ယူကရိန်းဆည်ပြိုမှု- လူထောင်ချီ ရေဘေးလွတ်ရာ တိမ်းရှောင်နေရ

ဆည်ရေလွှမ်းနေတဲ့နေရာတွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဆည်ရေလွှမ်းနေတဲ့နေရာတွေ

ယူကရိန်းနိုင်ငံထဲက ရုရှားထိန်းချုပ်မှုအောက်နေတဲ့ နိုဗာ ခါခေါ့ဗ်ခါမြို့အနီးမှာ ရေထိန်းဆည်ပြိုကျမှုဖြစ်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ရေဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ခါခေါ့ဗ်ခါမြို့အနီးကဆည် ပျက်စီးပြီး ရေလွှမ်းလာနိုင်တာကြောင့် ဆည်အောက်မြို့ရွာပေါင်း ၈၀ နီးပါးက ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ယူကရိန်း သမ္မတ ဇလန်းစကီးက ပြောထားပြီး ဒါဟာ ရုရှားလက်ချက်လို့ သူက အပြစ်ဖို့ထားပါတယ်။

ဆည်ရေတွေ ‌မြစ်အောက်ပိုင်းကို ထိုးဆင်းနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆည်ရေတွေ ‌မြစ်အောက်ပိုင်းကို ထိုးဆင်းနေ

အခုတော့ ဒနီပရိုမြစ်ထဲကရေတွေဟာ မြစ်အောက်ပိုင်းကို ထိုးဆင်းနေပြီး ခါစွန်မြို့ကို ရေလွှမ်းမိုးတဲ့ကပ်ဆိုက်မယ့်အခြေ ရောက်နေပါတယ်။

ရုရှားကတော့ သူထိန်းချုပ်ထားတဲ့အဲဒီဆည် ပျက်စီးတာဟာ သူတို့လက်ချက်မဟုတ်ဘဲ ယူကရိန်းဘက်က လက်နက်ကြီးကျလို့ ပျက်စီးတာလို့ဆိုပါတယ်။

နှစ်ဖက်ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ခါခေါ့ဗ်ခါဆည်ဟာ အဲဒီဒေသအတွင်းမှာ အရေးအပါဆုံး ဆည်ကြီးလည်းဖြစ်ပါတယ်။

ဒေသတွင်းစိုက်ပျိုးရေးရော၊ သောက်သုံးရေအတွက်ပါ အလေးထားနေရတဲ့ဆည်ဖြစ်သလို ဇာပေါ်ရီဇီယာ နျူကလီးယားဓာတ်အားပေးစက်ရုံကိုလည်း ရေပေးနေတဲ့ဆည်ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယားဒေသဆီကို ရေပို့လွှတ်နေတဲ့ အရေးပါတဲ့ဆည်လည်းဖြစ်ပါတယ်။

ရေအောက်ရောက်နေတဲ့ ယဥ်ကျေးမှုစင်တာအဆောက်အအုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရေအောက်ရောက်နေတဲ့ ယဥ်ကျေးမှုစင်တာအဆောက်အအုံ

ယူကရိန်းနိုင်ငံပိုင် ရေအားလျှပ်စစ်စက်ရုံတွေကို ကွပ်ကဲနေတဲ့အုပ်ချုပ်အာဏာပိုင်အဖွဲ့ကတော့ ဆည်ရေတွေ ဆည်အောက်ကို စီးဆင်းမှုပြီး ရုတ်တရက် ရေပြန်ကျဖို့ဟာ လေးရက်ကနေ ငါးရက်အထိ ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။

‌အခုဆည်ပြိုကျမှုကြောင့် နျူကလီးယားစက်ရုံ အေးနေအောင် အဲဒီဆည်ကရေကို အသုံးပြုနေတဲ့ ဥရောပကအကြီးဆုံး ဇာပေါ်ရီဇီယာ နျူကလီးယားဓာတ်အားပေးစက်ရုံအရေး စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာ အခြေအနေ ထိန်းချုပ်နိုင်တဲ့အဆင့်ရှိပြီး စက်ရုံနဲ့ပတ်သက်ပြီး နျူကလီးယားဘေးဆိုင်ရာစိုးရိမ်စရာအခြေအနေ မရှိဘူးလို့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ပြောထားပါတယ်။

လူရော အိမ်မွေးတိရိစ္ဆာန်တွေပါ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လူရော အိမ်မွေးတိရိစ္ဆာန်တွေပါ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

ဆည်ကျိုးတဲ့အခြေအနေကို ရိုက်ကူးထားတဲ့ရုပ်သံတွေမှာတော့ ကျိုးကျနေတဲ့ဆည်ပေါက်ကနေ ရေတွေအလုံးအရင်းလိုက် စီးဆင်းနေတာကိုတွေ့ရပါတယ်။ လက်ရှိမှာ မြို့တော်တော်များများကိုလည်း ရေလွှမ်းနေပြီဖြစ်လို့ ဆည်အောက်မှာနေထိုင်သူတွေဟာ ရထားတွေ၊ ကားတွေနဲ့ ဘေးလွတ်ရာပြေးနေရပါတယ်။

လက်ရှိမှာ လူပေါင်း ၄ သောင်းနီးပါးကို ဘေးလွတ်ရာပြောင်းရွှေ့ထားပြီး အဲဒီထဲမှာ လူပေါင်း ၁၇၀၀၀ ဟာ မြစ်အနောက်ပိုင်း ယူကရိန်းထိန်းချုပ်နယ်မြေထဲကဖြစ်ပြီး နောက်ထပ် ၂၅၀၀၀ နီးပါးကတော့ ရုရှားထိန်းချုပ်ထားတဲ့ မမြစ်အရှေ့ခြမ်းဘက်ကလို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

အင်္ဂါနေ့မနက်အစောပိုင်းကတည်းမှာ အဲဒီဆည်ကျိုးပေါက်မှု ဘာကြောင့်ဖြစ်ခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ရုရှားစစ်ဘက်ထောက်လှမ်းကတော့ ရုရှားဟာ ဒီဆည်ကို တမင်ချိုးဖျက်ခဲ့တာဆိုပြီး စွပ်စွဲပြောဆိုထားပါတယ်။