Blackpink အဖွဲ့ စာချုပ်သစ်ထပ်ချုပ်လိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကေပေါ့ စူပါစတားအဖွဲ့ Blackpink ဟာ အဖွဲ့တစ်ဖွဲ့တည်းအနေနဲ့ သူတို့ရဲ့ အေဂျင်စီနဲ့ စာချုပ်အသစ်ထပ်ချုပ်လိုက်တာကြောင့် အဆိုတော် လေးဦးဟာ ဖျော်ဖြေတင်ဆက်မှုတွေကို အတူဆက်ပြီး ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
Blackpink ဟာ သူတို့အေဂျင်စီနဲ့ စာချုပ်အသစ် ထပ်ပြီးချုပ် မချုပ်ဆိုတာကို လနဲ့ချီကြာအောင် ညှိနှိုင်းဆွေးနွေးတာတွေ လုပ်နေတာကြောင့် ကမ္ဘာတဝန်းက သန်းနဲ့ချီတဲ့သူတို့ပရိသတ်တွေ လနဲ့ချီ အောင် မျှော်လင့်နေကြတဲ့သတင်းလည်းဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်မှာတော့ သူတို့ရဲ့အေဂျင်စီ YG Entertainment က ‘‘ခိုင်မာတဲ့ယုံကြည်မှုအပေါ်အခြေခံပြီး အဖွဲ့ရဲ့လှုပ်ရှားမှုတွေအတွက် အထူးစာချုပ်တစ်ခု’’ ကို ချုပ်ဆိုလိုက်ပြီလို့ ကြေညာပါတယ်။
၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ Blackpink အဖွဲ့ဟာ ကမ္ဘာမှာ နာမည်အကျော်ဆုံး အမျိုးသမီး ကေပေါ့ အဆိုတော်အဖွဲ့ဖြစ်လာပါတယ်။
‘‘Blackpink အဖွဲ့ဟာ တေးသီချင်းခွေအသစ်တွေနဲ့ ကမ္ဘာတဝန်း လှည့်လည်ဖျော်ဖြေပွဲတွေနဲ့အတူ ကမ္ဘာ့ကေပေါ့ မြင်ကွင်းမှာ ပြန်မြင်ရဖို့ ကမ္ဘာတဝန်းက ပရိသတ်တွေနဲ့ ပြန်လည်ဆုံတွေ့ဖို့’’ စီစဥ်ထားတယ်လို့လည်း အေဂျင်စီအဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အသစ်ချုပ်လိုက်တဲ့စာချုပ်အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးသလို အဖွဲ့ဝင်တွေကို တစ်ဦးချင်းအလိုက် စာချုပ် ချုပ်ထားလားဆိုတာကိုလည်း အေဂျင်စီဘက်က မပြောထားသေးပါဘူး။ ဒါပေမဲ့ ဒီစာချုပ် တွေအရေးကိုလည်း ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရတဲ့အကြောင်း တောင်ကိုရီးယားသတင်းဌာန ယွန်ဟတ်သတင်းက ပြောပါတယ်။
တောင်ကိုရီးယား သတင်းမီဒီယာတွေအရတော့ ဂီတငွေကြယ်ပွင့် လေးဦးဟာ သူတို့ရဲ့ တစ်ဦးချင်း တစ်ယောက်ချင်းအနေနဲ့ စာချုပ်အသစ်ချုပ်ဖို့ မရွေးချယ်ဘူးဆိုရင် သူတို့ဟာ အနုပညာလမ်းကို သီးခြားစီ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ သီးသန့်စီစဥ်ထားမှသာ အဖွဲ့အနေနဲ့ သူတို့ တင်ဆက်ဖျော်ဖြေနိုင်မှာ ဖြစ်ပါတယ်။
သူတို့အားပေးတဲ့ဒီအဖွဲ့ သြဂုတ်လမှာ စာချုပ်သက်တမ်းကုန်သွားကတည်းက တစ်ဦးချင်းတစ်ယောက်ချင်းစီ အနုပညာလမ်း ဆက်လျှောက်ကြမလားဆိုတဲ့ မေးခွန်းတွေပြည့်နေတဲ့ Blackpink ပရိသတ်တွေကတော့ အခုသတင်းကြောင့် ပျော်ရွှင်ခဲ့ကြပါတယ်၊
‘‘နောက်လုပ်မယ့်ဖျော်ဖြေပွဲမှာတွေ့ကြမယ်’’ လို့ ဆိုတဲ့ပို့စ်တွေလည်း လူမှုကွန်ရက် X(အရင်က တွစ်တာ)မှာ အကြိမ်တစ်ရာကျော်ထက်မနည်း ရေးသားပြောဆိုနေကြပါတယ်။
‘‘ကမ္ဘာမှာ အကြီးမားဆုံး အမျိုးသမီးအဆိုတော်အဖွဲ့ဟာ ဒီအတိုင်းဆက်ပြီးရှိနေတော့မယ်။ Blackpink ဟာ လေးဦးအဖွဲ့အနေနဲ့ ဆက်ရှိနေမယ်’’ လို့ X (အရင်က တွစ်တာ) အသုံးပြုသူတစ်ဦးက ရေးသားထားပါတယ်၊။
Blackpink စာချုပ်အသစ် ချုပ်ပြီဆိုတဲ့ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက်မှာ YG ရဲ့ ရှယ်ယာတွေဟာ ၂၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်သွားပါတယ်။
ဒါပေမဲ့ ကုမ္ပဏီရဲ့ စတော့ရှယ်ယာစျေးကွက်တန်ဖိုးကတော့ ပြီးခဲ့တဲ့ ၆ လတုန်းက တန်ဖိုးတက် ၃၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေပါသေးတယ်။









