အောက်တိုဘာ ၉ ရက် ထိပ်တန်းသတင်းများ - အစ္စရေးရောက် မြန်မာတွေ ပြန်လိုရင် စီစဥ်ပေးမယ်လို့ စစ်ကောင်စီသံရုံးပြော

ဓာတ်ပုံ ရင်းမြစ်, US Embassy of Israel
အစ္စရေး နဲ့ ပါလက်စတိုင်းကြား မှာ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေဖြစ်နေတာကြောင့် အစ္စရေး ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အခက်အခဲတစ်စုံတစ်ရာရှိတာ နဲ့ မြန်မာနိုင်ငံကို ပြန်လိုတာရှိရင် ဆက်သွယ်နိုင်တယ်ဆိုပြီး အစ္စရေးအခြေစိုက် မြန်မာစစ်ကောင်စီသံရုံးက သတင်းထုတ်ပြန်ပါတယ်။
သံရုံးထုတ်ပြန်စာထဲ ဟားမတ်စ်စစ်အုပ်စု ရဲ့ ရုတ်တရက်တိုက်ခိုက်မှုကြောင့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ပြည်ပနိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာရတာ ၊ သတ်ဖြတ်ခံရတာနဲ့ ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတာတွေရှိနေလို့ အခက်အခဲရှိရင် ဆက်သွယ်နိုင်တယ်ဆိုပြီး ဖော်ပြတာပါ။
Cathay Pacific၊ Korean Air နဲ့ Hainan လေကြောင်းလိုင်းတွေ အပါအဝင် အာရှလေကြောင်းလိုင်း အများအပြားကတော့ အစ္စရေး ရဲ့ တဲလ်အဗီးမြို့ကို ပျံသန်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။
သံရုံးရဲ့ ထုတ်ပြန်စာထဲ မြန်မာနိုင်ငံကို ပြန်လိုသူတွေကို ဘယ်လိုစီစဥ်ပေးမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မပြောထားဘဲ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပတ်အချို့ကိုဖော်ပြထားပါတယ်။ ဒါ့အပြင် အစ္စရေးနိုင်ငံ ကာကွယ်ရေးဌာနရဲ့ မစ်ဆိုင်းလ် အချက်ပေးသံနဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ဆိုပြီး တိုက်တွန်းထားပါတယ်။
ဘီဘီစီက ဆက်သွယ်မေးမြန်းထားတဲ့ အစ္စရေး ရောက် ဂါဇာအနီးက မြန်မာအချို့ ကတော့ အစ္စရေးနိုင်ငံရဲ့ မစ်ဆိုင်းလ် အန္တရာယ် အချက်ပေးစနစ်ကိုလိုက်နာနေပြီး လက်နက်ကြီးဒဏ်ခံ ဗုံးခိုအဆောက်အဦတွေကို ပြေးနိုင်ဖို့ သတိထားနေထိုင်နေကြတယ်လို့ ပြောပါတယ်။
လက်ရှိမှာ အာရှ က တရုတ် ၊ ထိုင်း နဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ ဟာ ဓားစာခံဖမ်းဆီးခံရတဲ့အထဲ ပါဝင်နေပြီး ထိုင်းလူမျိုး ၁၂ ယောက် သေဆုံးထားသလို ၁၁ ဦးထက်မနည်း ဓားစားခံဖမ်းဆီးခံထားရပါတယ်။ ဓားစာခံတွေထဲက တဝက်လောက် က တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး ပါလက်စတိုင်းရဲ့ ဟားမတ်စ်အဖွဲ့ ဘက်က ဝေဟင်ပစ်ရော မြေပြင်ကနေပါ ရုတ်တရက် စီးနင်းတိုက်ခိုက်ခဲ့တဲ့နောက် ဂါဇာ နဲ့ အနီးတဝိုက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေတာပါ။
လက်ရှိအချိန်မှာတော့ အစ္စရေးနဲ့ ပါလက်စတိုင်းမှာ သေဆုံးသူ ၁,၁၀၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။
ပဲခူးမြို့မှာ စံချိန်တင်ရေကြီးပြီး ဒေသခံတွေ ပိတ်မိနေ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ မနေ့ အောက်တိုဘာလ ၈ ရက်စလို့ ရုတ်တရက်ရေကြီးမှုဖြစ်ပြီးတဲ့နောက် ဒီနေ့အထိ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေ နေအိမ်တွေမှာ ပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၈ ရက်အစောပိုင်းမှာ ရေတွေ ရုတ်တရက်တက်လာခဲ့တာလို့ဒေသခံတွေက ပြောပါတယ်။
မိုးများတာနဲ့ ပဲခူးမြစ်ရေ မြင့်တက်လာတာတွေကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ၈ ပေလောက်အထိ ရေတက်နေပြီး ဒေသခံတွေဟာ ရေမြုပ်နေတဲ့ အိမ်တွေပေါ်မှာပဲ နေထိုင်နေရလို့ အကူအညီတွေ လိုအပ် နေတယ်လို့ ဆိုပါတယ်။
ပဲခူးမြို့ မှော်ကန် ၁၇ လမ်းမှာ နေထိုင်သူတစ်ဦးကတော့ ‘‘အိမ်မှာ အောက်ထပ်တစ်ထပ်လုံး မြုပ်သွားပြီ။ အိမ်က အမျိုးသမီး၊ အဖေ၊ အမေနဲ့ ကလေးတွေကို ဘေးလွတ်ရာပြောင်းဖို့ လှေ အကူအညီတောင်း ထားတာ မနေ့ကတည်းကပဲ။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ လှေရရင် ဦးစားပေး လာခေါ်ပေးမယ်လို့ ပြောတယ်’’ဆိုပြီး ဒီနေ့ မနက်ပိုင်းမှာပဲ ဘီဘီစီကိုပြောပါတယ်။
ပဲခူးမြို့တောင်ပိုင်းက ရေကြီးမှော်ကန်လမ်းတစ်လျှောက်က နေအိမ်တွေမှာနေထိုင်သူတွေဟာ နေအိမ်မြင့်တဲ့နေရာတွေမှာရွှေ့ပြောင်း နေထိုင်နေရလို့ သောက်ရေနဲ့ စားစရာအခက်တွေ့နေရတယ်လို့လည်း သိရပါတယ်။
ပဲခူးမှာ အခုနှစ်အတွင်း ရေကြီးမှု ၄ ကြိမ်နီးပါးရှိပြီဖြစ်ပေမဲ့ အခုတစ်ကြိမ်က အဆိုးရွားဆုံးဖြစ်တယ်လို့ လည်း ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ပဲခူးမြို့တွင်းကို ဖြတ်သွားတဲ့ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းလည်း ၂ နီးပါးခန့်ရေကျော်နေတာကြောင့် ယာဥ်ဖြတ်သန်းသွားလာတာတွေ ပိတ်ထားတယ်လို့ သိရပါတယ်။
ပဲခူးမှာ ခါတိုင်း အနိမ့်ပိုင်းအရပ်တွေမှာသာရေကြီးပေမဲ့ အခုနှစ်မှာ အမြင့်ပိုင်းမှာရှိတဲ့ ရွှေမှော်တော ဘုရားဘက် ရပ်ကွက်တွေမှာပါရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘‘ဇိုင်းတောင်ရပ်ကွက်၊ ဇိုင်းမြောက်ရပ်ကွက်လို အနိမ့်ပိုင်းအရပ်တွေမှာ အခုတစ်ကြိမ် ပိုဆိုးတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း လှေတွေဘာတွေ သိပ်မထားတော့ အခုလို ရေကြီးလာတဲ့အချိန်မှာ ကူညီရေးအခက်တွေ့နေတယ်။ ကူညီရေးအသင်းတွေကတော့ လက်လှမ်းမီတဲ့နေရာတွေကို ထမင်းထုပ်တွေ ဘာတွေ ပို့ပေမဲ့ မရောက်တဲ့နေရာ မရောက်သေးဘူး’’’ လို့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။
မြို့ခံတွေကတော့ ပဲခူးမြို့မှာ အချိန်တိုတွင်း ရေမြင့်တက်လာတာဖြစ်လို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းဖို့ အချိန်မမီခဲ့တာကြောင့် ဆုံးရှုံးမှုတွေ ရှိတယ်လို့ ပြောပါတယ်။
မိုးလေဝသဌာနကတော့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်ထက် ၃ ပေနီးပါး ကျော်လွန်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ရေးသားပြောဆိုလို့ ဖမ်းဆီးခံရသူ ထောင်နဲ့ချီရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာသိမ်းဆန့်ကျင်တာ နဲ့ တော်လှန်ရေးအင်အားစုတွေကို အားပေးထောက်ခံတဲ့ ရေးသားပြောဆိုမှုတွေကို လုပ်လို့ဆိုတဲ့ စွပ်စွဲချက် နဲ့ ၂၀၂၂ ဖေဖော်ဝါရီ ကနေ ၂၀၂၃ စက်တင်ဘာလ အထိ ပြည်တွင်းနေ ဖမ်းဆီးခံရသူ အရေအတွက်ဟာ ၁၃၁၆ ဦးရှိတယ်လို့ နိုင်ငံတဝန်းနိုင်ငံရေး နဲ့ စစ်ရေးဖြစ်ရပ်တွေရဲ့ သက်ရောက်မှုကိုလေ့လာတဲ့ Data for Myanmar က ထုတ်ပြန်ပါတယ်။ အဲဒီထဲက ထက်ဝက်နီးပါးဟာ ရန်ကုန်တိုင်း နဲ့ မန္တလေးတိုင်းတွေက ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် ၁ နှစ် နဲ့ ၇ လအတွင်း မှာ လစဥ် ပျမ်းမျှ ၆၅ ဦးခန့်ဖမ်းဆီးခံနေရပြီး ၂၀၂၂ ခုနှစ် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ် လတွေမှာတော့ လစဉ် လူ ၁၀၀ ကျော် နဲ့ လေး လပေါင်း လူ ၅၀၀ ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) တွေနဲ့ အများဆုံးအမှုဖွင့် အရေးယူထားတာတွေ့ရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ဖေ့စ်ဘုတ် အသုံးပြုသူတွေက အများစုဖြစ်ပြီး TikTok နဲ့ Telegram အသုံးပြုသူအချို့လည်း ပါဝင်ပါတယ်။
Data for Myanmar ရဲ့ အပြောအရ အခုဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက အမှန်တကယ် ဖမ်းဆီး ထောင်ချတာ ရှိ မရှိ နဲ့ ပြန်လည်လွတ်မြောက်တဲ့ အခြေအနေ ရှိ မရှိဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တိတိကျကျသိရတာမရှိဘူးလို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေထဲက စစ်ကိုင်း၊ မကွေးနဲ့ ချင်းတို့မှာ အရပ်သား ၂၇၀ ကျော်ဟာ PDF နဲ့ ဆက်နွှယ်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ခုံရုံးတွေကနေ သေဒဏ်၊တသက်တကျွန်း နဲ့ နှစ်ရှည်ထောင်ဒဏ်တွေအပါအဝင် အလုပ်ကြမ်းနဲ့ထောင်ဒဏ်တွေချမှတ် ခံထားရပါတယ်။








