ဆီးရီးယားက ကလေးပျောက်မှုတွေနဲ့ နိုင်ငံတကာပရဟိတအဖွဲ့ ဘယ်လိုပတ်သက်နေလဲ

- ရေးသားသူ, ဟာယာ အယ်လ် ဘဒါနက်၊ ဂျက်စ် ကယ်လီ
- ရာထူးတာဝန်, BBC Eye Investigations
ရီးမ် အယ်လ်-ကာရီနဲ့ သူ့ဝမ်းကွဲ ညီအစ်မ လာမာတို့ဟာ စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ ကလေးတွေရဲ့ ဓာတ်ပုံ ဒါဇင်ပေါင်းများစွာကို ရှာဖွေနေကြပါတယ်။ လာမာက ရီးမ်ရဲ့ ပျောက်နေတဲ့ သားလေး ကာရမ်နဲ့ တူတဲ့ပုံတစ်ပုံကို မြင်လိုက်တယ်လို့ ထင်လိုက်ပါတယ်။
ဆီးရီးယားပြည်တွင်းစစ်ဖြစ်နေတဲ့ ၂၀၁၃ မှာ ကာရမ်နဲ့ သူ့အဖေတို့ အပြင်သွားရင်းနဲ့ ပျောက်သွားတာပါ။ အဲဒီတုန်းက ကာရမ်ဟာ နှစ်နှစ်ခွဲပဲ ရှိပါသေးတယ်။
ပြီးခဲ့တဲ့ ၁၀ လက အာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက်ပိုင်း ပျောက်ဆုံးနေဆဲ ကလေး ၃,၇၀၀ ကျော်ထဲမှာ သူလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ ၁၅ နှစ် ရှိနေပါပြီ။
"သူ့မျက်လုံးတွေက အစိမ်းရောင်လား" လို့ စားပွဲနောက်မှာ ထိုင်နေတဲ့၊ ဆီးရီးယားလူမျိုးတွေ ဦးစီးတဲ့ လာဟန် အယ်လ် ဟာရက်တာ ကလေးစောင့်ရှောက်ရေးဂေဟာရဲ့ မန်နေဂျာအသစ်က မေးလိုက်ပါတယ်။
ဒီဂေဟာ တည်ထောင်ဖို့ ၂၀၁၃ မှာ သမ္မတကတော်ဟောင်း အက်စ်မာ အယ်လ်-အာဆတ်က ကူညီပေးခဲ့တာပါ။ သူက အဲဒီ အမျိုးသမီးနှစ်ယောက် ရွေးထုတ်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ကြည့်ပြီး ကာရမ် နှစ်နှစ်သားအရွယ် ဓာတ်ပုံနဲ့ တိုက်ကြည့်နေပါတယ်။
"ဟုတ်ပါတယ်" လို့ ဖြေပါတယ်။
"ဆံပင်ကတော့လေ..." လို့ ပြောပြီး အဲဒီလူက စဥ်းစားနေပါတယ်။
"ဆင်တော့ ဆင်ပါတယ် ဒါပေမဲ့..." သူ့အသံက တဖြည်းဖြည်း တိုးဝင်သွားပါတယ်။ ဒီအလုပ်က ခက်ခဲပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jess Kelly / BBC
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လာဟန် အယ်လ် ဟာရက်တာဟာ ၂၀၁၁-၂၀၂၄ ပြည်တွင်းစစ်အတွင်းမှာ ဖမ်းဆီးခံရသူတွေရဲ့ ကလေးတွေကို ထိန်းသိမ်းတဲ့ ဆီးရီးယား ကလေးစောင့်ရှောက်ရေး ဂေဟာတွေ အများကြီးထဲက တစ်ခုဖြစ်ပါတယ်။
ကလေးတွေကို သူတို့ရဲ့ ဆွေမျိုးတွေဆီမှာ ထားမယ့်အစား ကလေးတွေကို မိဘမဲ့ဂေဟာတွေမှာ ထားပြီး နိုင်ငံရေးအရ အသုံးချခဲ့ပါတယ်။ တချို့အခြေအနေတွေမှာ ကလေးတွေကို မိဘမဲ့တွေအဖြစ် မှားပြီး မှတ်တမ်းတင်ထားတာ၊ တခြားကိုယ်ရေးအချက်အလက်တွေ ပြောင်းထားတာမျိုးတွေ ရှိခဲ့လို့ အဲဒီအချိန်ကရော အခုအချိန်မှာပါ သူတို့ကို ရှာရတာ ပိုခက်ပါတယ်။
ဒီဇင်ဘာလမှာ အာဆတ်ရဲ့ အာဏာရှင်စနစ် ရုတ်တရက် ပြိုလဲသွားတဲ့အခါမှာတော့ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ မိသားစုတွေဟာ အာဆတ် ဆယ်စုနှစ်တွေ အကြာကြီး အုပ်ချုပ်ခဲ့တုန်းက လုံးဝစိတ်ကူးလို့မရနိုင်တဲ့ ရင်းမြစ်တွေ၊ နေရာတွေနဲ့ စာရွက်စာတမ်းတွေကို ရခဲ့ကြပါတယ်။
ဘီဘီစီ ကမ္ဘာတစ်လွှားဌာနဟာ စုံစမ်းထောက်လှမ်းရေးမီဒီယာအဖွဲ့အစည်းဖြစ်တဲ့ Lighthouse Reports နဲ့ တခြားသတင်းဌာနငါးခုနဲ့အတူ ပူးပေါင်း အလုပ်လုပ်ခဲ့ပါတယ်။ အဲဒါကတော့ မိဘမဲ့ဂေဟာကွန်ရက်တစ်ခုမှာ ဆီးရီးယားအစိုးရက ဆွေမျိုးတွေမသိအောင် ဖုံးထားတဲ့ ကလေးငယ် ၃၂၃ ယောက်ရဲ့ အချက်အလက်စနစ်တစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ စာရွက်စာတမ်း ထောင်ပေါင်းများစွာကို ပြန်သုံးသပ်ပြီး စစ်မှန်ကြောင်း အတည်ပြုရင်း ဒါကို လုပ်ခဲ့တာပါ။
ဒီမှတ်တမ်းတွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာ တခြားအဖွဲ့အစည်းတွေထက် ကလေးတွေကို ပိုခေါ်ထားတဲ့၊ မိဘမဲ့ဂေဟာတွေကို လည်ပတ်နေတဲ့ အဖွဲ့အစည်းဟာ ဩစတြီးယားအခြေစိုက် ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ SOS Children's Villages International ဆိုတာ တွေ့ရပါတယ် ။
SOS ဟာ နိုင်ငံပေါင်း ၁၃၀ ကျော်မှာ လည်ပတ်နေပြီး ကုလသမဂ္ဂ၊ ဥရောပအစိုးရတွေနဲ့ ပုဂ္ဂလိကလှူဒါန်းမှုတွေအပါအဝင် တစ်နှစ်ကို ယူရို ၁.၆ ဘီလျံ (ဒေါ်လာ ၁.၉ ဘီလျံ) လောက် ရှိပါတယ်။
SOS အကြောင်း သတင်းပေးသူ ၅၀ ကျော်နဲ့ ဘီဘီစီက စကားပြောခဲ့ပါတယ်။
တချို့က ဆီးရီးယားမှာရှိတဲ့ SOS က အကြီးတန်း ရာထူးအများစုကို အာဆတ်နန်းတော်က တိုက်ရိုက်ခန့်တာလို့ ပြောပါတယ်။
ပြီးတော့ သမ္မကတော် အက်စ်မာ အယ်လ် အာဆတ် ကလည်း သူ့ခင်ပွန်းဖြစ်သူ ဘာရှား အယ်လ် အာဆတ် နဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အီးယူနဲ့ ယူကေတို့က အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခံထားရသူဖြစ်ပြီး ဒီအဖွဲ့အစည်းမှာ သြဇာကြီးတယ်လို့ ပြောပါတယ်။
အဲဒီပရဟိတအဖွဲ့အစည်းဟာ ငွေကြေးအထောက်အပံ့တွေ ပိုရဖို့ ကလေးတွေရဲ့ အခြေအနေ ဘယ်လို အခြေအနေ ဖြစ်နေပါစေ "ဘယ်ကလေးကိုမဆို ခေါ်လာဖို့" စတင်ခဲ့တယ်လို့လည်း သတင်းပေးသူတွေက ပြောပြကြပါတယ်။
SOS ကတော့ "မိဘမဲ့ကလေးအရေအတွက် တိုးလာအောင် ငွေချီးမြှင့် ဆွဲဆောင်တာမျိုး မလုပ်ပါဘူး" လို့ တုံ့ပြန်ပါတယ်။ ဒီပရဟိတအဖွဲ့အစည်းနဲ့ အာဆတ်မိသားစုတို့ကြားမှာ တရားဝင်ဆက်စပ်မှု တစ်စုံတစ်ရာ ရှိတယ်ဆိုတာကိုလည်း ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
SOS ရဲ့ အဖွဲ့အစည်းတွင်း ပြန်လည်သုံးသပ်မှုတစ်ခုအရ ၂၀၁၃ နဲ့ ၂၀၁၈ ကြားမှာ ဆီးရီးယား SOS ဟာ မှတ်တမ်းမှတ်ရာ ကောင်းကောင်း မရှိဘဲ ကလေး ၁၄၀ ကို ခေါ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီထဲက ကလေး ၁၀၄ ယောက်ကို နောက်ပိုင်းမှာ ဆီးရီးယား ထောက်လှမ်းရေးဌာန နဲ့ လူမှုရေးဝန်ကြီးဌာနတွေက ပြန်ခေါ်သွားခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် အခု အဲဒီကလေးတွေ ဘယ်မှာလဲဆိုတာကို SOS က မသိဘူးလို့ ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေရဲ့ ကလေးတွေကို လက်ခံတာကို ၂၀၁၈ မှာ ရပ်ခဲ့တယ်လို့လည်း ဒီပရဟိတအဖွဲ့အစည်းက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ အထိ SOS ကို ကလေးတွေ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။
ဆီးရီးယား SOS ဟာ အောက်ပါအချက်တွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း တွေ့ခဲ့ရပါတယ်။
- အာဆတ်အစိုးရ ဒါမှမဟုတ် ထောက်လှမ်းရေးဌာနတွေက ကလေးတွေကို သူတို့ဆီ ပြန်ပို့ခိုင်းတဲ့အခါမှာ နောက်ပိုင်းမှာ ဘယ်သူက ဆက်လက်စောင့်ရှောက်မလဲဆိုတာကို စစ်ဆေးခြင်း မပြုလုပ်ခဲ့ပါဘူး။
- မူရင်းနာမည်တွေကို ပြောင်းထားတာကို သိလျက်နဲ့ ကလေးတွေကို လက်ခံခဲ့ပြီး ကိစ္စတစ်ခုမှာဆိုရင် သူတို့ စောင့်ရှောက်ထားတဲ့ ကလေးတစ်ယောက်ကို တရားဝင် နာမည်အသစ် ပေးခဲ့ပါတယ်။
- ဆွေမျိုးတွေကို လာရောက်တွေ့ဆုံခွင့် ငြင်းဖို့နဲ့ အုပ်ထိန်းခွင့် ဒါမှမဟုတ် ကလေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပေးတာမျိုးမလုပ်ဖို့ ဆီးရီးယား ထောက်လှမ်းရေးရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခဲ့ပါတယ်။
- ကလေးတွေကို မိသားစုဝင်တွေရဲ့ ဓာတ်ပုံပြတာ၊ မိသားစုအကြောင်း ပြောတာမျိုးတွေ မလုပ်ဖို့ ဝန်ထမ်းတွေကို တားမြစ်ခဲ့ပါတယ်။
- အာဆတ်အစိုးရ ပြိုလဲပြီးနောက်ပိုင်း ကလေးတွေကို ရှာနိုင်ဖို့ အထောက်အကူဖြစ်တဲ့ အချက်အလက်တွေကို ရှာနေတဲ့ မိခင်တွေနဲ့ ထိတွေ့ဆက်ဆံရာမှာ နှေးနေတာ၊ မဆက်သွယ်တာတွေ ဖြစ်ခဲ့ပါတယ်။
- SOS International က - "ကလေးတွေကို သူတို့မိသားစုတွေနဲ့ အတင်း ခွဲထုတ်ခံခဲ့ရတာနဲ့ မိသားစုတွေဟာ သူတို့ ကလေးတွေ ဘယ်မှာရှိနေမှန်းမသိဘဲ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရတဲ့အပေါ်မှာ အများကြီး စိတ်မကောင်းပါဘူး။ ဒီလိုမျိုး မဖြစ်ခဲ့သင့်ပါဘူး။ အနာဂတ်မှာ ပိုကောင်းအောင် သီးခြားစုံစမ်းစစ်ဆေးမှုတွေကနေ သင်ယူဖို့ ကတိပြုထားပါတယ်" လို့ ပြောပါတယ်။
ယာယီအမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဘနိုက် ပီယော့က ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ဒီပရဟိတအဖွဲ့အစည်းဟာ သူ့အခေါ်အရ အာဆတ်ရဲ့ "အကြမ်းဖက်စနစ်" ဆိုတဲ့ ဆီးရီးယားအစိုးရရဲ့ အမိန့်တွေကို လိုက်နာခဲ့တာလို့ ဖြည့်ပြီး ပြောခဲ့ပါတယ်။
အခုထိ မိဘအတော်များများဟာ သူတို့ရဲ့ကလေးတွေ ဘာဖြစ်သွားလဲဆိုတာကို မသိကြပါဘူး။
ကလေးတွေရဲ့ အချက်အလက်အမှားတွေနဲ့ စာရင်းပျောက်တာတွေကြောင့် မိခင်နဲ့ဖခင်တွေဟာ သတင်းအချက်အလက် တစ်ခုခုရဖို့ အဖွဲ့အစည်းတွေ တစ်ခုပြီး တစ်ခုဆီမှာ လိုက်ရှာနေရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ သူ့သားလေး ကာရမ်ကို ရှာဖွေနေတဲ့ ရီးမ်လည်း ပါနေတာ ဖြစ်ပါတယ်။
သူ့သားလေးကို SOS ဒါမှမဟုတ် ဆီးရီးယားမှာရှိတဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ ကလေးတွေကို လက်ခံထားတဲ့ တခြားအဖွဲ့အစည်းက ခေါ်သွားတာလားဆိုတာကို သူ့အနေနဲ့ သိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ သူကတော့ သူ့ခင်ပွန်းဟာ ချမ်းသာတဲ့အတွက် ငွေကြေးချို့တဲ့တဲ့ အာဆတ်အစိုးရလက်အောက်မှာ အန္တရာယ်ရှိတယ်လို့ ယူဆထားပါတယ်။ ပြီးတော့ သူ့ခင်ပွန်းကို ၂၀၁၆ မှာ ထောင်ထဲမှာ တွေ့ခဲ့ရတာကြောင့် သူဟာ အဖမ်းခံထားရတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူ့သားကို မိဘမဲ့ဂေဟာကို ပို့ထားတာ ဖြစ်နိုင်တယ်လို့ ထင်မြင်ယူဆနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reem al-Kari
လာဟန် အယ်လ် ဟာရက်တာမှာ ဘာမှမသိခဲ့ရခင်က ရီးမ်ဟာ ဆီးရီးယားရဲ့ လူမှုရေးရာဝန်ကြီးဌာနကို သွားခဲ့ဖူးပါတယ်။
အဲဒီမှာ ဝန်ကြီးက နိုင်ငံခြားရောက်နေပြီး ပျောက်ဆုံးစာရင်း တာဝန်ခံ မန်နေဂျာက ခွင့်ယူထားတယ်လို့ သိရပါတယ်။
နောက်ဆုံးမှာတော့ ပျောက်နေတဲ့ ကလေးတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို ဝန်ကြီးဌာနရဲ့ ငါးထပ်မှာရှိတဲ့ လုံခြုံရေးဌာနတစ်ခုဆီ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
ရီးမ်က ဘီဘီစီ ရုပ်သံအဖွဲ့နဲ့အတူ အပေါ်ထပ်ကို တက်သွားပါတယ်။ ရိုက်ကူးခွင့် ရထားပြီးဖြစ်ပေမဲ့ ရိုက်ကူးတာကို ချက်ချင်းရပ်ခိုင်းခဲ့ပြီး ဝန်ကြီးဌာနကလည်း ရီးမ်ကို တခြားအကူအညီတွေ ပေးဖို့ ငြင်းခဲ့ပါတယ်။
အာဆတ်အစိုးရ လက်ထက်က ကလေးတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအသစ်တစ်ခုကို မေလမှာ ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ ဝန်ထမ်းတွေနဲ့ အရင်းအမြစ်တွေ နည်းပါတယ်။ စေတနာ့ဝန်ထမ်း နည်းနည်းလောက်ကပဲ စာရွက်စာတမ်း ထောင်ပေါင်းများစွာကို ပြန်စစ်ဆေးဖို့ တာဝန်ယူထားပြီး အခုထိ စုံစမ်းတွေ့ရှိမှုတွေကို ထုတ်ပြန်တာ မရှိသေးပါဘူး။
ရီးမ်ဟာ ကာရမ်နဲ့ရွယ်တူ ယောက်ျားလေးတွေကို လက်ခံလေ့ရှိတဲ့ မိဘမဲ့ဂေဟာတစ်ခုကို ထပ်သွားခဲ့ပါတယ်။ သူ့ဖုန်းထဲက သားဖြစ်သူရဲ့ ဓာတ်ပုံကို ထုတ်ပြီး အဖွဲ့အစည်းရဲ့ ဒါရိုက်တာကို ပြခဲ့ပါတယ်။ အဲဒီအမျိုးသမီးက တိတ်တိတ်ဆိတ်ဆိတ်ပဲ ခေါင်းခါပြပါတယ်။ ရီးမ်ရဲ့ မျက်လုံးတွေလည်း မျက်ရည်တွေနဲ့ ပြည့်လာပါတယ်။ အဲဒါဟာ စိတ်ဓာတ်ခိုင်မာတဲ့သူ့ဆီက ခဏတစ်ဖြုတ် မြင်လိုက်ရတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
နောက်ဆုံးမှာတော့ သူဟာ မကြာသေးခင်ကထိ အာဆတ်ရဲ့ အနီးကပ်လက်ထောက်တစ်ဦး ဖြစ်ခဲ့သူရဲ့ သမီးဖြစ်သူ ဆမာ ဒါဘူးလ်က ဦးဆောင်ခဲ့တဲ့ ဆီးရီးယား SOS ကို သွားခဲ့ပါတယ်။
မစ္စ ဒါဘူးလ်ကတော့ သူ့မိသားစုဆက်နွှယ်မှုတွေဟာ သူ့ရဲ့အလုပ်အပေါ် မသက်ရောက်ဘူးလို့ ပြောပါတယ်။
ရီးမ်ကို ကာရမ်ရဲ့ မွေးသက္ကရာဇ်ကို မေးခဲ့ပေမဲ့ မှတ်တမ်းတွေကို မကြာခဏ ပြောင်းလဲလေ့ရှိလို့ အသုံးဝင်မှာ မဟုတ်ဘူးလို့ ဝန်ထမ်းတွေကို သူက ထောက်ပြခဲ့ပါတယ်။
အဲဒီအစား SOS က လက်ခံထားတဲ့ ကလေးတွေရဲ့ ဓာတ်ပုံတွေကို ပြဖို့ ရီးမ်က တောင်းဆိုခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းကတော့ ကိုယ်ရေးကိုယ်တာတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ အကြောင်းပြပြီး ငြင်းပါတယ်။
နောက်ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ SOS International ကနေ ရီးမ်ဆီကို အီးမေးလ်တစ်စောင် ရောက်လာပါတယ်။ အဲဒီအီးမေးလ်ထဲမှာ သူတို့က သူ့ကို ခြောက်လအတွင်း အကြောင်းပြန်ပေးမယ်လို့ ပြောပါတယ်။ ပြီးတော့ သူ မကြာသေးခင်ကမှ သွားခဲ့တဲ့ ဆီးရီးယားက SOS အဖွဲ့အစည်းကိုလည်း တိုက်ရိုက်ဆက်သွယ်ဖို့ အကြံပြုထားပါတယ်။
ဘီဘီစီနဲ့ တွေ့ခဲ့တဲ့ တခြားမိဘတွေကတော့ SOS ကို ဆက်သွယ်ပြီးနောက် လပေါင်းများစွာ ကြာတဲ့အထိ အကျိုးအကြောင်းသိရဖို့ စောင့်နေရတုန်းပဲလို့ ပြောပါတယ်။
လူမှုရေးဝန်ကြီးဌာနက စာရွက်စာတမ်းတွေအရ ကလေးတွေကို ၂၀၂၂ အထိ SOS ကို လွှဲပြောင်းပေးနေတယ်ဆိုတာ တွေ့ရတယ်လို့ SOS Children's Villages International ရဲ့ ယာယီအမှုဆောင်အရာရှိချုပ် ဘနိုက် ပီယော့ကို မေးမြန်းစုံစမ်းခဲ့ပါတယ်။
ဗီယင်နာမှာရှိတဲ့ အဖွဲ့က ဒီအကြောင်းကို "မသိပါဘူး" လို့ သူက ပြောပါတယ်။
ပြီးတော့ "SOS ဆီကို အတင်းအကျပ် ပို့ခံထားရတဲ့ ကလေးတွေ" နဲ့ပတ်သက်ပြီး အဖွဲ့ ပြင်ပစုံစမ်းစစ်ဆေးမှုတွေ စလုပ်ထားပြီး… အမှန်တရားကို သိအောင်လုပ်နိုင်မှာ" ဖြစ်သလို SOS က ဒီတွေ့ရှိချက်ကို မှတ်သားပြီး စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ပြောပါတယ်။
SOS ဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ တခြားနိုင်ငံတွေမှာလည်း ဆက်လက်လုပ်ကိုင်နေတာကို ဘီဘီစီက ထောက်ပြခဲ့ပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး "မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ခွဲထုတ်ခံထားရတဲ့ ကလေးတွေကို လက်မခံဖို့" SOS International က သူ့အဖွဲ့ဝင်တွေကို အကြံပေးလမ်းညွှန်ထားတယ်လို့ မစ္စတာ ပီယော့က အလေးပေး ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ အစီအစဥ်အောက်မှာ ကလေးတွေကို လက်ခံတဲ့အခါ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်နေပါတယ်" လို့ သူက ဖြည့်စွက် ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jess Kelly / BBC
SOS ရဲ့ ဗီယင်နာရုံးချုပ်က အကြီးတန်းအမှုဆောင်အရာရှိ လေးဦးအပါအဝင် SOS ဝန်ထမ်းဟောင်းနဲ့ လက်ရှိဝန်ထမ်း ၅၀ ကျော်ဟာ ဘီဘီစီနဲ့ ပူးတွဲ စုံစမ်းထောက်လှမ်းရေး မိတ်ဖက်တွေနဲ့ စကားပြောခဲ့ပါတယ်။
သူတို့ပြောပြချက်အရ - ဆီးရီးယားမှာ အဖမ်းခံရသူတွေရဲ့ ကလေးတွေကို SOS က လက်ခံခဲ့တာနဲ့ပတ်သက်ပြီး သတင်းပေးသူတွေက SOS ကို အများအပြား သတိပေးခဲ့ကြပေမဲ့ ဒီပရဟိတအဖွဲ့အစည်းက အနည်းအကျဥ်းပဲ အရေးယူ လုပ်ဆောင်တာ ဒါမှမဟုတ် မြန်မြန် အရေးတယူ မလုပ်ခဲ့တာလို့ သိရပါတယ်။
"ဆီးရီးယား SOS အဖွဲ့က ဒီကိစ္စတွေကို SOS ဌာနချုပ်ကို တင်ပြတဲ့အခါမှာ... အကြီးတန်းအမှုဆောင်တွေက အသေးစိတ်ကို သိချင်စိတ် မရှိကြဘဲ တိကျတဲ့လုပ်ဆောင်မှုနဲ့ တာဝန်ယူမှုတွေကို ရှောင်နေခဲ့တယ်" လို့ အမည်မဖော်လိုတဲ့ SOS International ရဲ့ အကြီးတန်းမန်နေဂျာဟောင်းတစ်ယောက်က ပြောပါတယ်။
SOS International က နောက်ထပ် အကြီးတန်းဝန်ထမ်းတစ်ဦးကတော့ "စောင့်ရှောက်ရေးကိစ္စတွေကို ဖြေရှင်းဖို့နဲ့ ပျက်ကွက်မှုတွေကို ရင်ဆိုင်ဖို့" ဖိအားဟာ "အောက်ကနေ အပေါ်ကို" လာတယ်လို့ ပြောပါတယ်။
"ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ SOS ကလေး ဂေဟာတွေမှာ မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ အများကြီးရှိပေမဲ့ နိုင်ငံတကာအဆင့်မှာ လိုက်နာမှုရှိမရှိ စစ်ဆေးပြီး အကောင်အထည်ဖော်ဖို့အတွက် အရင်းအမြစ် များများစားစား မရှိပါဘူး" လို့ သူတို့က ဖြည့်စွက်ပြောခဲ့ပါတယ်။
ဆီးရီးယား SOS မိဘမဲ့ဂေဟာတစ်ခုရဲ့ ခေါင်းဆောင်ဟောင်းကတော့ ဘယ်သူ့ကို လက်ခံမယ်ဆိုတဲ့ ပရဟိတအဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ဟာ ရန်ပုံငွေပမာဏနဲ့ ဆိုင်တယ်လို့ စွပ်စွဲပါတယ်။
"လုံခြုံရေးအဖွဲ့၊ လက်ခံရေးအဖွဲ့နဲ့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းရေးအဖွဲ့တွေရဲ့ စံနှုန်းတွေက ညံ့ပါတယ်။ SOS International မှာ လှူဒါန်းသူတွေကို ပြဖို့ လိုအပ်တဲ့ စုစုပေါင်းပမာဏတစ်ခု ရှိပါတယ်။ အစောပိုင်းမှာ သူတို့ အဲဒီပမာဏမရှိနိုင်တဲ့အတွက်ကြောင့် အရေအတွက် ပြည့်မီဖို့နဲ့ ရန်ပုံငွေ ဆက်ရဖို့အတွက် ဘယ်ကလေးကိုမဆို ခေါ်ခဲ့ကြတာပါ" လို့ သူက ပြောပါတယ်။
ရီးမ်နဲ့မတူဘဲ အိုမာမာ ဂဘီးစ်ကတော့ သူ့ကလေးတွေနဲ့ ပြန်ဆုံနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ သူ့ရဲ့ အစ်ကိုဖြစ်သူရဲ့ လူသားချင်းစာနာထောက်ထားတဲ့ အလုပ်တွေကြောင့် သုံးနှစ်ကြာ ထောင်ကျခဲ့ရသူ ဖြစ်ပါတယ်။
အဲဒီသုံးနှစ်ထဲက ပထမဆုံးနှစ်နှစ်မှာ သူ့ကလေးတွေ ဘယ်ရောက်နေမှန်း သူ မသိခဲ့ရဘူးလို့ ပြောပါတယ်။ သူ့ သမီးတွေဖြစ်တဲ့ လိုင်လာနဲ့ လာရန်တို့ဟာ လေးနှစ်နဲ့ ရှစ်နှစ်သားအရွယ်မှာ ဆီးရီးယား SOS က ခေါ်ယူသွားခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ ကလေးတွေ ကြုံတွေ့ခဲ့ရတာတွေ အတွက် ဒီပရဟိတအဖွဲ့အစည်းကို ခွင့်မလွှတ်နိုင်ဘူးလို့ အိုမာမာက ပြောပါတယ်။
SOS နဲ့ပတ်သက်တဲ့ တခြားကလေးတွေရဲ့ မိသားစုတွေကလည်း အလားတူပဲ ပြောခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ghbeis family / BBC
သူရဲ့ ဆွေမျိုးတွေက သူ့သမီးတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ "တားမြစ်ထားတယ်" လို့ အပြောခံခဲ့ရတယ်လို့ သူက ပြောပါတယ်။
မိန်းကလေးတွေကို သူတို့ရဲ့မိသားစုအကြောင်း ပြောဆိုခွင့် ဒါမှမဟုတ် ဓာတ်ပုံတွေကို ကြည့်ခွင့် မပေးထားဘူးလို့လည်း သူက ပြောပါတယ်။
လိုင်လာကလည်း တစ်ချိန်က သူက မိသားစုကို အရမ်းသတိရနေတဲ့အတွက် SOS ဝန်ထမ်းတစ်ဦးက သူ့ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဓာတ်ပုံတွေ ပြခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တမ်းဆိုရင် ဒါဟာ တရားဝင် "တားမြစ်ထားတာ" ဖြစ်တယ်လို့ ပြောပါတယ်။
ဒီမိန်းကလေးတွေ သူတို့ရဲ့မိခင်နဲ့ ပြန်လည်တွေ့ဆုံပြီးနောက်မှာ ပရဟိတအဖွဲ့အစည်းက သူတို့ရဲ့နာမည်တွေကို ပြောင်းထားခဲ့တယ်လို့ သူသိခဲ့ရပါတယ်။
"တစ်ယောက်ယောက်က မေးရင် သူ့နာမည်က လိုင်လာ မော့ဆပ်ဘ် ဖြစ်တယ်လို့ ပြောဖို့ လိုင်လာက ကျွန်မကို ပြောပြခဲ့ပါတယ်" လို့ အိုမာမာက ပြောပါတယ်။
သူ့ တခြားသမီးတစ်ယောက်ကိုလည်း နာမည်တစ်မျိုး ပေးထားတယ်လို့ သူမက ဖြည့်စွက်ပြောပါတယ်။ "သူတို့ဟာ လာရန်ကို 'လာရယ်လ်' လို့ ခေါ်လေ့ရှိပါတယ်။ လာရယ်လ် မော့ဆပ်ဘ်ပေါ့" လို့ အိုမာမာက ပြောပါတယ်။
"ဒါဟာ ရိုးရိုးသားသား အမှားလို့ ကျွန်မ မထင်ပါဘူး။"
ဘီဘီစီနဲ့ ဒီစုံစမ်းထောက်လှမ်းရေးမှာ ပါဝင်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ လာရယ်လ် မော့ဆပ်ဘ်ကို ဆီးရီးယား ထောက်လှမ်းရေး စာရွက်စာတမ်းတွေမှာ လာရန်လို့ ရည်ညွှန်းထားတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
သူဖမ်းဆီးခံရပြီး နှစ်နှစ်အကြာမှာ အကျဥ်းသားချင်း လဲလှယ်မှုအရ လွှတ်ပေးဖို့အတွက် ပြင်ဆင်နေတဲ့အချိန်မှာ သူ့သမီးလေးတွေဟာ သူတို့ အမေကို ထောင်ထဲမှာ သွားတွေ့ခွင့်ရခဲ့ပါတယ်။
အဲဒီအချိန်မှာတော့ လာရန်က သူ့ကို လုံးဝမေ့နေပြီဖြစ်ပြီး သူတို့တွေ့တဲ့အခါမှာ ကြောက်လန့်ပြီး နောက်ဆုတ်သွားတယ်လို့ အိုမာမာက ပြောပါတယ်။
"ထောင်အစောင့်တွေတောင် မျက်ရည်ကျခဲ့ရတယ်" လို့ အိုမာမာက ပြောပါတယ်။
သူတို့ ကွဲသွားပြီး သုံးနှစ်အကြာမှ မိသားစု ပြန်ဆုံတဲ့အခါမှာ အချိန်အကြာကြီး ခွဲခဲ့ရတာကြောင့် သူတို့ချင်း စိမ်းသွားကြတယ်လို့လည်း အိုမာမာက ပြောပါတယ်။
"ကျွန်မတို့ တစ်ယောက်ချင်းစီဟာ မတူညီတဲ့ ကမ္ဘာတစ်ခုဆီကနေ ရောက်လာခဲ့ကြတယ်" လို့ ပြောပါတယ်။
သူ့ကလေးတွေနဲ့ ခွဲနေခဲ့ရတဲ့ သုံးနှစ်တာကာလအတွင်း ဆီးရီးယား SOS က လုပ်ခဲ့တာတွေအပေါ် အိုမာမာက ဒေါသထွက်နေပါတယ်။
"SOS ဟာ ပြည်ပကနေ ရန်ပုံငွေရရှိတဲ့ လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတစ်ခုဆိုတာ ကျွန်မ သိပါတယ်။ အဲဒါကြောင့် ဒီအဖွဲ့ဟာ အင်အားကြီးပါတယ်။ ဒီအဖွဲ့ဟာ အာဆတ်အစိုးရက တည်ထောင်ပေးထားတဲ့အဖွဲ့ မဟုတ်ပါဘူး။ အကျဥ်းသားတွေရဲ့ ကလေးတွေ ပျောက်ဆုံးမှုမှာ သူတို့ ပါနေတာကိုတော့... လုံးဝ ခွင့်မလွှတ်နိုင်ပါဘူး" လို့ သူက ပြောပါတယ်။
ရီးမ်အတွက်ကတော့ ကာရမ်ကို ဆက်ရှာနေတုန်းပါပဲ။ စိတ်ပျက်အားငယ်မှုတွေနဲ့ပါ။

ဓာတ်ပုံ ရင်းမြစ်, Jess Kelly / BBC
"ဆီးရီးယား လွတ်လပ်လာတာ ခြောက်လကြာပြီ ဖြစ်ပေမဲ့ သူတို့ရဲ့ ကလေးတွေကို ရှာဖွေနေတဲ့ မိခင်တွေအတွက် တိကျတဲ့ လမ်းကြောင်းမျိုး မရှိသေးပါဘူး" လို့ ရီးမ်က ပြောပါတယ်။
ကလေးတွေ ထိန်းသိမ်းခံရတဲ့ ကိစ္စတွေ လူသိရှင်ကြား ဖြစ်လာပြီးနောက်ပိုင်း SOS ရဲ့ အလှူရှင် အများစုက ဆီးရီးယား SOS အတွက် ရန်ပုံငွေတွေ မပေးတော့ပါဘူး။
SOS Children's Villages International ကတော့ "ကျွန်တော်တို့ဟာ ဆီးရီးယား SOS ကို နောင်နှစ်ပေါင်းများစွာ ဆက်လက်လည်ပတ်နိုင်ဖို့ ရည်ရွယ်ထားပြီး လက်ရှိ ကျွန်တော်တို့ရဲ့ စောင့်ရှောက်မှုအောက်မှာရှိတဲ့ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်" လို့ ပြောပါတယ်။
အဲဒီပရဟိတအဖွဲ့အစည်းနဲ့ အက်စ်မာ အယ်လ် အာဆတ်တို့ကြားမှာ တရားမဝင်ဆက်စပ်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ တရားဝင်ဆက်သွယ်မှု ရှိခဲ့တယ်ဆိုတာကိုတော့ ငြင်းခဲ့ပါတယ်။
ဆီးရီးယား SOS အဖွဲ့ရဲ့ ဘုတ်အဖွဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဆမာ ဒါဘူးလ်ဟာ ၂၀၂၅ မေလမှာ ရာထူးက နုတ်ထွက်သွားပါတယ်။
သူ့ မိသားစုက အာဆတ်အစိုးရနဲ့ ပတ်သက်နေတာက သူ့အလုပ်အပေါ် သြဇာသက်ရောက်မှု ရှိတယ်ဆိုတာကိုလည်း သူက ငြင်းပါတယ်။
ဘာရှား အယ်လ် အာဆတ် ကတော် အက်စ်မာ အယ်လ် အာဆတ်ကလည်း SOS ကို တစ်ခါပဲ လာဖူးတယ်လို့ ပြောပါတယ်။
သူဟာ "ကလေးတွေ အကျိုးအတွက် အမြဲတမ်း ရိုးရိုးသားသားနဲ့ ပညာရှင်ဆန်ဆန်ပဲ လုပ်ခဲ့တယ်" လို့ အဓိကထား ပြောပါတယ်။
ဆီးရီးယားရဲ့ လူမှုရေးနဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ သူတို့ဆီက သဘောထား မှတ်ချက်တောင်းဆိုတာကို မတုံ့ပြန်ခဲ့ပါဘူး။
မေလမှာတော့ အာဆတ်အစိုးရ လက်အောက်မှာ ကလေးတွေ ဘာဖြစ်သွားလဲဆိုတာကို စုံစမ်းစစ်ဆေးဖို့ ဝန်ကြီးဌာနပူးပေါင်းကော်မတီအသစ်တစ်ခု ဖွဲ့စည်းထားတယ်လို့ ကြေညာခဲ့ပါတယ်။
အာဆတ်အစိုးရ ပြိုလဲပြီးနောက် ရုရှားကို ထွက်ပြေးခဲ့တဲ့ အာဆတ်မိသားစုကလည်း သဘောထားမှတ်ချက်တောင်းတာကို မတုံ့ပြန်ပါဘူး။
ဖြည့်စွက် သတင်းပေးပို့သူ - ဟာဂျာ ချာဖက်နဲ့ ရိုဆီ ဂါ့သ်ဝိတ်တို့ရဲ့ ဆီးရီးယားရဲ့ ခိုးယူခံရတဲ့ကလေးများ အစီအစဥ်ဟာ Lighthouse Reports၊ The Observer၊ Der Spiegel၊ SIRAJ၊ Trouw နဲ့ Women Who Won the War တို့နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။








