One Direction ဂီတအဖွဲ့က လီယမ်ပိန်း သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
အဆိုတော် လီယမ်ပိန်းဟာ အောက်တိုဘာ ၁၆ ရက် ညပိုင်းက အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရိစ် မြို့တော်က ဟိုတယ်တစ်ခုရဲ့ လသာဆောင် သုံးထပ်ကနေ ပြုတ်ကျသေဆုံးတာ တွေ့ရတယ်လို့ ရဲက ပြောပါတယ်။
အသက် ၃၁ နှစ်အရွယ် လီယမ် ပိန်းဟာ ၂၀၁၀ တုန်းက ဖွဲ့ခဲ့ပြီး ကမ္ဘာကျော်ခဲ့တဲ့ ဗြိတိသျှအမျိုးသားအဆိုတော်အဖွဲ့ One Direction မှာ တခြားအဖွဲ့၀င် လေးဦးဖြစ်တဲ့ ဟယ်ရီစတိုင်းလ်စ်၊ လူဝီ တွမ်မလင်ဆန်၊ နိုင်းလ် ဟော်ရန်၊ ဇိန်း မာလစ် တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။
သူ ဘယ်လိုကြောင့်ပြုတ်ကျခဲ့လဲဆိုတာ ရဲတပ်ဖွဲ့ကစုံစမ်းဆဲဖြစ်ပေမဲ့ အစောပိုင်းကတော့ အရက်နဲ့မူးယစ်ဆေးသုံးစွဲထားသူ အမျိုးသားတစ်ဦးရဲ့ ဖြစ်စဥ်ကိုတုံ့ပြန်ဆောင်ရွက်မှုတွေလုပ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
သူဟာ အာဂျင်တီးနားမှာ ဒီလဆန်းက နိုင်းလ် ဟော်ရန်ရဲ့ ဂီတပွဲကို တက်ရောက်ခဲ့ပါတယ်။
သူပြုတ်ကျခဲ့ပြီးတဲ့နောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကို ဖုန်းခေါ်ဆိုခဲ့ပြီး Casa Sur ဆေးရုံကို ခေါ်ဆောင်သွားခဲ့တာပါ။
နောက်ဆက်တွဲသတင်းတွေအရ လီယမ်ဟာ ပြုတ်ကျခြင်းကြောင့် ပြင်းထန်ဒဏ်ရာတွေခံစားခဲ့ရတယ်လို့ ဒေသအခြေစိုက် SAME အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအကြီးအကဲက ထုတ်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
သူဟာ ၂၀၀၈ တုန်းက ယူကေက အဆိုပြိုင်ပွဲ X Factor မှာ ပထမအကြိမ် ၀င်ပြိုင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ဒုတိယအကြိမ်ထပ်ဝင်ပြိုင်ချိန်မှာ အဲဒီပြိုင်ပွဲကနေ တခြားအဖွဲ့ဝင် ၄ ဦးနဲ့အတူ One Direction အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။
လီယမ်ပိန်းဟာ Girls Aloud အဖွဲ့က အဆိုတော် ရှရယ်ကိုးလ်နဲ့ ၂၀၁၆ မှာ အိမ်ထောင်ကျပြီး သား တစ်ယောက်ထွန်းကားခဲ့ပါတယ်။ ၂၀၁၈ မှာတော့ သူတို့ အိမ်ထောင်ကွဲခဲ့ပါတယ်။
လီယမ်ပိန်းဟာ သားဖြစ်သူအကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သားဖြစ်သူအကြောင်းကို မကြာခဏထုတ်ပြောလေ့ရှိပါတယ်။
စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရုန်းကန်နေရတဲ့ သူ့ရဲ့စိတ်ကျန်းမာရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြီး သူ့ရဲ့ပရိသတ်တွေကို မျှဝေပေးတတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဝမ်းနည်းကြောင်းပြောကြတဲ့အနုပညာရှင်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပိန်းသေဆုံးတဲ့သတင်းအတည်ပြုချက်တွေထွက်လာပြီးတဲ့နောက်မှာတော့ သူ့ရဲ့မိတ်ဆွေတွေလုပ်ဖော်ကိုင်ဖက်တွေနဲ့ ထင်ရှားကျော်ကြားအနုပညာရှင်တွေက ဝမ်းနည်းကြောင်း ပို့စ်တွေကို ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
ဆိုရှယ်မီဒီယာပလပ်ဖောင်း X (အရင်တွစ်တာ) မှာတော့ အဆိုတော် ပဲရစ်ဟေတန်က "စိတ်မကောင်းစရာ" လို့မှတ်ချက်ပြုပါတယ်။
"သူ့ရဲ့မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်။ မိသားစုဝင်တွေအားလုံးကို နှစ်သိမ့်အားပေးပါတယ်'' လို့ ရေးထားပြီး ငြိမ်းချမ်းစွာအနားယူပါသူငယ်ချင်းလို့ ပြောထားပါတယ်။
X Factor က ဂျက်ဝက်ဒ်ကလည်း ဇနီး ရှရယ်ကိုးလ်၊သူ့ရဲ့ သားဖြစ်သူ ဘဲပိန်းနဲ့ One Direction မိသားစုအားလုံးကို စိတ်ခွန်အားတွေပေးပါတယ်လို့ သူကရေးသားပါတယ်။
One Direction အဖွဲ့ရဲ့ သန်းပေါင်းများစွာသောကမ္ဘာတဝန်းကပရိသတ်တွေအတွက် လီယမ်ကွယ်လွန်တဲ့ သတင်းကတုန်လှုပ်စရာဖြစ်ခဲ့ပါတယ်။
One Direction အဖွဲ့ဟာ ၂၀၁၀ ခုနှစ်ပိုင်းကာလကစလို့ ကမ္ဘာ့ဂီတရပ်ဝန်းမှာ အအောင်မြင်ဆုံးနဲ့ ပရိသတ်အင်အား အကြီးမားဆုံးပေါ့ပ်အဖွဲ့ဖြစ်ခဲ့ပါတယ်။ အသက် ၃၀ ဝန်းကျင်လူငယ်မျိုးဆက်တွေရဲ့ ငယ်ဘဝတွေကိုလွှမ်းမိုးခဲ့တဲ့ ဂီတအဖွဲ့လို့လည်းမှတ်ချက်ပြုကြပါတယ်။
သူတို့အဖွဲ့ဟာ တေးအယ်လ်ဘမ် အတွက် စံချိန်တင် သန်း ၇၀ ကျော် ရောင်းချခဲ့နိုင်ပါတယ်။
၂၀၁၆ ခုနှစ်မှာ သူတို့အဖွဲ့ကွဲခဲ့ပြီး အနုပညာလမ်းကြောင်းပေါ် သီးခြားစီလျှောက်ခဲ့ကြပါတယ်။ သူတို့ ပြန်လည်ဆုံစည်းဖို့ သူတို့ရဲ့ပရိသတ်တွေက မကြာခဏတောင်းဆိုကြသလို ပြန်လည်ပေါင်းစည်းပြီးဖျော်ဖြေဖို့လည်း မျှော်လင့်ခဲ့ကြတာပါ။
ဒါပေမဲ့ အခုလီယမ်ရုတ်တရက်သေဆုံးမှုက One Direction ပရိသတ်တွေရဲ့ ဒီဆန္ဒကမပြည့်နိုင်တော့ပါဘူး။
လီယမ်ပိန်းရဲ့ မိသားစုကလည်း သူသေဆုံးမှုနဲ့ပတ်သက်လို့ ‘‘မိသားစုအနေနဲ့ နှလုံးကွဲကြေနေကြပါတယ်။ ကျွန်တော်ကျွန်မတို့ နှလုံးသားထဲမှာ လီယမ်က အမြဲရှိနေမှာပါ။ သူ့ရဲ့ ကြင်နာတတ်တဲ့၊ ပျော်ရွှင်တတ်တဲ့၊ ရဲရင့်တဲ့ ဝိဉာဉ်ကို အမြဲအမှတ်ရနေကြမှာပါ’’ လို့ ထုတ်ပြန်ခဲ့ပါတယ်။
လီယမ်မသေဆုံးခင်ဘာတွေရေးခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဂျင်တီးနားမှာရှိနေတဲ့ လီယမ်ဟာ သူ မသေမီရက်ပိုင်းက သူ့ရဲ့ Snapchat ဆိုရှယ်မီဒီယာမှာအာဂျင်တီးနားမှာ ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့အကြောင်းတွေတင်ခဲ့ပါတယ်။
မြင်းစီးတာနဲ့ပိုလိုကစားတာတွေရေးခဲ့သလို အဖွဲ့ဖော်ဟောင်း နိုင်းလ် ဟော်ရန်ရဲ့ အာဂျင်တီးနားက ဂီတပွဲကို တက်ရောက်ခဲ့တဲ့အကြောင်းတွေကို ဖော်ပြခဲ့ပါတယ်။
အောက်တိုဘာ ၂ ရက်က မျှဝေထားတဲ့ ဗီဒီယိုမှာဆိုရင် သူ့ရဲ့ ချစ်သူ ကိတ် ကက်ဆီဒီ နဲ့ One Direction အဖွဲ့ရဲ့ သီချင်းဟောင်းတွေကို သီဆိုကာ အတူကနေပြီး လူစုလူဝေးပရိသတ်ကို လက်ပြနှုတ်ဆက်နေပါတယ်။
လီယမ် မသေဆုံးမီ နာရီပိုင်းအလိုက Snapchat မှာ "အာဂျင်တီးနားမှာ ချစ်စရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ" လို့နောက်ဆုံးရေးသားခဲ့ပါတယ်။








