အင်းတော်မှာ ဖမ်းဆီးခံထားရတဲ့ ပရဟိတသမားလေးဦး ဆယ်ရက်ကျော်လာတဲ့အထိ အဆက်အသွယ်မရသေး

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီက ပီဒီအက်ဖ်ဆိုပြီး ဖမ်းဆီးသွားသူသုံးဦးလည်း အဆက်အသွယ်မရဖြစ်နေ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မှာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း လူ အနည်းဆုံး ၇ ဦးဖမ်းဆီးခံထားရပြီး အဲဒီ ၇ ဦးလုံး ဆယ်ရက်ကျော်ကြာတဲ့အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ စကိုင်းတိုင်း အင်းတော်မှာ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်တုန်းက အင်းတော်ပရဟိတ အသင်းက အသင်းသား ၄ ဦးကို ကသာကနေအင်းတော်အပြန် လမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့အထိ အဆက်အသွယ်မရသေးဘူးလို့ အဲဒီအသင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ လက်နက်ကိုင် အဖွဲ့တွေနဲ့ အချိတ်အဆက်မရှိသလို သူတို့ အသင်းဟာ နိုင်ငံရေးနဲ့လည်း ကင်းရှင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးအခုလို လူကောင်းတွေ ဆုံးရှုံးမှာကိုတော့ စိုးရိမ်တယ်လို့ အသင်းတာဝန်ရှိသူကပြောပါတယ်။ “ကျွန်တော်တို့ကတော့ အခုပြောသလိုပဲ လိုက်လို့ပြုလို့လည်း မသိတတ်ဘူးလေနော်။ အဲဒါနဲ့ မျက်စိပိတ်နားကန်ဖြစ်နေတာ။ ပျောက်သွားတာက အခုဆိုရင် ၁၀ရက်ကျော်ပြီးပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ဘာပဲဆိုဆို လူသားအရင်းအမြစ်ကလေးတွေ ကောင်းတဲ့လူလေးတွေ ပရဟိတအလုပ်ကိုစေတနာနဲ့လုပ်ဆောင်ပေးတဲ့လူတွေကိုကတော့ ကျွန်တော်တို့ကတော့သားရွှေအိုးထမ်းလာတာမြင်ချင်တာပေါ့ဗျာ။ ကျွန်တော်တို့ ကတော့ တတ်နိုင်တဲ့အတိုင်းအတာတော့ ဆက်သွယ်ကြည့်တာပေါ့။ ဒါပေမဲ့ဘယ်လိုမှအဆက်အသွယ်မရဘူးဖြစ်နေတာ” လို့အသင်းတာ၀န်ရှိသူက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ အသင်းသားတွေဟာ ဖြူစင်မေတ္တာ ဘိုးဘွားရိပ်သာနဲ့ ဖြူစင်မေတ္တာ အားကိုးရာမဲ့ သက်ကြီးရွယ်အို ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို လုပ်နေတဲ့ အသင်းသား အသင်းဝင်တွေဖြစ်ပါတယ်။ ဖြူစင်မေတ္တာအသင်းဟာ အင်းတော်မှာ သက်ကြီးရွယ်အိုတွေကို ကူညီစောင့်ရှောက်တဲ့လုပ်ငန်းလုပ်ကိုင်ပေးနေတာ ၈နှစ်လောက်ရှိပြီလို့ သိရပါတယ်။ တစ်ခါ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲအင်းတော်ဆေးရုံမှာငှက်ဖျားရောဂါနဲ့ တက်ရောက်ဆေးကုသမှုခံယူနေတဲ့လူငယ်တစ်ဦးနဲ့ဆေးရုံစောင့်အမျိုးသားအမျိုးသမီးနှစ်ဦး စုစုပေါင်း ၃ ဦးကို စစ်ကောင်စီတပ်တွေက ပီဒီအက်ဖ်ဆိုပြီး ၀င်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ အခုအခါ အဲဒီဖမ်းဆီးခံရသူ ၃ ဦးလည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြနေပါတယ်။
ရွှေဒင်္ဂါးပြားတွေကိုကမ္ဘာ့ရွှေပေါက်စျေးအတိုင်း ရောင်းချမယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ကမ္ဘာ့ပေါက်စျေးအတိုင်း သက်သာတဲ့ စျေးနှုန်းအတိုင်း ရောင်းချပေးမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိမြန်မာ့ရွှေစျေးဟာ ကမ္ဘာ့ရွှေစျေးထက်မြင့်တက်နေတာဖြစ်ပြီး ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ အကယ်ဒမီမီးလင်းရွှေစျေးဟာ မြန်မာငွေကျပ် ၁၉ သိန်း ကိုးသောင်းကျော် (၁,၉၉၈,၀၀၀) သာရှိပြီး ပြင်ပပေါက်စျေးကတော့ သိန်း ၃၀ နီးပါးရှိနေတာဖြစ်ပါတယ်။
“ဝန်ကြီးဌာနအောက် သတ္တုတွင်းတွေ ရွှေလုပ်ကွက်တွေကနေ ရရှိတဲ့အခွန်တွေကနေပဲ လုပ်ဆောင်တာပါ။ ဒါဟာအခုကြုံနေရတဲ့ ရွှေစျေးတက်တာတွေကို ထိန်းနိုင်ဖို့မျှော်လင့်ထားတယ်။ မကြာခင်ရောင်းချပေးတော့မှာပါ” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။
ဒီရောင်းချမယ့်ရွှေ ဒင်္ဂါးတွေဟာ နိုင်ငံတော်ရဲ့ အရန်ငွေကြေး၊ ရွှေတွေနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီရောင်းချမယ့်ရွှေဒင်္ဂါးပြားတွေကို မြို့ကြီးတွေမှာ ကောင်တာဖွင့်လှစ်ရောင်းချမှာဖြစ်ပြီး ပြည်သူ တစ်ဦးချင်းအလိုက် မှတ်ပုံတင်နဲ့ရောင်းချပေးမှာလို့ သိရပါတယ်။
ဒီကနေ့စက်တင်ဘာ ၂ရက်မှာဆိုရင်လည်း ရန်ကုန်မြို့၊ ကမ္ဘာအေးမှာရှိတဲ့ ကျောက်မျက်ရုံးမှာ စတင်ရောင်းချ ပေးနေပြီလို့ ရွှေလုပ်ငန်းရှင်တွေက ဘီဘီစီကိုပြောပါတယ်။ ဒါပေမဲ့ ရွှေဒင်္ဂါးပြားစျေးနှုန်းအတိအကျနဲ့ တန်ချိန်ဘယ်လောက်ထိ ရောင်းချမယ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က တရားဝင်ပြောတာမရှိသေးပါဘူး။
ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်း ဦးထိန်လင်းတို့ကို စစ်ကောင်စီက ထောင်တစ်နှစ်စီချမှတ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့ကို လူ၀င်မှုကြီးကျပ်ရေးဥပဒေကို ချိုးဖောက်တယ်ဆိုပြီး နှစ်ဦးလုံးကိုထောင်တစ်နှစ်စီ ချမှတ်လိုက်တယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။
အင်းစိန်အကျဥ်းထောင်အတွင်း မနေ့က ရုံးထုတ်စစ်ဆေးပြီးတဲ့နောက်အကျဥ်းနည်းနဲ့ စစ်ဆေးကာ ခုလိုအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းတဲ့အခါ ဟုတ်မှန်ကြောင်းနဲ့ ဗစ်ကီဘိုးမန်းကို လ၀ကဥပဒေပုဒ်မ ၁၃ (၁) အရ ထောင်တစ်နှစ်၊ ဦးထိန်လင်းကို လ၀က ဥပဒေပုဒ်မ ၁၃ (၅)အရ ထောင်တစ်နှစ်၊ နိုင်ငံခြားသားမှတ်ပုံတင်ဥပဒေပုဒ်မ ၅ အရထောင်တစ်နှစ် တစ်ပေါင်းတည်းကျခံစေလို့ အမိန့်ချတာကြောင့် ဦးထိန်လင်းလည်း ထောင်တစ်နှစ် ကျခံရမှာဖြစ်တယ်လို့ ဖြေကြားပါတယ်။
အခုလို ဗစ်ကီးဘိုးမန်းကိုထောင်ဒဏ်ချမှတ်လိုက်တဲ့နောက် ၄င်းဦးဆောင်နေတဲ့ ကုမ္ပဏီကို ဆက်လက်လုပ်ကိုင်ခွင့်ပြုမပြုနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဗိုလ်ချုပ်ဇော်မင်းထွန်းကအခု ဗစ်ကီဘိုးမန်းကို အရေးယူထားတဲ့အမှုဟာ အဲဒီကုမ္ပဏီနဲ့သက်ဆိုင်တာမတွေ့ရဘူးလို့ ပြောပါတယ်။ ဗြိတိန်သံရုံးပြောခွင့်ရသူကတော့ ဗြိတိန်အမျိုးသမီးအတွက် အကူအညီတွေဆောင်ရွက်ပေးနေကြောင်းနဲ့ သူမရဲ့မိသားစုကိုလည်း အထောက်အပံ့တွေဆောင်ရွက်ပေးထားကြောင်း ဘီဘီစီကို ဖြေကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်ကို ထောင် ၃ နှစ် စစ်ကောင်စီထပ်မံချမှတ်၊ ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် စုစုပေါင်း နှစ် ၂၀ ထိ ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, မောင်သိန်း(ဒဿနိက)
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦး၀င်းမြင့်နဲ့ ပြည်ထောင်စု၀န်ကြီးဟောင်း ဦးမင်းသူတို့သုံးဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့စွဲဆိုထားတဲ့အမှုကို ဒီနေ့ စက်တင်ဘာ ၂ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။
ဒီရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သုံးဦးလုံးတက်ရောက်ခဲ့ပြီး သုံးဦးလုံးကို အလုပ်နဲ့ထောင်သုံးနှစ် စီချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကိုထုတ်နုတ်ခံစားခွင့်မပြုပါဘူးလို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။
ဒီအမှုစွဲချက်နဲ့ပတ်သက်လို့ အပြစ်မရှိကြောင်းနဲ့ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး အဖွဲ့တွေကို ဌာနဆိုင်ရာတာ၀န်ရှိသူတွေပါ ပါ၀င်တဲ့အဖွဲ့တွေကို ဥပဒေနဲ့အညီသာဖွဲ့စည်းခဲ့တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရော သမ္မတ ဦး၀င်းမြင့်တို့ကပါ ထွက်ဆိုထားခဲ့ပြီးဖြစ်ပါတယ်။
အခုဆို ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ချမှတ်ထားတဲ့ ထောင်ဒဏ်ပေါင်း နှစ် ၂၀ ထိ ရှိလာပြီဖြစ်ပြီး သမ္မတ ဦး၀င်းမြင့်ကတော့ စုစုပေါင်း ထောင်ဒဏ် ၅ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၀ မှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ထားပြီးဖြစ်တာကြောင့် အခု ရွေးကောက်ပွဲအမှုနဲ့ဆိုရင် ထောင်ဒဏ်စုစုပေါင်းက နှစ် ၂၀ အထိ ရှိလာတာပါ။
သမ္မတ ဦး၀င်းမြင့်ကတော့ မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ နှစ်နှစ်၊ သဘာ၀ဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ထောင် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် လေးနှစ်ချမှတ်ခံထားရပြီး အဲဒီထဲက ထောင် ၂ နှစ်ကို စစ်ကောင်စီက လျှော့ပေါ့ပေးထားလို့ အခု ရွေးကောက်ပွဲအမှုနဲ့ဆိုရင် ထောင်ဒဏ် စုစုပေါင်း ၅ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှာ နောက်ထပ်ထပ်မံရင်ဆိုင်ရဖို့ အမှု ၈ မှု ကျန်ရှိပြီး စီးပွားရေးသမား ဦးမောင်၀ိတ်ထံကအမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လက်ခံရယူမှုနဲ့ပတ်သက်လို့ အဂတိမှု ၂ မှု၊ လျှို့၀ှက်ချက်အက်ဥပဒေ နဲ့တစ်မှု၊ ရဟတ်ယာဥ်၀ယ်ယူမှုနဲ့ အဂတိမှု ငါးမှု စုစုပေါင်း ရှစ်မှုဖြစ်ပါတယ်။သမ္မတ ဦး၀င်းမြင့်ကတော့ ရဟတ်ယာဥ်၀ယ်ယူမှုနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်နဲ့အတူအဂတိမှု ငါးမှုကို အတူတရားစွဲဆိုခံထားရတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံနံပါတ် ၅၄ နေအိမ်ကို အမျိုးသားအဆင့် ယဥ်ကျေးမှုအမွေအနှစ်အဖြစ် NUG သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယင်းမြေနဲ့အဆောက်အအုံကို မည်သူမျှ ပိုင်ဆိုင်ရန် ကြိုးစားခြင်းရောင်းချခြင်းမပြုဖို့ တင်းကျပ်စွာ တားမြစ်လို့ ဆို
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄င်းရဲ့အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အမွေခွဲဝေမှုအငြင်းပွားနေတဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံနံပါတ် ၅၄-၅၆ မှာတည်ရှိတဲ့ ခြံ၀င်းဧရိယာ ၁.၉၂၃ ဧကနဲ့ အဲဒီမြေပေါ်မှာရှိတဲ့ အဆောက်အအုံအားလုံးကို ကြားကာလအမျိုးသားအဆင့် ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရNUG ယာယီသမ္မတ ဒူ၀ါလရှီးလက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ မြေနဲ့အဆောက်အအုံကို မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ဖို့ ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း ၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ တခြားနည်းအသုံးချခြင်းတို့ကို တင်းကျပ်စွာတားမြစ်တယ်လို့လည်း သမ္မတရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ယဥ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်တဲ့ဥပဒေတို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နဲ့အရေးယူမှာဖြစ်ပြီး လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုလည်းအမည်မည်းစာရင်း ထည့်သွင်းမယ်လို့ပါရှိပါတယ်။
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ နေအိမ်နဲ့ ခြံကွက် အမွေမှုနဲ့ပတ်သက်လို့ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံတက်တဲ့ တောင်းဆိုမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သြဂုတ် ၂၂ ရက်မှာ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
ဦးအောင်ဆန်းဦးက ခြံနံပါတ် ၅၄ ခြံကြီးနဲ့ ခြံထဲက နေအိမ်တို့ကို အမွေခွဲဖို့ ၂၀၀၀ ပြည့်နှစ်ခန့်မှာစတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကိုမောင်နှမနှစ်ဦး ခွဲဝေကြဖို့ တရားရုံးကအမိန့်ချခဲ့ပါတယ်။ဒီလို အမိန့်ချရာမှာ အဲဒီခြံနံပါတ် ၅၄ ထဲမှာ နောက်ထပ်အိမ်တစ်လုံးနဲ့ မြေကွက်တစ်ကွက်ကို ဒေါ်ခင်ကြည် မကွယ်လွန်မီက သူ့ရဲ့ တူဖြစ်သူ၊ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မောင်နှမ၀မ်းကွဲတော်စပ်သူ ဦးခင်မောင်အေးကို စာချုပ်စာတမ်းနဲ့ တရား၀င်ပေးအပ်ခဲ့တာဖြစ်ပြီး ဦးခင်မောင်အေးကို ပေးအပ်ထားတဲ့မြေကွက်နဲ့ အိမ်ကို ဖယ်ပြီး ကျန် အိမ်မကြီးနဲ့ခြံတို့ကို တစ်ယောက်တစ်၀က်စီ ယူကြဖို့ တရားရုံးအဆင့်ဆင့်က ဆုံးဖြတ်ခဲ့တာပါ။ဒါကို လက်မခံတဲ့ ဦးအောင်ဆန်းဦးက ဦးခင်မောင်အေးရဲ့မြေကွက်ကိုပါ အမွေပုံထဲ ထည့်ပြီးခွဲ၀ေဖို့ နဲ့ ဒီလို ခြံနဲ့ အိမ်ကို တစ်ယောက်တစ်၀က်ယူဖို့ အမိန့်ချတဲ့အခါ သူရတဲ့အပိုင်းက အဆောက်အဦးကပြိုပျက်နေတာကြောင့် ပစ္စည်းမယူဘဲ အိမ်ကိုလေလံပစ်ပြီး တစ်ယောက်တစ်၀က်ခွဲ၀ေယူဖို့ ဦးအောင်ဆန်းဦးဘက်က ၂၀၁၈ မှာ အထူးအယူခံတက်ခဲ့ပါသေးတယ်။
အဲဒီ အထူးအယူခံကိုနေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။အခု ၂၀၂၂ ခုနှစ်မှာ ဒီအမှုအထူးအယူခံကိုပဲဦးအောင်ဆန်းဦးက ထပ်တင်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်၂၇ ရက်မှာနှစ်ဖက် လျှောက်လဲချက်ကို ကနဦး ကြားနာခဲ့တဲ့နောက် အမှုကို လက်ခံကြောင်း နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တာပါ။
နှစ်လ ၀န်းကျင်အကြာ သြဂုတ် ၂၂ ရက်မှာတော့ ဦးအောင်ဆန်းဦး တောင်းဆိုတဲ့အတိုင်း အမွေပုံထဲမှာ ဒေါ်ခင်ကြည် မွေးစားသားဖြစ်သူထံ ပေးအပ်ခဲ့တဲ့ အိမ်နဲ့မြေကွက်ကိုပါအမွေပုံထဲထည့်သွင်းခွဲ၀ေဖို့တောင်းဆိုချက်ကို တရားရုံးက အနိုင်ပေးလိုက်တာဖြစ်ပါတယ်။
ဆေး၀ါးစျေးနှုန်းတွေ ဆက်လက်မြင့်တက်နေဆဲ

ဧပြီလကချမှတ်ခဲ့တဲ့ ဆေးဝါးနှင့် ဆေးဝါးအထောက်အကူပြုပစ္စည်းများတင်သွင်းသူတွေအနေနဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို သွင်းကုန်ပါမစ်တင်ပြရတာကို ပယ်ဖျက်လိုက်ပြီလို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် အရင်ကာလတွေအတိုင်း ကုန်သွယ်ရေးဦးစီးဌာနကိုတိုက်ရိုက်လျှောက်ထားနိုင်ပြီလို့ ဆိုပါတယ်။ ဒါက ပြည်တွင်းမှာ နိုင်ငံခြားဆေးတွေစျေးမြင့်တက်တဲ့ အခြေအနေကို ထိန်းချုပ်ဖို့သုံးသပ်တာတွေရှိနေပါတယ်။
ဒါပေမဲ့ စျေးကွက်ထဲမှာတော့ အိမ်သုံးဆေးတွေ စျေးတက်နေဆဲဖြစ်ပြီး ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်အထိ စျေးတွေ တက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆေးသိုလှောင်ထားတဲ့သူတွေက တချို့ကတော့ တက်စျေးအတိုင်းဆက်လက်ရောင်းချနေပြီး တချို့ကတော့ စောင့်ကြည့်နေကြတာ ရှိပါတယ်။
လက်ရှိပြည်တွင်းဆေးစျေးကွက် အခြေအနေနဲ့ပတ်သက်လို့ ဆေးလက်လီလက်ကား ရောင်းချသူတစ်ဦးက ခုလိုပြောပါတယ်။
"တချို့လှောင်ထားတဲ့သူတွေကတော့ ထိန်းပြီးရောင်းနေတာရှိတယ်။ ဒါပေမဲ့ သူတို့တောင့်ခံနိုင်တဲ့အင်အားပေါ့။ သူတို့ပြန်ဝယ်ရမယ့်ဟာက ဒီငွေတန်ဖိုးနဲ့ဆိုရင် အဆပေါင်းများစွာမြင့်တက်သွားမယ့်အခါကျတော့ လုပ်ငန်းရှင်အနေနဲ့ဝယ်ယူရတာလည်း အခက်အခဲဖြစ်နေတယ်။နဂိုက ရှိပေမဲ့ ပြန်ဝယ်ပြီးရောင်းရမယ့်အခါကျ တအားကြီးစျေးကွာဟနေတာမျိုးဖြစ်နေတယ်။ လတ်တလောကတော့ ဘယ်လိုမှအဖြေရှာလို့မရဘူး။ အကုန် ကမောက်ကမတွေဖြစ်နေတာပေ့ါ။ အဓိကကကတော့ စားသုံးသူက အနစ်နာဆုံးပေါ့" လို့သူက ပြောပါတယ်။အခုလိုကမောက်ကမအခြေအနေပြေလည်စေဖို့ စက်သုံးဆီ ပြဿနာကို ဗဟိုဘဏ်က လတ်တလောမှာ ချေးငွေတွေချပေးပြီး ဖြေရှင်းပေးသလို ဆေး၀ါးတင်သွင်းမှုမှာလည်း အလားတူ ဖြေရှင်းပေးမယ်ဆိုရင်အထိုက်အလျောက် ပြေလည်နိုင်မယ်လို့မျှော်လင့်ကြောင်း သူကဆက်ပြောပါတယ်။
ကရင်နီဒေသမှာ ဩဂုတ်တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် အရပ်သား ငါးဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, KNDF
ကယား (ကရင်နီ) ပြည်နယ်မှာ ပြီးခဲ့တဲ့ဩဂုတ်တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ဒါ့အပြင် အရပ်သား ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဆေးပေးခန်း တစ်ခုနဲ့ နေအိမ် ကိုးလုံးအပြင် ဘုရားစေတီ တစ်ဆူလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ သြဂုတ်လအတွင်းမှာ ကရင်နီဒေသထဲက ဖရူဆိုမြို့ကနေ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့အထိ စစ်ရေးအရထိန်း ချုပ်နိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေပြီး ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ တပ်ဖြန့်စစ်ကြောင်းထိုးနေတာလို့ပြောပါတယ်။
ဒါကြောင့် အနည်းဆုံးတိုက်ပွဲ ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီထဲစစ်ကောင်စီဘက်က အယောက် ၄၀ သေဆုံးခဲ့ကာ ၂၅ ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီ တပ်သား ၄ဦးလည်း KNDF တပ်ဖွဲ့ထံ CDM ပြုလုပ်၊လာရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီကို တပ်သားတွေစွန့်ခွာတဲ့ဖြစ်စဉ်နဲ့ တိုက်ပွဲအတွင်းသေဆုံးမှုတွေနဲ့ပတ်သက်လို့ ဒီကနေ့မနက်ပိုင်းအထိ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။
မြန်မာမှာ တစ်ပတ်အတွင်း အဆုံးစီရင်မှု ၆ မှုခန့်ရှိ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မျှ၀ေကြဖို့နဲ့ အဆုံးစီရင်ခြင်းဟာ ထွက်ပေါက်မဟုတ်ကြောင်း စိတ်ပညာရှင်အကြံပြုတိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Service department
ပြီးခဲ့တဲ့သြဂုတ်လ ၂၅ ရက်ကစလို့ သြဂုတ် တစ်ပတ်တာအတွင်း အဆုံးစီရင်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တာရှိပြီး တစ်ပတ်အတွင်း လူ ၇ ဦးခန့် သေဆုံးခဲ့ပါတယ်။
သြဂုတ်လ ၂၅ ရက်က ရန်ကုန်မြို့၊ ကမ္ဘာအေးလူကူးခုံးကျော်တံတားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချပြီး အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့တာရှိခဲ့ပါတယ်။ သြဂုတ် ၂၆ ရက်မှာတော့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စီဒီအမ် ကျောင်းဆရာမတစ်ဦး အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ်။
သြဂုတ် ၂၇ ရက်မှာတော့ ပင်းတယမြို့နယ်၊ ကံသာရွာက တောင်သူတစ်ဦး ကြွေးမြီတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းအရှုံးပေါ်တာတွေကြာင့် စီးပွားရေးအဆင်မပြေမှုတွေနဲ့စိတ်ဓာတ်ကျဆင်းပြီး သေကြောင်းကြံစည်ခဲ့တယ်လို့ဒေသတွင်းသတင်းတွေကိုဖော်ပြတဲ့ စာမျက်နှာက ရေးသားထားပါတယ်။
ဒါ့အပြင် သြဂုတ် ၂၈ ရက်မှာ ပဲခူးတိုင်း၊ ပြည်မြို့ နဝဒေးတံတားပေါ်ကနေ အသက် (၃) နှစ်အရွယ်ကလေးငယ်နဲ့အတူ မိခင်ဖြစ်သူ ခုန်ချခဲ့ပြီး သြဂုတ်လကုန်ပိုင်းအထိ ၄င်းတို့သားအမိနှစ်ဦးကို ဆက်လက်ရှာဖွေမှုတွေရှိနေပါတယ်။
သြဂုတ်လ ၂၉ ရက်မှာတော့ ရန်ကုန်မြို့၊ အင်းလျားကန်မှာ အမျိုးသားတစ်ဦး ခုန်ချသတ်သေမှုဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကိုပြန်လည်ဆယ်ယူရရှိခဲ့တဲ့ဖြစ်စဥ်ရှိပါတယ်။ဒါ့အပြင် သြဂုတ်လ ၃၀ ရက်မှာလည်း မြစ်ငယ်က မီးရထား၀န်ထမ်းတစ်ဦး သေကြောင်းကြံစည်မှုကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ CTUM က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်တစ်နှစ််ခွဲကျော်ကာလအတွင်း ကုန်စျေးနှုန်းကြီးမြင့်မှု၊ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှု စတဲ့အထွေထွေအကျပ်အတည်းတွေကြား လူထုရဲ့အကျပ်အတည်းကလည်း လိုက်ပါကြီးမားလာတာပါ။
အခုလိုတစ်ပတ်အတွင်း အဆုံးစီရင်မှု တွေ ဆက်တိုက်ဆိုသလိုရှိလာတဲ့အခြေအနေမှာ မိမိပတ်၀န်းကျင်မှာ ခုလို ဘ၀ကိုဆက်လက်ပြီး ရှင်သန်နေထိုင်ဖို့ အားမရှိတော့ဘူးဆိုတဲ့ဖွင့်ဟ၀န်ခံမှုတွေ ကြုံရတဲ့အခါမှာ သူ့ရဲ့ပြဿနာကို အလေးထားပြီး နားထောင်ပေးပြီး ဆွေးနွေးပေးဖို့နဲ့ ဒါဟာ ကိုယ်တစ်ဦးတည်း ကြုံနေရတာမဟုတ်ကြောင်းနဲ့ တစ်ရက်ချင်းကို အကောင်းဆုံးရှင်သန်ဖို့၀ိုင်း၀န်းအဖြေရှာဖို့ နဲ့ အဆုံးစီရင်ခြင်းဟာ ထွက်ပေါက်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ၊ ဗားမောက်တက္ကသိုလ်မှာ စိတ်ပညာ ပါရဂူဘွဲ့တက်ရောက်နေတဲ့ Clinical Psychologist မဖြူပန်းနုခင်က ဘီဘီစီနဲ့သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ အကြံပြုထားပါတယ်။
မန္တလေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတချို့ ဒေသခံတွေကို လိုက်လံစည်းရုံးတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
မန္တလေးက မြို့နယ်နဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီအဖွဲ့တွေက ရပ်ကွက်နေပြည်သူတွေနဲ့ အခုရက်ပိုင်း အတွင်း တွေ့ဆုံပွဲတွေ ပြုလုပ်လာပါတယ်။
စက်တင်ဘာ ၁ရက်နေ့ မနက်က မဟာအောင်မြေမြို့နယ် ဗောဓိကုန်းဘုရားဝန်းအတွင်း ဓမ္မာရုံမှာ စစ်ကောင်စီအဖွဲ့တွေနဲ့ ရပ်ကွက်နေ ပြည်သူတချို့ တွေ့ဆုံပွဲပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီလိုပြုလုပ်နေစဉ်အနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူတစ်ယောက် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သလို မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်ခုကိုလည်း တွေ့တယ်လို့ စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရမ်မှာ ဖော်ပြကြပေမယ့် ဘီဘီစီ အနေနဲ့ ဒီသတင်းကို သီးခြားအတည်ပြုချက် မရသေးပါဘူး။
ဒီလိုစစ်ကောင်စီအဖွဲ့တွေက ရပ်ကွက်နေပြည်သူတချို့ကို တွေ့ဆုံတာဟာ နယ်မြေစိုးမိုးဖို့ အယောင်ပြ လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြု ပြောဆိုပါတယ်။
တွေ့ဆုံပွဲမှာ ဆွေးနွေးကြတာတွေနဲ့ ပတ်သက်လို့ ဒေသခံ ပြောတာက မှုခင်းကျဆင်းရေးနဲ့ နယ်မြေလုံခြုံရေး အကြောင်းတွေ ၊ မှတ်ပုံတင်တွေ အလွယ်တကူ ထုတ်ပေးနိုင်မယ့် ကိစ္စနဲ့ မီးဘေးကာကွယ်ရေးတွေ အပြင် ၊ ကျောင်းနေကလေးတွေ ကျောင်းအပ်ပညာသင်ပေးဖို့ နောက်ပြီး အကြမ်းဖက်အဖွဲ့တွေနဲ့ မဆက်သွယ်ဖို့ ၊ သူတို့ကို သတင်းပေးဖို့ စတဲ့ ကိစ္စတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
သြဂုတ်လကုန်ပိုင်းရက်ကလည်း မဟာအောင်မြေမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့နဲ့ ဒေသအခေါ် ပျူစောထီးတချို့ ၄၁လမ်း ရပ်ကွက်ဓမ္မာရုံမှာ တွေ့ဆုံစည်းဝေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီနောက် ပြည်ကြီးတံခွန်မြို့နယ်မှာလည်း မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ သမန်းကုန်းနဲ့ (ဂ)ရပ်ကွက်အရှေ့ပိုင်းက အရက်ဆိုင်ကအစ လက်ဖက်ရည်ဆိုင် အပြင် ဓမ္မာရုံတွေမှာပါ အစည်းဝေးတက်ရောက်ဖို့ လိုက်လံ ဖိတ်ကြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာ သြဂုတ်လနောက်ဆုံးအပတ် ကတည်းက လမ်းမကြီးမှာ စစ်ကောင်စီတချို့က လမ်းသွားလမ်းလာတွေကို အင်အားအများနဲ့ စစ်ဆေးတာတွေ ပြုလုပ်နေသလို လကုန်ရက်ပိုင်းက စတင်ပြီး ရပ်ကွက်နေပြည်သူနဲ့ တွေ့ဆုံတာတွေ နေ့စဉ်ဆိုသလိုပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂန့်ဂေါ ဆန်၊ဆီ သယ်ယူခွင့် ပိတ်ပင်မှု ယာယီသာဖြစ်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, Hnan Khar Defense Youth Group
ဆန်စပါး အမြောက်အမြား ထွက်ရှိတဲ့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကနေ ဂန့်ဂေါမြို့ပေါ် ကိုသာမက ဂန့်ဂေါမြို့နယ်ကနေလည်း တခြားပြင်ပကို ဆန် ၊ ဆီ သယ်ယူရောင်းချမှု ပိတ်ပင်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။
အကြောင်းရင်းကတော့ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးတဲ့အတွက် ကောက်ပဲသီးနှံတွေ ဆုံးရှုံးရတာကတကြောင်း ၊ စျေးနှုန်း ထိန်းညှိဖို့ လိုအပ်တာက တကြောင်းကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဂန့်ဂေါ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ ပြောခွင့်ရက ဘီဘီစီကို ပြောပါတယ်။
ဒေသခံတွေ အနေနဲ့ မျိုးစပါး ၊ ၀မ်းဆာစပါးတွေ သိုလှောင်ရာ နေရာကို စစ်ကြောင်းထိုး ၊ မီးရှို့ခံရမှုတွေ ရှိနေချိန်မှာ အခုလို ဒေသတွင်းကနေ ပေးမထုတ်ဘဲ သယ်ခွင့်ပိတ်ထားတာ လက်တွေ့ကျရဲ့လားလို့ မေးမြန်းတဲ့အခါ သူတို့အနေနဲ့ စစ်ကြောင်းထိုးတဲ့အခါ ကြိုသိလေ့ရှိတာကြောင့် ဒါတွေကို ရွှေ့ပြောင်းဖို့ အချိန်ရှိပါတယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံတလွှား ဆန်စပါး ပြတ်လပ်မှု ရှိနိုင်တယ်ဆိုတဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်တဲ့ သတင်းတွေကြောင့် စပါးစျေးတက်နေချိန်မှာ အခုလို သယ်ခွင့် ပိတ်ပင်လိုက်တာကြောင့် ဒေသခံ တောင်သူတွေထုတ်ရောင်းဖို့ အခွင့်အလန်း မဆုံးရှုံးသွားနိုင်ဘူးလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ သူတို့အနေနဲ့ ဒေသတွင်း ကုန်သည်တွေနဲ့ ညှိနှိုင်းပြီးမှ လုပ်ဆောင်တာ ဖြစ်တယ် ၊ ကုန်သည်တွေနဲ့လဲ သဘောတူညီမှု ရခဲ့ပြီး ဖြစ်တယ် ၊ အခု ထုတ်ပြန်ချက်ကလည်း ယာယီသာ ဖြစ်ပြီး ခန့်မှန်းချေ နောက် ၄လ အတွင်း စပါးသစ် ပေါ်ချိန်မှာ ပြန်ဖွင့်ပေးမှာ ဖြစ်တယ်လို့ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ ပြောခွင့်ရသူက ရှင်းပြပါတယ်။
ဒါ့အပြင် သူတို့ ထုတ်ပြန်ချက်ကြောင့် ထိခိုက်မှု အနည်းငယ် ရှိသူတွေဟာ တနိုင်တပိုင် စိုက်ပျိုးသူတွေသာ ဖြစ်ပြီး အဲဒီတောင်သူတွေ အတွက် နစ်နာကြေး ၊ ထောက်ပံ့ပေးမှုတွေ မလုပ်နိုင်ပေမယ့် အချိန်ကာလ အခြေအနေ နဲ့ အညီ ပိတ်ပင်တားဆီးမှုတွေကို ဖြေလျော့ပေး သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံတလွှား ကုန်ပစ္စည်း စျေးနှုန်း မတည်ငြိမ်မှုတွေ ၊ ဒေါ်လာစျေး ၊ ရွှေစျေး မတည်ငြိမ် မှုတွေကြောင့် အခြေခံ ကုန်ပစ္စည်း တွေဖြစ်တဲ့ ဆန် ၊ ဆီ စျေး အတက်အကျ ကြမ်းနေချိန်မှာ အခုလို ဂန့်ဂေါတစ် မြို့နယ်ထဲ ကွက်ပြီး အရေးယူ လုပ်ဆောင်မှုတွေက စျေးနှုန်း ထိန်းညှိဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို ထိရောက်နိုင်ပါ့မလား လို့ မေးတဲ့အခါ ဂန့်ဂေါ အုပ်ချုပ်ရေး အဖွဲ့ကတော့ သူတို့ ထုတ်ပြန်ချက်ဟာ ယာယီ တဒင်္ဂ သာဖြစ်ပြီး အရင်ကလည်း အခုလို အရေးယူမှု လုပ်ဆောင်ခဲ့ရာမှာ ဆန်စျေးနှုန်း ကျဆင်းမှု ရှိခဲ့တယ်လို့ ပြောပါတယ်။
အခုတော့ သြဂုတ်လ ၃၀ ရက်နေ့က သူတို့ ထုတ်ပြန်ထားတဲ့ ပိတ်ပင်တားမြစ်ချက်ကို ချိုးဖောက်ပါက တားမြစ်ကုန်ပစ္စည်းတွေကို အရေးယူသိမ်းဆည်းသွားမယ်လို့ ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဂန့်ဂေါပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Hnan Khar Defense Youth Groud

ဓာတ်ပုံ ရင်းမြစ်, ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
အရပ်သားအချို့ မီးရှို့ အလောင်းဖျောက်ခံရမှုလည်း ရှိနေတယ်လို့ဆို
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် နေအိမ် ၂၃၀ ကျော် မီးရှို့ခံခဲ့ရသလို၊ အရပ်သားအချို့ မီးရှို့အလောင်းဖျောက်ခံရမှုလည်း ရှိနေတယ်လို့ ကျွန်းလှမြို့နယ်အရေးဆောင်ရွက်သူတွေက ပြောပါတယ်။
သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်းက တည်ပင်ဆိပ်ရွာမှာ စစ်ကောင်စီတပ်ထွက်သွားပြီးတဲ့နောက် သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်းတစ်လောင်းနဲ့ မီးရှို့ခံထားရတဲ့အလောင်း ၈ လောင်းအထိတွေ့ခဲ့ရပြီး ဘယ်သူဘယ်၀ါဖြစ်တယ်ဆိုတာကို အခုအချိန်အထိ အတည်မပြုနိုင်သေးတဲ့အကြောင်းလည်း မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ တည်ပင်ဆိပ်ကျေးရွာထဲ တပ်စွဲထားတဲ့ကာလအတွင်း အရပ်သားတွေကို သတ်ဖြတ်မှု ရှိခဲ့ပြီး မူးမြစ်ထဲမျောလာတဲ့ တည်ပင်ဆိပ်ရွာသွား အသက် ၄၀ အရွယ်အမျိုးသား ဦးတင်မင်းရဲ့ အလောင်းကို ကောလင်းမြို့နယ်၊ ခေါင်းဖြူရွာကနေ ဆယ်ယူသင်္ဂြိုဟ်ပေးခဲ့ရမှုလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံခဲ့ရတဲ့နေအိမ်တွေဟာ သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းက ကုန်းစည်းရွာ၊ တည်ပင်ဆိပ်ရွာ၊ အိမ်ခြေရွာ၊ အင်းလျားရှည်ရွာနဲ့ ရွာကုန်းကြီးရွာတွေကဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ကျွန်းလှ၊ ကန့်ဘလူနဲ့ ကောလင်း သုံးမြို့နယ်ဆုံတဲ့ ကျေးရွာတွေကို အင်အား ၁၀၀ နီးပါးနဲ့ ရွာစဥ်လှည့်နေတာချိန် မီးရှို့ခံရမှုတွေကြောင့် နေအိမ် ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီးဖြစ်သလို ဒေသခံ ၂ သောင်းနီးပါးလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အမှု - ဝန်ကြီးဟောင်းဦးစိုးဝင်းကို စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, Sean Turnell's Facebook
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဩစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ်နဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ၃ ဦးဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးဆက်အောင်နဲ့ ဦးကျော်ဝင်းတို့ အပေါ် စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအမှုကို ဒီကနေ့ နေပြည်တော် အချုပ်ထောင်မှာ ကြားနာခဲ့ပါတယ်။
ဒီနေ့မှာတော့ ဦးစိုးဝင်းကို စစ်ဆေးတာဖြစ်ပြီး တရားသူကြီးက စွပ်စွဲခံရသူ ဦးစိုးဝင်းကို အမေးအဖြေပုံစံနဲ့ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီနေ့စစ်ဆေးမှုမှာ မစ္စတာ ရှောင်တာနယ်ရဲ့ အိုင်ဖုန်း၊ အိုင်ပက်၊ လက်ပတော့နဲ့ မမ်မိုရီစတစ်တွေထဲမှာ တွေ့ရတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီး တရားသူကြီးက မေးမြန်းခဲ့ပြီး ဦးစိုးဝင်းကတော့ သူမသိကြောင်း၊ သူနဲ့မသက်ဆိုင်ကြောင်း ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
လာမယ့်အပတ် ရုံးချိန်းမှာတော့ နောက်ထပ်စွပ်စွဲခံရသူတစ်ဦးဖြစ်တဲ့ စီမံဘဏ္ဍာဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်ကို ဆက်လက်စစ်ဆေးဖို့ရှိပြီး အဲဒါပြီးရင်တော့ နောက်အပတ်တွေမှာ လျှောက်လဲချက်တင်ဖို့နဲ့ အမိန့်ချဖို့တွေရှိနေပါတယ်။
ဒီနေ့ရုံးချိန်းကို အတိုင်ပင်ခံရော၊ မစ္စတာရှောင်တာနယ်ပါ ကိုယ်တိုင်တက်ရောက်ကြပြီး နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။
မနက်ဖြန် စက်တင်ဘာလ ၂ ရက်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ ပူးတွဲတရားစွဲဆိုခံထားရတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အမှုကို အမိန့်ချဖို့ရှိနေပါတယ်။
မြစ်ကြီနား ပ.လ.န နယ်မြေရဲစခန်းက ပစ်ခတ်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပ.လ.န ကျေးရွာမှာရှိတဲ့ အမှတ် - ၃ နယ်မြေရဲစခန်းကနေ ခြောက်လှန့်တဲ့ပုံစံနဲ့ သေနတ်သံတွေ ထွက်ပေါ်နေတာ ၃ ရက်လောက်ရှိပြီလို့ စခန်းအနီးမှာနေထိုင်သူတွေက ပြောပါတယ်။
ရဲစခန်းကနေ ပစ်ခတ်မှုတွေဟာ အခုရက်ပိုင်းအတွင်း ညဘက်တွေမှာ ရက်ဆက် ကြားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ည ၈နာရီကျော် ၉နာရီထိုးခါနီးဆို ပစ်ခတ်နေတာ ၃ရက်လောက်ရှိနေပြီ။ မနေ့ညကတော့ သူတို့ ၃ ချက်လောက်ပဲ ဖောက်တယ်။ ပထမဆုံးရက်ကဆို စိတ်ထဲမှာ ထင့်သွားသေးတယ်။ ဟိုတခါလို ပစ်ခတ်မှုဖြစ်တာလားပေါ့။ နည်းနည်းပြန်စဉ်းစားလိုက်တော့ သေနတ်သံက အပြန်အလှန်ပစ်ခတ်တာမဟုတ်ဘဲ ခြောက်လှန့်ပစ်ခတ်သံမျိုး။ နှစ်ဖက်ဖြစ်ကြရင် အသံက ၂ မျိုး။ လက်နက်ကြီးအသံပါကြားရရင် အသံ ၃ မျိုးပေါ့။ အခုသေနတ်သံက သူတို့ဆီက အသံပဲ ကြားရတယ်’’ လို့ သူက ပြောပါတယ်။
ညပိုင်းပစ်ခတ်မှုတွေရှိနေသလို နေ့ဘက်မှာလည်း ရဲစခန်းနီး လုံခြုံရေးဂိတ်မှာ စစ်ဆေးမှု ပိုတင်းကျပ်နေပြီး ညနေပိုင်းမှာ စစ်သားတွေ ကင်းလှည့်တာတွေလည်းရှိနေတယ်လို့ ပ.လ.န နယ်မြေရဲ စခန်းအနီးက အခြေအနေတွေကို ဒေသခံတစ်ယောက်က ပြောပြပါတယ်။
အဲဒီနယ်မြေရဲစခန်းဟာ မြစ်ကြီးနား -ဆွမ်ပရာဘွမ်-မြစ်ဆုံသွားလို့ရတဲ့ ကားလမ်းဘေးက ပ.လ.န ရွာမှာ ရှိတာဖြစ်ပါတယ်။
ရဲစခန်းက ညပိုင်းပစ်ခတ်မှုတွေ ဘာကြောင့် ထွက်ပေါ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ ဩဂုတ်လ ၆ ရက်နေ့၊ မနက် ၅ နာရီလောက်မှာ ကေအိုင်အေအဖွဲ့က ရဲစခန်းကို သွားရောက်ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိခဲ့ပါတယ်။
အပိုဆောင်းစရိတ်တိုးပေးဖို့ ရာနဲ့ချီတဲ့ရွှေပြည်သာစက်ရုံလုပ်သားတွေ တောင်းဆိုနေ

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ထဲက အထည်ချုပ်စက်ရုံတစ်ရုံက အလုပ်သမား ၈၀၀ ကျော်ဟာ ကုန်စျေးနှုန်းအဆမတန်တိုးမြင့်လာတာကြောင့် အပိုဆောင်းစရိတ်တိုးပေးရေး တောင်းဆိုဆန္ဒဖော်ထုတ်နေကြတယ်လို့ သိရပါတယ်။
ရွှေပြည်သာ စက်မှုဇုန်- ၁ မှာရှိတဲ့ မြန်မာလက်ဇူရီ အထည်ချုပ်စက်ရုံက အလုပ်သမား ၈၀၀ ကျော်ဟာ လုပ်ခလစာတိုးပေးဖို့ ကနဦးတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
အခြေခံလစာကို တိုးမပေးနိုင်ဘူးဆိုရင် ရှားပါးစရိတ်ထောက်ပံ့ငွေအဖြစ် ကျပ်သုံးသောင်း တိုးမြှင့်ပေးဖို့ အလုပ်မလုပ်ဘဲ ဆန္ဒပြတောင်းဆိုနေကြတာ ပြီးခဲ့တဲ့သြဂုတ်လ ၂၉ ရက်နေ့ကတည်းက ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနေ့အထိ ပြေလည်မှု မရတာကြောင့် လုပ်ငန်းခွင်ထဲမှာ ဆက်ပြီးတောင်းဆိုနေတယ်လို့ သိရပါတယ်။
ဖရူဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင် ၆ ထောင်နီးပါး ရိက္ခာ ပြတ်လပ်နေ

ဓာတ်ပုံ ရင်းမြစ်, Fruso IDP help
ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင် ၆ ထောင်နီးပါးဟာ ဆက်သွယ်ရေးစနစ်ပြတ်တောက်နေတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတာတွေကြောင့် ရိက္ခာပြတ်လပ်နေတယ်ဆိုပြီး အကူအညီပေးနေသူတွေက ပြောပါတယ်။
‘‘အလှူရှင်များမရှိတော့လို့ ရိက္ခာပြတ်နေတာ ၂ လလောက်ရှိသွားပါြပီ။ အဓိက ဆက်သွယ်ရေးပေါ့။ ဖုန်းနဲ့ အင်တာနက်ပြတ်တောက်နေတာကြောင့် အလှူဒီမှာ ဘယ်လောက်ရပြီ၊ ဘယ်စခန်းကို ဘယ်လောက်ခွဲဝေပေးမယ်ဆိုတာမျိုးတောင် ပြောဖို့ လူတစ်ယောက်လွှတ်ရတာ၊ စာနဲ့ ဆက်သွယ်ရတာမျိုးဆိုတော့ အဆင်မပြေဘူး။ အွန်လိုင်းကနေ အလှူခံဖို့ကတော့ ပိုမဖြစ်နိုင်ဘူးပေါ့’’ လို့ အလှူငွေရှာဖွေဖို့ ခက်ခဲတဲ့အကြောင်း ဖရူဆိုအနောက်ဘက်ခြမ်းစစ်ရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။
အလှူရှင်ရှိမယ်ဆိုရင်တောင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် သယ်ယူပို့ဆောင်ရေးမှာ လုံခြုံရေးပိုင်း ခက်ခဲမှုတွေရှိနေတယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။
‘’ပစ္စည်းသယ်နိုင်မယ့် လမ်းကြောင်း ၂ ခုရှိတယ်။ တိုတဲ့လမ်းကြောင်းက အသက်အန္တရာယ်များတယ်။ ဟိုတခါ မီးရှို့ခံရတဲ့ဖြစ်စဥ်မျိုး ထပ်ဖြစ်နိုင်တာကို ကြောက်တော့ အဲဒီလမ်းကြောင်းကို မသုံးနိုင်ဘူး။ နောက်တစ်လမ်းကျတော့ တောတောင်တွေကိုဖြတ်တော့ သုံးတဲ့ကားကအစ ရွေးတယ်။ ဘီးကြီးပြီး ကိုယ်ထည်မြင့်တဲ့ကားမျိုးမှ အဆင်ပြေတယ်’’လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဖရူဆိုစစ်ရှောင်ကလေးငယ်တွေကြားမှာ ရာသီတုပ်ကွေးဖြစ်ပွားနှုန်းမြင့်နေပေပြီး ဆေးဝါးမလုံလောက်တာကလည်း အဓိကဖြစ်နေတာကြောင့် အရေးပေါ်အကူအညီပေးကြဖို့ ဖရူဆို စစ်ရှောင်အရေးကူညီနေသူတွေက မေတ္တာရပ်ခံထားပါတယ်။
သန်လျင်တံတားပေါ်မှာ စစ်ဆေးမှုတွေရှိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, Thalyin Channel
မြို့တွင်းနေရာအချို့မှာလည်း စစ်ကားတွေနဲ့ ဝင်ရောက်ရှာဖွေတာတွေလုပ်နေတယ်လို့ဆို
ရန်ကုန် ၊ တောင်ပိုင်းခရိုင် ၊ သန်လျင်မြို့ဘက်ကနေ ရန်ကုန်ဘက်ကို အဆင်းဘက်ခြမ်း သန်လျင်တံတားပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းအထိ စစ်ဆေးမှုတွေဆက်ရှိနေလို့ မော်တော်ယာဥ်အသွားအလာတွေပိတ်နေဆဲဖြစ်တယ်လို့ ဖြတ်သန်းခဲ့သူတချို့ကပြောပါတယ်။
သန်လျင် ကျိုက်ခေါက်ဘုရား၊ ကျိုက်အင်းလမ်းကြားထဲကနေ စစ်ကား၅စီးခန့် က သန်လျင် လက်ယက်စမ်းကျေးရွာ အနောက်ပိုင်းထဲကိုလည်း၀င်ရောက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။
''စစ်ပင်ကွင်းမှာပစ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးကျိုက်အင်းကျူးကျော်ဘက်တွေရောအပြင် အခုလက်ယက်စမ်း အနောက်ပိုင်းထဲရော ဝင်ရောက်ရှာဖွေနေတာပါ'' လို့ သန်လျင်ချန်နယ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁ရက်မနက်အစောပိုင်းကတည်းက ပိတ်ဆို့စစ်ဆေးနေတာဖြစ်ပြီး ခြောက်လမ်းသွားလမ်းဆုံနဲ့ ကုလားဝဲ အတက် ၊အဆင်း တွေမှာ စစ်ဆေးတာတွေရှိသလို၊ တံတားအဆင်းတိုင်းရင်းသားကျေးရွာအရှေ့မှာလည်း ပိတ်ဆို့စစ်ဆေးတာတွေလုပ်တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူ အချို့က ဆိုပါတယ်။
'' အခုတော့ တံတားအဆင်းကလိုင်းကားတွေကိုဦးစားပေးစစ်ပါတယ်။အိတ်တွေ ဖွင့်စစ်ပါတယ်။ ကားတစ်စီးချင်းစီကိုစစ်တာပါ။ သက်ကြီးရွယ်အိုကလွဲပြီး အားလုံးလမ်းဆင်းလျှောက်ရပါတယ်။မှတ်ပုံတင်စစ်တယ်လို့ပြောကြတာတော့ကြားပါတယ်။ ကျွန်တော့်တို့အလှည့်မှာတော့ အိတ်ကိုပဲစစ်ပါတယ်'' လို့ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးကပြောပြပါတယ်။
ဘာကြောင့် စစ်ဆေးနေတယ်ဆိုတာကို တိတိကျကျမသိကြရသလို ဒေသခံအများစုကတော့ သန်လျင်မြို့နယ်၊ သေနတ်ပစ်ကွင်းအနီးမှာ ပစ်ခတ်မှုဖြစ်တယ်ဆိုတဲ့ သတင်းတွေကနေ အခုလိုစစ်ဆေးမှုတွေဖြစ်လာတာလို့ ပြောဆိုကြပါတယ်။
မနေ့ညပိုင်း ၁၁နာရီခန့်က စစ်ပင်ကွင်းရွာရဲ့တောင်ဘက် သေနတ်ပစ်ကွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်တယ်လို့ သန်လျင်ချန်နယ်ကဖော်ပြထားပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ရေးမြို့ နယ်ထဲက ခေါဇာရဲစခန်း တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, MSDF-S
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲထဲက ခေါဇာမြို့ရဲစခန်းကို ဒီကနေ့ စက်တင်ဘာ ၁ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်တောင်ပိုင်း(MSDF-S) က ထုတ်ပြန်ပါတယ်။
ဆင်ဖြူစစ်ဆင်ရေးအမည်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်လို့ ဆိုပါတယ်။
ခေါဇာဒေသခံတွေကတော့ မနက် ၆နာရီလောက်မှာ သေနတ်သံအချို့ကြားရပြီးနောက် အပြန်အလှန်ပစ်တဲ့အသံတွေကြားရကြောင်း၊ လက်ရှိအချိန်မှာ ပစ်ခတ်မှုတွေမရှိတော့ပေမဲ့ စိုးရိမ်စိတ်နဲ့ အပြင်မထွက်ကြဘူးလို့ ဆိုပါတယ်။
'' ရဲစခန်းနဲ့ ရွာက ကိုက်၃၀၀လောက်ဝေးတယ်။ အသံတွေကြားတယ်။ အခုက ကြောက်တော့ တစ်ယောက်မှသွားမကြည့်ရဲဘူး။အဲဒီစခန်းမှာက ရဲတွေတော့ရှိတယ်။ ရဲတွေဒဏ်ရာရကြတယ်လည်းကြားတယ်'' လို့ ခေါဇာဒေသံတစ်ဦးက ပြောပြပါတယ်။
နှစ်ဖက်ပစ်ခတ်မှုမှာ ဒေသကာကွယ်ရေးဘက်က ထိခိုက်တာမရှိဘူးလို့ထုတ်ပြန်ထားပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ဆိုပေမဲ့ အသေးစိတ်ကို ထုတ်ပြန်တာမရှိသေးပါဘူး။
အဲဒီခေါဇာရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်အင်အား အများဆုံး ၁၅ ဦးကနေ အနည်းဆုံး ၈ ဦး အထိတာဝန်ထမ်းဆောင်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းလိုက်ပြီလို့ အေအေပြော

ဓာတ်ပုံ ရင်းမြစ်, AA
ရခိုင်ပြည်နယ်ထဲက ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ မိုင်တိုင်အမှတ် ၄၀ အနီးက စစ်ကောင်စီစခန်းကို သိမ်းလိုက်ပြီလို့ ရက္ခိုင့်တပ်တော်(အေအေ)က သတင်းထုတ်ပြန်လာပါတယ်။
တစ်လနီးပါးကြာအပြီးမှာ အခုလို သိမ်းလိုက်နိုင်တာလို့လည်း ဆိုပါတယ်။
မြောက်ဦးမြို့နယ် လက္ကာရွာအနီးမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်တုန်းကဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်တစ်ဦးအပါအဝင်အရပ်သား ၃ ဦးသေဆုံးခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အခုစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့လည်း ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေပစ်ခတ်တာအပြင် ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တွေနဲ့ပါ တိုက်နေတဲ့ကြားကနေ အဲဒီစခန်းကို အပြီးသတ်သိမ်းယူခဲ့နိုင်တာလို့လည်း ဆိုပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးပြီး ရဲအုပ် ၁ ဦးကို အရှင်ဖမ်းမိသလို အေအေဘက်ကလည်း အကျအဆုံးရှိတယ်လို့ ဆိုပေမဲ့ အရေအတွက်ကိုတော့ ဖော်ပြထားတာမတွေ့ရပါဘူး။
ကမ္ဘာ့ရေနံစျေးကျလို့ ပြည်တွင်းစက်သုံးဆီစျေး အနည်းငယ်ကျဆင်း

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ယက်
ဗဟိုဘဏ် ထောက်ပံ့တဲ့ ဒေါ်လာသန်း ၂၀၀ က အချိုးကျဖြစ်လို့လုံလောက်တဲ့ပမာဏမဟုတ်ဘူးလို့ ပြောကြ
ကမ္ဘာ့ရေနံစျေးကျလို့ ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ပြည်တွင်းမှာ စက်သုံးဆီစျေးအနည်းငယ်ကျဆင်းလာတယ်လို့ စင်ကာပူနိုင်ငံက ရေနံနဲ့ ရေနံထွက်ပစ္စည်းစျေးနူန်းတွေကို ခန့်မှန်းပေးတဲ့ အေဂျင်စီ MOPS ရဲ့ ရည်ညွှန်းစျေးအရသိရသလို ပြည်တွင်းစက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူတွေကလည်းပြောပါတယ်။
သြဂုတ် တစ်လတာနီးပါး ဓါတ်ဆီ တစ်လီတာကို ကျပ် ၂၆၀၀ကျော် ၊ ဒီဇယ်တစ်လီတာကို ကျပ် ၃၂၀၀ ကျော်ကနေ ဒီကနေ့မှာတော့ ဓါတ်ဆီ 92/95 တစ်လီတာကို ၂၃၇၅ ကျပ် နဲ့ ၂၄၄၀ ကျပ် စီဖြစ်သွားလို့ တစ်လီတာကို ကျပ် ၂၃၀ ခန့် ကျဆင်းသွားတာပါ။ ဒီဇယ်တစ်လီတာကို ကျပ် ၃၂၄၅ ကျပ်ကနေ ၃၁၄၀ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာကို ကျပ် ၃၃၃၀ ကနေ ၃၂၂၅ ကျပ်ဖြစ်လာတာပါ။
ဒီကနေ့ စျေးတွေအရဆိုရင် မနေ့ကထက် ဓါတ်ဆီ တစ်လီတာကို ကျပ် ၂၃၀ကျော်နဲ့ ဒီဇယ်တစ်လီတာကို ကျပ် ၁၀၀ကျော်စီ စျေးအနည်းငယ်ကျဆင်းသွားတာပါ။
တခါ မနေ့ သြဂုတ် ၃၁ရက် ညနေပိုင်းက စက်သုံးဆီစျေးမြင့်တက်မှုကနေ အခြေခံကုန်စျေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေဖို့ဆိုပြီး ဗဟိုဘဏ်ကနေ နိုင်ငံခြားသုံးငွေစျေးကွက်ထဲကို အမေရိကန် ဒေါ်လာသန်း ၂၀၀ ချထားပေးမယ်လို့ ကြေညာခဲ့ပါတယ်။
အခုချထားပေးမဲ့ သန်း ၂၀၀ ဟာ ဘဏ်တွေထဲမှာ ရှိပြီးသား ဒေါ်လာငွေတွေထဲက လက်ရှိ အမှန်တကယ်စက်သုံးဆီတင်သွင်းနေသူတွေအနေနဲ့ ကိုယ့်နဲ့ချိတ်ဆက်လုပ်ကိုင်နေတဲ့ ဘဏ်တွေကနေ အပေါင်ပစ္စည်းတခုတင်ပြီး ဆီတင်သွင်းခွင့်ရထားတဲ့ပမာဏပေါ်မူတည်ပြီး ဒေါ်လာငွေကိုအချိုးကျနဲ့ ချေးယူသုံးစွဲခွင့်ရမှာဖြစ်ပါတယ်။
'' ဒီကနေ့ ဆီစျေးပြန်ကျတာ က ကမ္ဘာ့ရေနံစျေးကျတာကြောင့်ပါ။ တိုက်ဆိုင်သွားတာပါ။ ဒေါ်လာသန်း ၂၀၀ကတော့ ကျွန်တော်တို့အချိုးကျပုံစံနဲ့သုံးနိုင်တာပေါ့။ ဘဏ်တွေမှာရှိတဲ့ဒေါ်လာငွေစာရင်းက ဗဟိုဘဏ်ကသိပြီးသားလေ၊အဲဒီတော့ ကျွန်တော်တို့က ဘဏ်ကိုထုံးစံအတိုင်း အပေါင်ပစ္စည်းတင်ပြီးချေးသုံးနိုင်တာပေါ့။အခု သန်း ၂၀၀ က ဘာမှမလုပ်ပေးတာထက်စာရင် အထောက်အပံ့ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် လုံလောက်တဲ့ ပမာဏမဟုတ်ပါဘူး '' လို့ စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပြပါတယ်။
မနေ့က ညနေအထိ ပြင်ပပေါက်စျေးအမေရိကန်ဒေါ်လာငွေလဲနှုန်းဟာ ကျပ် ၄၂၀၀ နဲ့ ၄၄၀၀ ကြားရှိနေပြီး ဒီလို တရားမဝင်စျေးကွက်မှာ ဒေါ်လာငွေလဲနှုန်းစျေးမြင့်တက်လို့ စစ်ကောင်စီဗဟိုဘဏ်က အခုရက်အတွင်း နိုင်ငံခြားသုံးငွေနဲ့ပတ်သက်တဲ့ ဖြေလျော့မှုတွေကိုဆက်တိုက်လုပ်နေတာတွေ့ရပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီမှာတော့ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်းဟာ ကျပ် ၄၂၀၀ နဲ့ ၄၄၀၀ ကြားရှိနေပြီးတော့ အမေရိကန်ဒေါ်လာကို အခြေခံပြီးတွက်တဲ့ အကယ်ဒမီ မီးလင်းရွှေစျေးနှုန်းကတော့ တစ်ကျပ်သား ၃၄ သိန်းနဲ့ ၃၅ သိန်းကြား စျေးပိတ်သွားတာပါ။
မြန်မာမှာ ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်ခံရသူအသစ် ၁၀၀ ကျော်တွေ့ရှိ၊ တစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, MPA
မြန်မာနိုင်ငံမှာ သြဂုတ် ၃၀ ရက်ကနေ ၃၁ ရက်နေ့အထိ ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်ခံရသူ အသစ် ၁၀၀ ကျော်တွေ့ရှိထားပြီးအဲဒီထဲက ၉၆ ဦးဟာ ပြည်တွင်းကူးစက်သူတွေဖြစ်တယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက မနေ့သြဂုတ် ၃၁ ရက်ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ဒါဟာ ရက်ပေါင်း ၂၀၀ ကျော်အတွင်း ကူးစက်သူဦးရေ တစ်ရာကျော် ပြန်ရှိလာတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ကိုဗစ်နဲ့ သေဆုံးသူ တစ်ဦးရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ပြည်တွင်းမှာ ကိုဗစ် ၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေဟာ ပြည်ပက ပြန်လည်၀င်ရောက်လာသူတွေရော ပြည်တွင်းမှာပါ ကူးစက်မှုတွေ တွေ့နေရပြီး ဒီရက်ပိုင်းပြည်တွင်းမှာ အစုလိုက်ကူးစက်မှုတွေလည်း ရှိနေတာကြောင့် အပြင်ထွက်တဲ့အခါ လူထူထပ်တဲ့နေရာတွေ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ဖို့၊ ထပ်ဆောင်းကာကွယ်ဆေးမဖြစ်မနေ ထိုးနှံကြဖို့ဆိုပြီး စစ်ကောင်စီရဲ့ ကျန်းမာရေး၀န်ကြီးဌာနက သတိပေးထားပါတယ်။








