ပက်ဒ်နဲ့တူနေတဲ့ အဆောက်အဦက တရုတ်အွန်လိုင်းမှာ နောက်စရာဖြစ်နေ

ဖန်ဝန်

ဘီဘီစီ သတင်း

China

ဓာတ်ပုံ ရင်းမြစ်, WEIBO

ဓာတ်ပုံ ပုံစာ, နန်ကျင်းမြောက်ပိုင်း ဘူတာရုံဒီဇိုင်းကို မကြာသေးတဲ့ ကာလအတွင်းမှာ အာဏာပိုင်တွေက အတည်ပြုခဲ့

တရုတ် အင်တာနက်အသုံးပြုသူ အများအပြားအတွက် နန်ကျင်းမြို့က ရထား ဘူတာရုံ ဆောက်ဖို့ဆွဲထားတဲ့ အဆောက်အဦဒီဇိုင်းက စိတ်ဝင်စားစရာဖြစ်နေ ပါတယ်၊ ဒါပေမဲ့ သူတို့ စိတ်ဝင်စားတဲ့ပုံက တမျိုးပါ။

ဒီမြို့ကို လူသိများစေတဲ့ မက်မွန်ပွင့်တွေကို ရည်စူးပြီး နန်ကျင်း မြောက်ပိုင်း ဘူတာရုံ ဒီဇိုင်းက ဖြစ်ပေါ်လာတာလို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဒါပေမဲ့ ဒါက မက်မွန်ပွင့်နဲ့ မတူဘဲ အမျိုးသမီး ကျန်းမာရေးသုံး ပက်ဒ်နဲ့ တူတယ်လို့ အွန်လိုင်းမှာ လူတွေက မှတ်ချက် ချနေကြပါတယ်။

"ဒါက ပက်ဒ် အကြီးကြီး တခုပဲလေ။ မက်မွန်ပန်း ပွင့်နေတာနဲ့ တူတယ်လို့ ပြောရမှာ ရှက်စရာပါ" လို့ ဝေဘို (Weibo) လူမှုမီဒီယာမှာ တယောက်က ရေးပါတယ်။

ဒီအကြောင်းက တရုတ် လူမှုမီဒီယာ ပလက်ဖောင်းတွေမှာ သန်းပေါင်းများစွာသော သူတွေ ပြောစရာ ခေါင်းစဉ်ဖြစ်လာပါတယ်။

" ဒါကို တို့အားလုံးက ပက်ဒ်ပဲလို့ ချက်ချင်းပြောနိုင်ပေမဲ့ ဗိသုကာက ဒါကို ဘာလို့ အဲ့လို မမြင်တာလဲ" လို့ ဝေဘို သုံးတဲ့သူတယောက်က ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ရာသီလာတဲ့ကိစ္စကို လူမှုအသိုင်းအဝိုင်းက အာရုံစိုက်လာအောင် လုပ်ဖို့ အရေး ဒါကို ကျန်ုပ်တို့ အခွင်အလမ်းအနေနဲ့ ယူသင့်တယ်" လို့ နောက်တယောက်က ဝင်နောက် ပါတယ်။

နိုင်ငံပိုင် နန်ကျင်းနေ့စဉ် သတင်းစာက သတင်းတခုအရ အခု ဒီဇိုင်းကို ကျန်စု ပြည်နယ်နဲ့ တရုတ်နိုင်ငံရထား အစုအဖွဲ့ တို့က မီးစိမ်းပြထားပြီးသားလို့ သိရပါတယ်။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှာ ဘူတာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်တော့မှာလို့ ဒေသတွင်း မီဒီယာတွေက ရေးပါတယ်။

နန်ကျင်း မနက်ခင်း သတင်းဌာနက ၂၀၁၇ နှစ်မှာ ရေးခဲ့တဲ့ သတင်းတခုအရ ဒီဘူတာ ဆောက်လုပ်ရေးက တရုတ် ယွမ်ငွေ ၂၀ ဘီလျံ (အမေရိကန် ဒေါ်လာ ၂, ၇၆၃ သန်း) ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး ၃၇. ၆ စတုရန်းကီလိုမီတာ (၁၄ စတုရန်းမိုင်) အကျယ် ရှိတဲ့ မြေနေရာမှာ တည်ဆောက်မယ်ဆိုတာကို သိရပါတယ်။

မမျှော်လင့်တဲ့ တုံ့ပြန်ချက်တွေ ရခဲ့တဲ့ ဗိသုကာ စီမံချက်တွေက တရုတ်မှာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။

မြို့တော် ဘေဂျင်းက နိုင်ငံပိုင် စီစီတီဗွီ (CCTV) ရုပ်သံလွှင့် ဌာနချုပ် အဆောက်အဦ ဒီဇိုင်းကလည်း အများနဲ့မတူ အသွင်ထူးတဲ့ ပုံရှိပြီး လူအများက “လက်ဝှေ့သမား ဘောင်းဘီတို” လို့ ခေါ်ကြပါတယ်။

China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်ဝှေ့သမား ဘောင်းဘီတိုလို့ ခေါ်ကြတဲ့ CCTV သတင်းဌာန အဆောက်အဦ