စစ်ခေါင်းဆောင်ရဲ့ လက်ရုံးကို ဘတ်ဂျက်ဖြတ်ဖို့ တာဝန်ပေး

ဒုတိယဗိုလ်ချုပ်ကြီးညိုစော

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဒုတိယဗိုလ်ချုပ်ကြီးညိုစော

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော ကို စစ်ကောင်စီရဲ့ ဘတ်ဂျက် အသုံးစရိတ်တွေကို ကြိုတင်စိစစ်ဖြတ်တောက်ဖို့ တာဝန်ပေးလိုက်ပါတယ်။

ဘတ်ဂျက်အသုံးစရိတ်တွေ နဲ့ပတ်သက်ရင် တာဝန်အရှိဆုံးဖြစ်တဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ကို ကျော်လွန်ပြီး ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ အရေးကြီးရာထူးကို ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ပြည်ထောင်စု နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီကို ပြီးခဲ့တဲ့လပိုင်းက စစ်ခေါင်းဆောင်က ဖွဲ့ခိုင်းပြီး သူ့ရဲ့အကြံပေးကို ဥက္ကဋ္ဌခန့်ခဲ့တာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က အဲဒီကော်မတီမှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပြီး စစ်ကောင်စီက ချပေးမယ့် ဘတ်ဂျက်ကို အဲဒီကော်မတီကို ဖြတ်သန်းပြီးမှသာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးညိုစော ရဲ့ နေရာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ သူ့ရဲ့ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ သူ့ရဲ့ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော

ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာကိစ္စတွေကို စိစစ်ဖြတ်တောက်ရတဲ့ တာဝန်ဟာ လွှတ်တော်အမတ်တွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့ ဘတ်ဂျတ်တွေကို စိစစ်ဖြတ်တောက်တာ၊ ဘတ်ဂျတ်ဥပဒေပြဋ္ဌာန်းတာရော သုံးစွဲတာကိုပါ စစ်ကောင်စီကပဲ အဓိကတာဝန်ယူထားတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူအထူးယုံကြည်စိတ်ချရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးညိုစော ကို အကြံပေး အဖြစ်စတင်ခန့်အပ်ပြီးနောက် အရေးကြီးတဲ့ နေရာတွေကို တစ်စထက်တစ်စ တာဝန်ပေးလာတာဖြစ်ပါတယ်။

သူ့ကို စစ်ကောင်စီဝင်အဖြစ် တိုးမြှင့်တာဝန်ပေးလိုက်ပြီးတဲ့နောက် ဘတ်ဂျက်နဲ့ဆိုင်တဲ့ အရေးကြီးတဲ့ တာဝန်တစ်ခုကိုပါ ထပ်ပေးလာတာပဲ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဌာန၊ အဖွဲ့အစည်းတွေရဲ့ ဘတ်ဂျက်ငွေတောင်းခံမှုတွေကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အရင်ဆုံးစိစစ်တာ ဖြစ်ပါတယ်။

အဲဒီနောက် ဒုတိယဗိုလ်ချုပ်ကြီးညိုစောရဲ့ ကော်မတီက စိစစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ဘဏ္ဍာရေးကော်မရှင် ကို ထပ်မံဖြတ်သန်းပြီးမှသာ စစ်ကောင်စီက အတည်ပြုပေးမှာဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံတဲ့ ကိစ္စမှာ ဒီစနစ်ကို စတင်ကျင့်သုံးနေတာလည်း ဖြစ်ပါတယ်။

နေပြည်တော်မှာ နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်ကြီးညိုစောက အရအသုံး ခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ အနေနဲ့ တက်ရောက်ခဲ့ပါတယ်။

အဖွဲ့အစည်းတွေအနေနဲ့ လတ်တလော နယ်မြေဒေသအခြေအနေအရ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အခက်အခဲရှိတာတွေ၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံတဲ့ အချိန်အထိလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု ရာခိုင်နှုန်းနည်းပါးတာတွေ စိစစ်တွေ့ရှိရတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးညိုစောက ပြောပါတယ်။

‘’ဧပြီကတည်းက အသုံးစရိတ်ချပေးထားတယ်။ ထိထိရောက်ရောက်အကောင်အထည်မဖော်နိုင်ဘူး။ ဒါပေမဲ့ ဒီဇင်ဘာမှာ အသုံးစရိတ်ထပ်တောင်းတယ်။ ဒါမျိုးတွေကို အဓိကဖြတ်တောက်တာလို့ သိရတယ်’’ လို့ ဘဏ္ဍာရေးဝန်ကြီး ဌာနက အရာရှိတစ်ဦးက ဒုတိယဗိုလ်ချုပ်ကြီး ညိုစောရဲ့ ပြောဆိုချက်ကို အဓိပ္ပါယ်ဖွင့်ပြပါတယ်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဟာ ပြီးခဲ့တဲ့ ဇူလိုင်ကမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကြံပေးအဖြစ် ခန့်အပ်ခံရတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ယုံကြည်စိတ်ချရသူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လာဘ်စားမှုကြောင့် ထောင် အနှစ် ၂၀ ချမှတ်ခံရအပြီးမှာတော့ ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဟာ ပိုနေရာပေးခံရပြီး စစ်ကောင်စီအဖွဲ့ဝင်အထိပါ နေရာပေးခံခဲ့ရပါတယ်။

စစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်ကိုင်တွယ်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဟာ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ကိစ္စတွေမှာပါ ပိုပြီးနေရာရလာနေတာဖြစ်ပါတယ်။

အင်းဝဘဏ် ဥက္ကဋ္ဌ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟာ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံကနေ စက်သုံးဆီဝယ်ယူသိုလှောင် ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီရဲ့ ဥက္ကဋ္ဌ လည်း ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောဟာ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ဝန်ကြီးဌာနလက်ကိုင်မရှိဘဲ ပြည်ထောင်စုဝန်ကြီးအဆင့်ပေးထားတာကလည်း ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။

စစ်ကောင်စီ ထပ်တိုးဘတ်ဂျက်ဘယ်လောက်သုံးမလဲ

ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး

ဒီဇင်ဘာလမှာ တောင်းခံတဲ့ ထပ်တိုး ဘတ်ဂျက်ကို ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ကြိုတင်စစ်ဆေး ဖြတ်တောက်ပြီး ဖြစ်လို့ မကြာခင်မှာ အတည်ပြုပြဋ္ဌာန်းဖို့ ရှိနေပါတယ်။

မနှစ်က ဒီဇင်ဘာမှာချပေးခဲ့တဲ့ ထပ်တိုးဘတ်ဂျက်မှာ စစ်အသုံးစရိတ်ကို အများဆုံးချပေးခဲ့ပြီး ကျပ် ဘီလီယံ ၄၄၀ ကျော်အထိ ခွင့်ပြုပေးခဲ့ပါတယ်။

စုစုပေါင်း အသုံးစရိတ်ကို ကျပ် ဘီလီယံ ၂၆၀၀ ဝန်းကျင်အထိ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ဒီနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ လုံခြုံရေးဆိုင်ရာအသုံးစရိတ်၊ ဝန်ထမ်းတွေအတွက် အပိုထောက်ပံ့ကြေး နဲ့ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မယ့် တည်ဆောက်ရေးလုပ်ငန်းတွေကို အဓိကတောင်းခံထားတာကို တွေ့ရပါတယ်။

ဘတ်ဂျက်တွေကို အသုံးစရိတ်တွေ ဘယ်လိုလျှော့ချသုံးစွဲနိုင်မလဲဆိုတာ ပွင့်ပွင့်လင်းလင်းတင်ပြကြဖို့ နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ စစ်ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြောခဲ့ပါတယ်။

ခွဲဝေချထားပေးတဲ့ ဘဏ္ဍာရန်ပုံငွေတွေကို နယ်မြေဒေသ အခြေအနေအရ မဆောင်ရွက်နိုင်ရင်ပြောကြဖို့ ဒုချုပ်က ပြောပါတယ်။

စိစစ်ပြီးသား ခွင့်ပြုငွေထဲမှာ ထပ်လျှော့ချလိုတဲ့ အသုံးစရိတ်တွေရှိရင်ပြောဖို့နဲ့ ရငွေထပ်တိုးလာနိုင်တဲ့ ကိစ္စ တွေ ရှိရင်လည်း တင်ပြကြဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကလည်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲနိုင်မယ့် အခြေအနေတွေနဲ့ အထွေထွေပိုလျှံရန်ပုံငွေထဲကနေ လွှဲပြောင်းသုံးစွဲနိုင်မယ့် အရေးကြီးတဲ့ အခြေအနေတွေအပေါ်မူတည်ပြီး အဓိကထား ညှိနှိုင်းဆောင်ရွက်ခဲ့တယ် လို့ ပြောပါတယ်။

‘’စစ်အသုံးစရိတ် ပိုသုံးလို့ရအောင် တခြားဘတ်ဂျက်တွေကို ရသလောက်လိုက်ဖြတ်တောက်တာ။ ရငွေ တွေလည်းမှန်းထားသလောက် မရပုံပဲ’’ လို့ ဘတ်ဂျက်ကျွမ်းကျင်သူ အမတ်ဟောင်းတစ်ဦးက စစ်ကောင်စီရဲ့ အခြေအနေကို သုံးသပ်ပါတယ်။