မင်္ဂလာပွဲကိုငြင်းတဲ့သမီးကိုသတ်ပြီး နှစ်နဲ့ချီထွက်ပြေးသူ မိခင်ကို ရဲဖမ်းမိ

အကြမ်းဖက်ခံရမှုနဲ့ လိင်အမြတ်ထုတ်ခံရမှုတွေအပါအဝင် ပါကစ္စတန်အမျိုးသမီးတွေ ကြုံရတဲ့အရေးကိစ္စတွေကို အသိပညာပေးမြှင့်တင်ဖို့ ပါကစ္စတန်မြို့ကြီးတွေမှာ ၂၀၁၃ ခုနှစ်တုန်းက အမျိုးသမီးတွေ ဦးဆောင်ချီတက်ခဲ့ကြတဲ့ လူထုစုဝေးတောင်းဆိုမှု မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အကြမ်းဖက်ခံရမှုနဲ့ လိင်အမြတ်ထုတ်ခံရမှုတွေအပါအဝင် ပါကစ္စတန်အမျိုးသမီးတွေ ကြုံရတဲ့အရေးကိစ္စတွေကို အသိပညာပေးမြှင့်တင်ဖို့ ပါကစ္စတန်မြို့ကြီးတွေမှာ ၂၀၁၃ ခုနှစ်တုန်းက အမျိုးသမီးတွေ ဦးဆောင်ချီတက်ခဲ့ကြတဲ့ လူထုစုဝေးတောင်းဆိုမှု မြင်ကွင်း

သမီးဖြစ်သူကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံထားရတဲ့ နာဇီယာ ရှာဟင်းကို ပါကစ္စတန်နိုင်ငံမှာ ဖမ်းလိုက်ပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

အီတလီနိုင်ငံမှာ အမှုကျူးလွန်ခဲ့ပြီး သုံးနှစ်ကြာ ထွက်ပြေးတိမ်းရှောင်ပြီးနောက်မှာ အခုလိုဖမ်းမိတာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် သမီးဖြစ်သူ ဆာမန် အက်ဘာစ်ကို သတ်ဖြတ်မှုနဲ့ သူ့ကို အီတလီတရားရုံးတစ်ရုံးက ၂၀၂၁ ခုနှစ်မှာ မျက်ကွယ် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ရှာဟင်းနဲ့ သူ့ခင်ပွန်း ရှက်ဘာ အက်ဘာစ်တို့က သူတို့သမီးကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ အကြောင်းက သူတို့စီစဉ်ပေးတဲ့ အိမ်ထောင်ဖက်ကို သမီးဖြစ်သူက ငြင်းပယ်ခဲ့လို့ဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံဟာ အီတလီကနေ ထွက်ပြေးခဲ့ကြပေမယ့် ခင်ပွန်းဖြစ်သူ အက်ဘာစ်ကို ဖမ်းမိပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်မှာ ပါကစ္စတန်က တရားခံလွှဲပြောင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၅၁ နှစ်အရွယ် ရှာဟင်းကတော့ ဒီအပတ်ထဲအထိ တိမ်းရှောင်နိုင်ခဲ့ပါတယ်။

အခုအပတ်မှာပဲ နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်)နဲ့ ပါကစ္စတန်ဖက်ဒရယ်ရဲတပ်ဖွဲ့တို့ပါဝင်တဲ့ ရှာဖွေမှုမှာ ရှာဟင်းကို ကက်ရှ်မီးယားနယ်စပ်က ကျေးရွာတစ်ရွာမှာ ခြေရာခံမိခဲ့တယ်လို့ အီတလီသတင်းဌာန Ansa ကို သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

တရားခံလွှဲပြောင်းမှုဆိုင်ရာလုပ်ထုံးလုပ်နည်းအရ ရှာဟင်းကို ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်က တရားရုံးမှာ မေ ၃၁ ရက်က ရုံးထုတ်ခဲ့တယ်လို့ အီတလီသတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

မိသားစုရဲ့ ဂုဏ်သိက္ခာကိုထိပါးစေခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ် ဧပြီနှောင်းပိုင်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဆာမန် အက်ဘာစ်ရဲ့ အမှုကြောင့် အီတလီတစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရပါတယ်။

ဆာမန် အက်ဘာစ်ပျောက်ဆုံးပြီးနောက် အစ္စလမ်အသိုင်းအဝိုင်းသမဂ္ဂက ဆန္ဒမပါဘဲ လက်ထပ်ပေးမှုကို ဆန့်ကျင်တဲ့ ဘာသာရေးအမိန့် ဖာတ်ဝါကို ထုတ်ပြန်ခဲ့ပါတယ်။

ဆာမန် အက်ဘာစ်တို့ မိသားစုဟာ ပါကစ္စတန်ကနေ အီတလီကို ၂၀၁၆ ခုနှစ်မှာ ရွှေ့ပြောင်းလာခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေရှိတဲ့ နိုဗယ်လာရာမြို့လေးမှာ နေထိုင်ကြပါတယ်။

ဆာမန် အက်ဘာစ်က အခြားအမျိုးသားတစ်ဦးနဲ့ ချိန်းတွေ့နေတာကို မိသားစုက သိသွားခဲ့တဲ့နောက် ၂၀၂၀ ခုနှစ်မှာ ပါကစ္စတန်ကိုပြန်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။

မိဘတွေ စီစဉ်ထားတဲ့ မင်္ဂလာပွဲအတွက်ပြန်ခိုင်းတာဖြစ်ပြီး ဆာမန်က ငြင်းပယ်ခဲ့ပါတယ်။

ဆာမန်တစ်ယောက် လူမှုဝန်ထမ်းအဖွဲ့တွေရဲ့ စောင့်ရှောက်မှုအောက်မှာ ခုနစ်လကြာသွားရောက် နေထိုင်ခဲ့တဲ့အခြေအနေဖြစ်ခဲ့ပါတယ်။

 ငန်းပြားတွေကို ကိုင်ထားတဲ့ ဆာမန်ရဲ့မိသားစုဝင်တွေကို ၂၀၂၁ ခုနှစ်၊ ဧပြီလနှောင်းပိုင်းတုန်းက ရုပ်သံတစ်ခုမှာမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Carabinieri

ဓာတ်ပုံ ပုံစာ, ငန်းပြားတွေကို ကိုင်ထားတဲ့ ဆာမန်ရဲ့မိသားစုဝင်တွေကို ၂၀၂၁ ခုနှစ်၊ ဧပြီလနှောင်းပိုင်းတုန်းက ရုပ်သံတစ်ခုမှာမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီနောက် မိဘတွေက အိမ်ပြန်ချင်လာအောင် လှည့်စားပြောဆိုခဲ့တာကြောင့် ဆာမန်ဟာ နိုဗယ်လာရာက မိသားစုအိမ်ကို ပြန်သွားခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ဆာမန် ပျောက်ဆုံးခဲ့တာလို့ ဥပဒေအရာရှိတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ရောက်မှ ဆာမန် အက်ဘာစ်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။

သူ့ဦးလေးက ရုပ်အလောင်းမြှုပ်နှံထားတဲ့နေရာကို ပြောပြပြီးနောက် မိသားစုနေထိုင်တဲ့ နေရာနဲ့ သိပ်မဝေးတဲ့ လယ်တောအိမ်တစ်လုံးထဲမှာ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဆာမန်ဟာ လည်ပင်းညှစ်ခံရပြီး လည်ပင်းရိုးကျိုးသွားခဲ့တာဖြစ်နိုင်တယ်လို့ သေမှုသေခင်းစစ်ဆေးမှုတွေက ဆိုပါတယ်။

ဆာမန်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဦးလေးဖြစ်သူ ဒန်နစ် ဟာနီယန်လည်း ကြံရာပါသူအအနေနဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရပါတယ်။ သူ့ရဲ့ဝမ်းကွဲအကိုနှစ်ယောက်လည်း ကြံရာပါလို့ စွပ်စွဲခံခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ အမှုကနေ လွတ်ခဲ့ပါတယ်။

မိသားစုဂုဏ်သိက္ခာညှိုးနွမ်းစေတာကြောင့် ဒါကို အဖတ်ဆယ်တဲ့အနေနဲ့ ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှုလို့ အဓိပ္ပါယ်ရတဲ့ ''"honour killing" သတ်ဖြတ်မှုတွေကြောင့် ပါကစ္စတန်မှာ အမျိုးသမီးရာကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ မိသားစုရဲ့ဂုဏ်ကို ကျဆင်းအောင်လုပ်တယ်လို့ စွပ်စွဲခံရတဲ့အခါမျိုးမှာ အခုလိုသတ်ဖြတ်မှု ပေါ်ပေါက်ပြီး လူမျိုးနွယ်စုဆိုင်ရာရိုးရာဓလေ့တွေကနေ ဆက်နွှယ် ဆင်းသက်လာတယ်လို့ ယူဆခံရပါတယ်။

ဒီဓလေ့ထုံးတမ်းတွေကြောင့်ပဲ အမျိုးသမီးတစ်ဦးဟာ သွေးမတော်သားမစပ်တဲ့ သူစိမ်းအမျိုးသားတစ်ဦးနဲ့ သဘောရိုးနဲ့ အပြန်အလှန်ထိတွေ့ပြောဆိုတာမျိုးလုပ်လင့်ကစား အဲဒီအမျိုးသမီးရဲ့ ဖခင်မောင်ဖွားတွေက အမျိုးသမီးကို ပထမဆုံးသတ်ပြီး နောက်မှာတော့ အမျိုးသားနောက်ကို လိုက်ကြပါတယ်။

အမျိုးသမီးအခွင့်အရေးအတွက် ပါကစ္စတန်က ဆန္ဒပြပွဲ(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုရပ်ဖို့ ပါကစ္စတန်က ဆန္ဒပြပွဲ(ပုံဟောင်း)

လူ့အခွင့်အရေးအဖွဲ့တွေကတော့ မိသားစုက စီစဥ်ပေးတဲ့လက်ထပ်ထိမ်းမြားမှုကို ကာယကံရှင် အမျိုးသမီးက ငြင်းဆိုတာ ဒါမှမဟုတ် အဓမ္မပြုကျင့်ခံရတာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာထိပါးတိုက်ခိုက်ခံရတဲ့အခါမျိုးမှာ ဂုဏ်သိက္ခာအတွက်ဆိုပြီး ခံရသူအမျိုးသမီးကို သတ်ဖြတ်မှုတွေ ပေါ်ပေါက်တာလို့ ပြောကြပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ရာနဲ့ချီတဲ့အမျိုးသမီးတွေဟာ ဒီလိုဖြစ်ရပ်တွေကြောင့် နှစ်စဥ် အသတ်ခံနေရပါတယ်။ အလားတူဖြစ်ရပ်မျိုးနဲ့ အမျိုးသားတွေ အသတ်ခံရမှုက‌တော့ ပိုနည်းပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတုန်းကဆိုရင် ပါကစ္စတန်နိုင်ငံက အလှမ်းဝေးကွာလှတဲ့ ခိုဟီစတန်ခရိုင်မှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဖခင်နဲ့ ဦးလေးဖြစ်သူက ပစ်သတ်ခဲ့မှုဖြစ်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးငယ်ကို တခြားအမျိုးသားတစ်ယောက်နဲ့အတူမြင်တွေ့ရတဲ့ဓာတ်ပုံကို လူမျိုးနွယ်စု ခေါင်းဆောင်တွေက ဖခင်နဲ့ ဦးလေးဖြစ်သူကို ပြသပြီး အမျိုးသမီးငယ်ကို သတ်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီဓာတ်ပုံဟာပြုပြင်ထားတဲ့ဓာတ်ပုံ တစ်ပုံဆိုတာ ပေါ်ပေါက်ခဲ့ပြီး အင်တာနက်ပေါ် လူပြောသူပြောများ ပျံ့နှံ့ခဲ့ပါတယ်။ အသတ်ခံရသူမိန်းကလေးငယ်ရဲ့ ဖခင်ကတော့ ဖမ်းဆီးခံရပြီး ဦးလေးဖြစ်သူကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။