အောက်တိုဘာ ၁၁ ရက်သတင်းများအနှစ်ချုပ် - ပေါက်တောကို စစ်တပ်ဗုံးကြဲမှု လူ ၇ ဦးသေဆုံး

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ထဲက ဆင်အိုင်ကျေးရွာကို စစ်တပ်က မနေ့ညပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်အပါအ၀င် ၇ ဦးသေဆုံးတယ်လို့ ဒေသအခြေစိုက် အာရက္ခမင်းသမီးမီဒီယာ(APM) က သတင်းဖော်ပြပါတယ်။

သေဆုံးသူတွေထဲ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၂ ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။​

စစ်တပ်ရဲ့မနေ့ညနေပိုင်း ဗုံးကြဲမှုမှာ ဗုံးကျည်စမှန်တဲ့ ဒဏ်ရာတွေအပါအ၀င် ဒဏ်ရာရသူ ၁၇ ဦးရှိတယ်လို့လည်း သိရပါတယ်။

''မနေ့ ညနေ ၆ နာရီခွဲမှာ ဗုံးကြဲလို့ သေဆုံးသူ မွတ်စလင် ၃ ဦးလည်း ပါ၀င်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်ဘဲ ဗုံးကြဲသွားတာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ အရပ်သားတွေချည်းပါပဲ'' လို့ မြေပြင်အခြေအနေ သိရှိသူလည်း ဖြစ်သလို ရခိုင်မှာ လူသားချင်းစာနာမှု အကူအညီပေးနေသူလည်းဖြစ်တဲ့ စာရေးဆရာ ၀ေဟင်အောင်က ပြောပါတယ်။

အာရက္ခမင်းသမီး မီဒီယာကတော့ သေဆုံးသူ မွတ်ဆလင် ၃ ဦးဟာ အနောက်ရဲ မွတ်ဆလင် ဒုက္ခသည်စခန်းနဲ့ ကျောက်ဖြူ မွတ်ဆလင်ဒုက္ခသည်စခန်းတို့က ဖြစ်တယ်လို့ ဆိုပါတယ်။​

ဒဏ်ရာရသူတွေထဲ စိုးရိမ်ရတဲ့သူတွေလည်း ပါ၀င်တယ်လို့ သိရပါတယ်။​

စစ်တွေ တစ်ဖက်ကမ်းက ပေါက်တောမြို့နယ်မှာ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေချိန်မှာပဲ အခုလေကြောင်းတိုက်ခိုက်မှု ထွက်ပေါ်လာတာပါ။

စစ်တွေနဲ့ ပေါက်တောမြို့နယ်ကြားက ငပြီကျွန်းမှာ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲ ဆက်ရှိနေပြီး အဲဒီ တိုက်ပွဲဟာ သီတင်းတစ်ပတ်နီးပါးထဲ ၀င်လာပြီဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းသုံးတာနဲ့ စစ်တွေမြို့ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်နေတယ်လို့်လည်း အခြေအနေသိရှိသူက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်တွေမှာတော့ ငပြီကျွန်းကို စစ်တပ်က သိမ်းလိုက်ပြီလို့ ရေးသားနေကြပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရေတပ်အခြေစိုက်စခန်းလည်းရှိတဲ့ စစ်တွေမြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ငပြီကျွန်းကို စစ်တပ်က ကြည်း ရေ လေ ထိုးစစ်အသွင် တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်တွေက အစောပိုင်းကတည်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲ မြို့နယ်အများစုကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားပြီး မြို့တော်စစ်တွေ၊ တရုတ်စီမံကိန်းရှိတဲ့ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ကိုပဲ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

တရုတ်စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်ဆောက်ဖို့ လျာထားတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း ရမ်းဗြဲမြို့နယ်နဲ့ ကပ်လျက်ဘက်အခြမ်းက အေအေ ထိန်းချုပ် ကျေးရွာတွေကို စစ်တပ်က ပြန်သိမ်းဖို့ ကြိုးပမ်းနေတာကြောင့် တိုက်ပွဲ ဆက်ရှိနေပါတယ်။