ဒေါက်တာဇော်မြင့်မောင်ရဲ့ စျာပနကို အောက်တိုဘာ ၈ ရက် မှာ ပြုလုပ်မယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ (၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရဲ့ သင်္ဂြိုဟ်စျာပနအခမ်းအနားကို မနက်ဖြန် အောက်တိုဘာ ၈ ရက်မှာ မန္တလေးမြို့၊ တောင်အင်းမြောက်အင်းသုဿန်မှာပြုလုပ်မယ်လို့ မိသားစုနဲ့ နီးစပ်သူ ကပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်ရဲ့ နေအိမ်ဖြစ်တဲ့ ဃ(၃)၊ ၃၂ လမ်း/ ဓမ္မာရုံလမ်း ၊ ကျွဲဆည်ကန်၊ ပြည်ကြီးတံခွန်မြို့ အိမ်ကနေ မနက် ၁၀ နာရီမှာနာရေးကားများစတင်ထွက်ခွာမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ နာရေး အိမ်ပတ်ဝန်းကျင်မှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဖက်ဆိုင်ရာထောက်လှမ်းရေးတချို့ရှိနေတယ်လို့လည်း နာရေးအိမ်အခြေအနေသိရှိသူ တစ်ဦးကပြောပါတယ်။
'' မီးသင်္ဂြိုဟ်ပါမယ်။ အရိုးပြာကို ဂူသွင်း၊ မသွင်း မသိရသေးပါဘူး။ မိသားစုတွေစီစဥ်နေတုန်းပါ။ အိမ်နားမှာတော့ အရပ်ဝတ်တွေ ရှိနေပါတယ်'' လို့ သူကပြောပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၂ )နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ကနေ ၂၀၂၁ ထိ ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အသက် ၇၃ နှစ်အရွယ်မှာ ဒီနေ့ မနက်ပိုင်းတုန်းက မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NLD
၂၀၁၉ ကတည်းက သွေးကင်ဆာရောဂါခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုထောင်တွင်းမှာ ကျန်းမာရေးပိုဆိုးရွားလာပြီး ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက မန္တလေးဆေးရုံကြီးကိုပြောင်း ရွှေ့ကုသနေရတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၅ ရက်နဲ့ ၆ ရက် သတိလစ်မေ့မြောတာတွေရှိခဲ့ပြီးနောက်မှာ အောက်တိုဘာ ၇ ရက် မနက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းကတော့ မန္တလေးဆေးရုံမှာ စစ်တပ်ထောင်အာဏာပိုင်တွေက လွတ်ငြိမ်းခွင့်ပေးတဲ့အကြောင်း အကြောင်းကြားစာကို ဆေးရုံမှာလာဖတ်ပြသွားတယ်လို့ မိသားစုနဲ့နီးစပ်သူကပြောပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေါက်တာဇော်မြင့်မောင် မဆုံးခင် နှစ်ရက်လောက်ကမှ အထူးကြပ်မတ်ကုသဆောင်မှာ ကုသခွင့်ပေးကြောင်း နီးစပ်တဲ့ ဆွေမျိုးမိတ်ဆွေတွေက ဘီဘီစီကို ပြောထားပြီး စစ်ကောင်စီက ဆုံးခါနီးမှ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကိုလည်း သူ မသိလိုက်ဘူးလို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ '' တော်လှန်ရေးတာဝန်နဲ့ ခရီးထွက်နေရင်း လိုင်းမိတချက် မမိတချက်နဲ့ ကြည့်မိတဲ့ အချိန် ဆရာ့ သတင်းကို - ကြေကွဲ ဆို့နင့်စွာ ရင်တမမ နဲ့ သိရ ကြားရတယ် ဆရာ ။ ကျမတို့ တာဝန်မကျေသေးဘူး ဆိုတဲ့ အသိနဲ့ တောင်းပန်ပါရစေ ဆရာ '' လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
နောက်ဆုံးအချိန်အထိ ယုံကြည်ရာ ရဲဝံ့စွာရပ်တည်ပြခဲ့တဲ့ နိုင်ငံရေးသမားတစ်ယောက်ခေါင်းဆောင်တစ်ယောက်ကိုတော့ဆုံးရှုံးရတယ်လို့လက်မခံချင်သေးဘူး ဆရာ '' လို့လည်း ပြောထားပါတယ်။
မန္တလေးမြို့ခံ အများစုကလည်း ဒေါက်တာဇော်မြင့်မောင်ဝန်ကြီးချုပ်တာဝန်ယူချိန်က မန္တလေးတိုင်း စည်ပင်တိုးတက်ခဲ့ပြီး မန္တလေးမြို့ လည်း စမတ်စီးတီးဖြစ်ခဲ့တဲ့အကြောင်း အမှတ်တရချီးကျူးရေးသားနေကြပြီး ဝမ်းနည်းနှမြောရကြောင်း လူမှုကွန်ရက်တွေမှာ ဖော်ပြနေကြပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အာဏာသိမ်းတဲ့ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အဂတိအမှု၊ ကိုဗစ်ကာလစည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သဘာဝဘေးစီမံပုဒ်မ၊ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့အမှုစတဲ့ အမှု ၉ မှုနဲ့ စွပ်စွဲတရားစွဲခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
မန္တလေးဇာတိ ဒေါက်တာဇော်မြင့်မောင်ဟာ စိန့်ပီတာအထက်တန်းကျောင်းနဲ့ မန္တလေးဆေးတက္ကသိုလ်မှာ ပညာသင်ယူခဲ့ပြီး ၁၉၇၉ မှာ ဆရာ၀န်ဘွဲ့ရရှိခဲ့ပါတယ်။ မန္တလေးဆေးတက္ကသိုလ်မှာ ဇီ၀ဓာတုသရုပ်ပြလုပ်ရင်း ၁၉၈၈ အရေးအခင်းအပြီးမှာ နိုင်ငံရေးလောကထဲ ၀င်လာခဲ့ပါတယ်။
NLD အမတ်အဖြစ် အမရပူရမြို့နယ်က အရွေးခံရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရပြီး ၁၉ နှစ် ထောင်ထဲမှာ နေခဲ့ရပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်အရွေးခံရပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မန္တလေးတိုင်း ၀န်ကြီးချုပ် ဖြစ်လာတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက် ထပ်မံအဖမ်းခံရပြီး ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဈာပနာကိုသွားတဲ့စစ်ကောင်စီ မန္တလေးတိုင်းဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, VOICE OF MYANMAR
ဒေါက်တာဇော်မြင့်မောင်ရဲ့စျာပန ပြင်ဆင်ထားတဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆယ်ကန်အရပ်က နေအိမ်ကို စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ဦးဆောင်တဲ့ အဖွဲ့ဝင်တွေက နာရေးသတင်း လာရောက် မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
“စိန့်ပီတာ ကျောင်းသားဟောင်းတယောက်အနေနဲ့ အကိုကြီးရဲ့နောက်ဆုံးခရီးစဉ်မှာ ဂါရဝပြုနှုတ်ဆက် ကန်တော့ပါတယ်ခင်ဗျား” လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ဈာပနမှတ်တမ်းမှာ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, VOICE OF MYANMAR
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဝမ်းနည်းစကား

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်အာဏာသိမ်းစကတည်းက ဖမ်းဆီးထောင်ချခံရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့တဲ့အပေါ် မိသားစုနဲ့အတူ ထပ်တူကြေကွဲဝမ်းနည်းရတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်ဝန်ကြီတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပါ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားနေကြပါ တယ်။
“ဆရာ့လက်ထက်က တောက်ပခဲ့တဲ့ မန္တလေးကိုတော့ မေ့ကြလိမ့်မယ်မထင်ဘူး” လို့ NLD ပြည်သူ့ လွှတ်တော်အမတ်လည်းဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်ဇင်မာအောင် က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။
နောက်ဆုံးအချိန်အထိ ယုံကြည်ရာ၊ ရဲရဲဝံ့စွာ ရပ်တည်ပြခဲ့တဲ့ နိုင်ငံရေးသမားတယောက်၊ ခေါင်းဆောင် တယောက်ကိုတော့ ဆုံးရှုံးရတယ်လို့ လက်မခံနိုင်သေးဘူးလို့လည်း သူကဆက်ပြောပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီးဖြစ်တဲ့ ဦးအောင်မျိုးမင်းကလည်း NLD ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တာနဲ့ပတ်သက်လို့ “လက်ဆင့်ကမ်း ပခုံးထမ်းတာဝန် ဆက်ကျေပွန်ပါ့မယ်” လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားပါတယ်။
ထင်ရှားတဲ့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းရဲ့ ဝမ်းနည်းစကား

ဓာတ်ပုံ ရင်းမြစ်, TZS Facebook
မန္တလေးတိုင်းက ထင်ရှားတဲ့သပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်း ကလည်း အာဏာရှင်ကို “ငုံ့မခံဘဲ တုံ့ပြန်” တဲ့ လေးစားအပ်တဲ့ပုဂ္ဂိုလ်ကြီးတဦးလို့ ဆိုပါတယ်။
“ဒေါက်ဇော်၊ ဆရာဇော်” ရယ်လို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ ဆရာ ဒေါက်တာဇော်မြင့်မောင်ကို မြို့တော်သူ၊ မြို့တော်သားတွေနဲ့ ချစ်ခင်ကြတဲ့ လူထုက အမြဲသတိရ၊ ဂုဏ်ပြုနေမှာပါဗျာ” လို့ ဒေါက်တာ တေဇာဆန်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ် ဒီကနေ့မနက်ပိုင်းမှာပဲ ရေးသားထားပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်ကာလမှာ မန္တလေးမြို့ကို Smart City Award နည်းပညာဆိုင်ရာ အသုံးချမှုဆု ရရှိပြီး နိုင်ငံတကာမှာ အသိအမှတ်ပြုခံရအောင် ကြိုးစားနိုင်ခဲ့ပါတယ်။









