးထိခိုက်ခဲ့တာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တည်ထောင်ခဲ့တဲ့ သူရဦးတင်ဦးကို NLD သင်္ကေတ ပင်နီတိုက်ပုံ နဲ့ အမြဲမြင်ရလေ့ရှိတာဖြစ်ပါတယ်။
KNDF တည်ထောင်မှု ၃ နှစ်ပြည့်ပြီ

ဓာတ်ပုံ ရင်းမြစ်, KNDF
လွိုင်ကော်မြို့ကို စစ်ကြောင်းတွေထပ်ပို့
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို KNDF ရဲ့ တပ်ရင်းအမှတ် (၄) က ဦးစီးဆောင်ရွက်ပြီး စစ်ဗျူဟာ အမှတ် ၅ နယ်မြေထဲမှာ မနေ့က ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို ကရင်နီတပ်မတော်(KA)၊ ကလလတ (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF) အပါအဝင် ကရင်နီရဲတပ်ဖွဲ့ (KSP) နဲ့ တခြားတပ်ပေါင်းစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့တဲ့ “၁၁၁ စစ်ဆင်ရေး”နောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်ရဲ့ အစိတ်အပိုင်းတော်တော်များကို KNDF နဲ့ ကရင်နီပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်သလို စစ်ကောင်စီတပ်ဘက်ကလည်း မြို့ကိုလက်မလွှတ်ရရေးအတွက် လွိုင်ကော်မြို့ထဲမှာပဲ တပ်စွဲပြီး ခုခံနေတာ ဖြစ်ပါတယ်။
မေ ၃၀ ရက် မနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကနေ လွိုင်ကော်ကို ဆင်းလာတဲ့ စစ်ကြောင်း ဟာ လွိုင်ကော်၊ မိုးဗြဲ နဲ့ဆီဆိုင်လမ်းခွဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ လက်ရှိအချိန်မှာတော့ လွိုင်ကော်၊ မိုးဗြဲနဲ့ ဆီဆိုင်လမ်းခွဲနေရာတဝိုက်မှာ တပ်စွဲနေရာယူထားတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။
စစ်ကောင်စီကတော့ လွိုင်ကော်မြို့အခြေအနေနဲ့ပတ်သက်လို့ ဒီရက်ပိုင်းအတွင်း ထုတ်ပြန်လာတာမရှိသေးပါဘူး။
ဆယ်သန်းရွှေဆိုင် နှစ်ဆိုင် ဓားပြတိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Screen Grab
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရွှေ နှစ်ပိဿာ ပါသွား
မန္တလေး၊ မန်းမြို့ဈေးမှာ ဖွင့်လှစ်ထားတဲ့ ဆယ်သန်းရွှေဆိုင် နှစ်ဆိုင် မေ ၃၁ ရက် နေ့လယ်မှာ ဓားပြတိုက်ခံရပြီး သိန်းပေါင်း ၁ သောင်းကျော်နဲ့ညီမျှတဲ့ ရွှေထည်တွေ ပါသွားတယ်လို့ ရွှေဆိုင်ဝန်ထမ်းတစ်ဦးက ဘီဘီစီကိုအတည်ပြုပြောပြပါတယ်။
“ရွှေ ၂ ပိဿာလောက် ပါသွားတယ်၊ ကာလပေါက်ဈေးနဲ့ဆို သိန်းပေါင်း ၁ သောင်း ၂ ထောင်ဝန်းကျင်လောက်ရှိတယ်”လို့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
Mark II အဖြူရောင်ကားတစ်စီးနဲ့လာတဲ့ လူတစ်စုက ဓားပြတိုက်ခဲ့တာဖြစ်ပြီး ကပ်လျက်ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်စီကို လူ ၂ ယောက်စီဝင်လာပြီး လက်နက်ပြခြိမ်းခြောက်ပြီးမှ ရွှေထည်ပစ္စည်းတွေ ယူသွားတာလို့ သိရပါတယ်။
ဓားပြအဖွဲ့ထဲက တစ်ယောက်က” အကုန်လုံး မလှုပ်နဲ့၊ ပစ်မှာ ဝပ်နေ” လို့ပြောပြီး ပစ္စည်းတွေကို ထုတ်ခိုင်းတယ်လို့ ဝန်ထမ်းကပြောပါတယ်။
“လူက အားလုံးပေါင်း ၇ ယောက်လောက်ရှိတယ်။ ဆိုင် ၂ ဆိုင်ကို ဓားပြတိုက်တာက ၄ ယောက်၊ လမ်းပေါ် လုံခြုံရေးကြည့်ပေးနေတာက ၁ယောက်၊ ကားထဲမှာက ၂ ယောက်” လို့ မျက်မြင်တွေ့ခဲ့တဲ့ ဈေးဝယ်သူတစ်ဦးကဆိုပါတယ်။
ဓားပြတိုက်တဲ့အဖွဲ့ ဆိုင်ထဲကထွက်သွားပြီးနောက် နေ့လယ် ၃ နာရီခွဲကျော်ဝန်းကျင်မှာတော့ ရဲနဲ့စစ်သားပေါင်းထားတဲ့ လုံခြုံရေးအဖွဲ့တွေရောက်လာပြီး ဖြစ်စဉ်အသေးစိတ်ကို မေးမြန်းခဲ့သလို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကလည်း မန်းမြို့ဈေးထဲက ဆယ်သန်းရွှေဆိုင်တစ်ဆိုင်ကို လူ ၃ ယောက်အဖွဲ့ ဆိုင်ထဲအထိ ဝင်ရောက်ဓားပြတိုက်ခဲ့ပါတယ်။
အဲဒီတုန်းကလည်း ခန့်မှန်းခြေအရ ကာလပေါက်ဈေးတန်ဖိုး သိန်း ၆,၀၀၀ ကျော် ဆုံးရှုံးခဲ့သလို ရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမယ့် တရားခံမပေါ်သေးဘူးလို့ ရွှေဆိုင်ဝန်ထမ်းက ဆိုပါတယ်။
မြန်မာအစိုးရအဆက်ဆက် ချပေးခဲ့တဲ့ ခွင့်ပြုမိန့်လိုင်စင်တွေကို TNLA ရုပ်သိမ်း

ဓာတ်ပုံ ရင်းမြစ်, TNLA
မြေရှားသတ္တု ထုတ်လုပ်ခွင့်ကိုလည်း ရပ်ဆိုင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)က တအာင်းတပ်ဖွဲ့ TNLA ထိန်းချုပ်ထားတဲ့ ဒေသအတွင်းက သတ္တုလုပ်ငန်းအပါအဝင် ပုဂ္ဂလိကလုပ်ငန်းတွေကို စစ်ကောင်စီအပါအဝင် အရင်မြန်မာအစိုးရလက်ထက် ခွင့်ပြုခဲ့တဲ့ ခွင့်ပြုမိန့်၊ လိုင်စင်နဲ့ အမိန့်စာတွေကို အသိအမှတ်မပြုဘူးလို့ TNLA က ထုတ်ပြန်ပါတယ်။
သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းထားရမှာဖြစ်ပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ချင်တယ်ဆိုရင် TNLA ဘက်က သတ်မှတ်ထားတဲ့ ခွင့်ပြုချက်တွေကို နိုဝင်ဘာ ၃၀ ရက်မတိုင်ခင် ရယူလျှောက်ထားရမယ်လို့ ဆိုပါတယ်။
လုပ်ငန်းခွင့်ပြုချက်ကို သတ်မှတ်ကာလအတွင်း ရယူတာမရှိဘူးဆိုရင်တော့ လုပ်ငန်းနဲ့ဆက်စပ်တဲ့ အဆောက်အအုံနဲ့ ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းယူမယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
TNLA ရဲ့ ခွင့်ပြုမိန့်မရှိဘဲ လုပ်ငန်းဆက်လည်ပတ်မယ်ဆိုရင်လည်း ဥပဒေအရ ထိထိရောက်ရောက် အပြစ်ပေးအရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။
တစ်ချိန်တည်းမှာပဲ တအာင်းပြည်နယ်အတွင်းမှာ မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်တာတွေလုပ်တဲ့ လုပ်ငန်းရှင်တွေကိုလည်း လုပ်ငန်းလုပ်ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ TNLA က ကြေညာထားပါတယ်။ ကြေညာချက်ထဲမှာ မြေရှားသတ္တု အကြီးစားထုတ်လုပ်မှုတွေအပြင် အသေးစားထုတ်လုပ်မှုတွေကိုပါ ခွင့်မပြုဘူးလို့ ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် စီမံချက်လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေဆဲကာလမို့ လုပ်ငန်းလုပ်ခွင့်ရပ်ဆိုင်းတာဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိရင်တော့ တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။








