ဩဂုတ် ၂၃ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ပြည်နှင်ဒဏ်ပေးခံရမယ့် မြန်မာအမျိုးသမီး ထိုင်းအချုပ်ထဲမှာ သတ်သေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းကနေ မြန်မာကို ပြည်နှင်ဒဏ်ပေးဖို့ ဖူးခက်လူဝင်မှုကြီးကြပ်ရေးအချုပ်မှာ ထိန်းသိမ်းထားတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီး မထိုက်ဒါလီ မနေ့က အချုပ်ခန်းထဲ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လုံခြုံရေးကင်မရာမှတ်တမ်းအရ သြဂုတ် ၂၂ ရက်၊ မနက်အစောပိုင်းမှာ သေဆုံးသူဟာ ဘောင်းဘီကို သံတိုင်မှာ ချည်ပြီး သတ်သေတာလို့ ဆိုပါတယ်။
ရဲမှတ်တမ်းတွေအရ သေဆုံးသူ မထိုက်ဒါလီဟာ သြဂုတ် ၁၅ ရက်ကမှ ဖူးခက်ခရိုင် အကျဥ်းထောင်က လွတ်လာသူ ဖြစ်ပါတယ်။
သြဂုတ် ၂၁ ရက်နေ့လယ်မှာ ပါသောင်းရဲစခန်းကနေ လဝကအချုပ်ကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။
မထိုက်ဒါလီ သတ်သေဖို့လုပ်ဆောင်ချိန်မှာ အချုပ်ခန်းအတွင်း တခြားအချုပ်သူ အမျိုးသမီး ၂ ဦးအတူ ရှိနေပေမဲ့ သူတို့က ဒီဖြစ်စဥ်ကို သိရှိပြီး တားမြစ်ခဲ့သလားဆိုတာကိုတော့ ရဲတပ်ဖွဲ့ က မထုတ်ပြန်ထားပါဘူး။
ထိုင်းအာဏာပိုင်တွေဟာ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူတွေအပါအဝင် ပြစ်ဒဏ်ကျခံရ ပြီးသူတွေကို နယ်စပ်ဂိတ်တွေကတဆင့် မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နဲ့ သြဂုတ် ၁၅ ရက်ကလည်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား ၂၆၁ ဦးကို ရနောင်းကတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းဘက် ပြည်နှင်ဒဏ်ပေးပြန်လွှတ်ခဲ့ပါတယ်။
ဒီလိုပြည်နှင်ဒဏ်ပေးခံရသူတွေဟာ ကော့သောင်းဆိပ်ကမ်းအရောက်မှာ စစ်မှုထမ်းခေါ်ဆောင်နေရတာ ကြောင့် ဖိအားပေးပြန်လွှတ်တာမလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။
သီရိလင်္ကာသမ္မတဟောင်း ငွေကြေးအလွဲသုံးစားမှုနဲ့အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သီရိလင်္ကာသမ္မတဟောင်း ရာနီး ဝိကာရာမဆင်ဂီ ဟာ ငွေကြေးအလွဲသုံးစားမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတတာဝန်နဲ့ သွားခဲ့တဲ့ ပြည်ပခရီးစဉ်တွေနဲ့ ဆက်စပ်ပြီး အမှုသုံးမှုနဲ့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
ဝိကာရာမဆင်ဂီဟာ သောကြာနေ့အစောပိုင်းမှာ ပြစ်မှုစုံစမ်းစစ်ဆေးရေးဌာန(CID) မှာ ထွက်ဆိုပြီးနောက် မြို့တော် ကိုလမ်ဘိုက တရားရုံးကိုရောက်ရှိခဲ့ပါတယ်။
သူက ကျန်းမာရေးအကြောင်းပြချက်နဲ့ အာမခံလျှောက်ထားခဲ့ပေမဲ့ ရမန်နဲ့ချုပ်ထားဖို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။
သူ့ရှေ့က သမ္မတ ဂိုတာဘယာ ရာဇပါကသဟာ စီးပွားရေးအကျပ်အတည်းကြောင့် နိုင်ငံသားတွေ ဆူပူဆန္ဒပြမှုဖြစ်ပွားပြီးနောက် ပြည်ပကိုတိမ်းရှောင်သွားခဲ့ရပါတယ်။
အဲဒီနောက်မှာ ဝိကာရာမဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့အောင် လုပ်ဆောင်ပေးနိုင်ခဲ့တာနဲ့ပတ်သက်လို့ သူ့ကို ချီးကျူးပြောဆိုတာတွေရှိခဲ့ပါတယ်။
ဝိကာရာမဟာ ၁၉၉၀ ပြည့်နှစ်ကျော်နှစ်တွေမှာ ဝန်ကြီးချုပ်အဖြစ် သက်တမ်းခြောက်ကြိမ်ထမ်းဆောင်ခဲ့ဖူးပါတယ်။
အသက် ၇၆ နှစ်အရွယ် ဝိကာရာမဟာ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်အတွင်း နိုင်ငံခြားခရီး ၂၃ ကြိမ်သွားခဲ့ရာမှာ ကုန်ကျစရိတ် သီရိလင်္ကာရူပီး သန်း ၆၀၀ (ဒေါ်လာ နှစ်သန်း) ရှိခဲ့တယ်လို့ ဘီဘီစီ ဆင်ဟာလက ဖော်ပြခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ကျူးဘားမှာပြုလုပ်တဲ့ ဂျီ ၇၇ ထိပ်သီးညီလာခံက အပြန် ဗြိတိန်မှာ ခရီးစဉ်တစ်ထောက်နားခဲ့မှုနဲ့ဆက်စပ်ပြီး သောကြာနေ့က အဖမ်းခံခဲ့ရတာလို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ သူနဲ့သူ့ဇနီးတို့ဟာ ဝုဗာဟမ်ပ်တန်တက္ကသိုလ်က အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ပုဂ္ဂလိက ခရီးစဉ်အတွက် နိုင်ငံပိုင်ငွေကိုသုံးခဲ့တာလို့ သီရိလင်္ကာရဲ့ CID က ပြောဆိုခဲ့ပေမဲ့ ဝိကာရာမက ငြင်းပယ်ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ပထမဆုံးအဖမ်းခံရတဲ့ သမ္မတဟောင်းဖြစ်တဲ့ ဝိကာရာမသိင်္ဂဟာ ၁၉၇၇ ခုနှစ်မှာ လွှတ်တော်အမတ်အဖြစ် ပထမဆုံးရွေးကောက်ခံရချိန်မှစလို့ နိုင်ငံရေးမှာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ရှေ့နေတစ်ဦးဖြစ်တဲ့ သူဟာ နိုင်ငံရေးသမားနဲ့ စီးပွားရေးသမားတွေပေါင်းစည်းထားဝတဲ့ ကြွယ်ဝတဲ့ မိသားစုကဆင်းသက်ခဲ့တာဖြစ်ပါတယ်။
သူဟာ ၁၉၉၄ ခုနှစ်မှာ ညီညွတ်သော အမျိုးသားရေးပါတီ(UNP) ရဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူပြီးနောက် ပါတီတွင်းက အကျင့်ပျက်နေတဲ့အဖွဲ့ဝင်တွေကို ရှင်းလင်းရေးလုပ်ခဲ့တာကြောင့် ချီးကျူးခံခဲ့ရပါတယ်။ နှစ်ပေါင်းများစွာအတွင်း သူဟာ သမ္မတဖြစ်လာရေးအတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး ရာဇပါကသ ထွက်ပြေးပြီးနောက် ၂၀၂၂ ခုနှစ်မှာ လိုချင်နေတဲ့ ရာထူးကို ရရှိခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ သူ့ပါတီဟာ အရှုံးကြီးရှုံးခဲ့ပြီး သူဟာ လွှတ်တော်တွင်းမှာ ပါတီရဲ့တစ်ဦးတည်းသော အမတ်ဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ သူဟာ လက်ဝဲယိမ်းတဲ့ အနူရာ ကုမာရ ဒစ္သနာယကကို ရှုံးနိမ့်ခဲ့ပါတယ်။
ကျောက်မဲ၊ နောင်ပိန်ရွာထဲ လေကြောင်းဗုံးနဲ့ လက်နက်ကြီးထိမှန်

ဓာတ်ပုံ ရင်းမြစ်, CJ
ထိခိုက်သေဆုံးသူတွေ ထုတ်မရဖြစ်နေ
စစ်တပ်နဲ့ တအာင်းတပ် TNLA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲက နောင်ပိန်ရွာ ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက် သေဆုံး သူတွေရှိခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
ညနေပိုင်းအထိ ပစ်ခတ်မှုတွေရှိနေတာကြောင့် ဝင်မကယ်ဆယ်နိုင်သေးဘူးလို့ လူမှုကူညီရေးသမား တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"လောလောဆယ် ဒဏ်ရာရ ၆ ယောက်နဲ့ အလောင်း ၁ လောင်းရှိတယ်လို့ အကူညီတောင်းလာတာ ရှိတယ်။ ဒါပေမဲ့ ရွာထဲမှာပစ်နေလို့ ဘယ်လိုမှ ဝင်မရဘူး" လို့ သူကပြောပါတယ်။
လေကြောင်းဗုံးကြောင့် နေအိမ် ဒါဇင်ကျော်လည်း ပျက်စီးတယ်လို့ ဆိုပါတယ်။
ရှေ့ရက်တွေမှာလည်း လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြောင့် သေဆုံးသူ ၁၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၄၀ ကျော်ရှိတယ်လို့ သူကပြောပါတယ်။
ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းတွေက လားရှိုးဆေးရုံကို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
နောင်ပိန်တိုက်နယ်အတွင်းကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ TNLA ကြား တိုက်ပွဲ အတွင်း စစ်ရှောင်ရတဲ့ အိမ်ထောင်စု ၁၁၉၅ စုနဲ့ လူဦးရေ ၅၆၅၈ ဦးရှိတယ်လို့ နမ့်ခုံးရှမ်းများ ပရဟိတ အသင်းက ကောက်ယူထားတဲ့ စာရင်းအရသိရပါတယ်။
ကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးသမားနောက်တစ်ဦးကတော့ အမှန်တကယ်စစ်ရှောင်ရသူ စုစုပေါင်း တစ်သောင်းကျော်ပြီလို့ ဆိုပါတယ်။
"စစ်ရှောင်တွေ အဓိကလိုအပ်နေတာက ဆန်၊ဆီ၊ ချက်ပြုတ်စရာတွေ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်နဲ့ အိပ်ယာတွေ လိုတယ်" လို့သူက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်စစ်ကြောင်းဟာ ထန်းတပင်ရွာကနေ ဆက်တက်လာပြီး လုပ်ပါနဲ့ နောင်ပိန်ရွာကြား မှာရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။
ဘီဘီစီက ကျောက်မဲစစ်ရေးနဲ့ စစ်ရှောင်အခြေအနေကို TNLA ကိုဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည် ဖြေကြားတာမရှိသေးပါဘူး။
စစ်ကော်မရှင်ဘက်ကလည်း ကျောက်မဲတိုက်ပွဲအကြောင်း ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
စစ်တပ်စစ်ကြောင်းဦးတည်နေတဲ့ နောင်ပိန်ရွာနဲ့ မိုင် ၂၀ ဝန်းကျင်အကွာက TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ဟာ ကူမင်းဆွေးနွေးပွဲမှာ စစ်တပ်က ပြန်လည်ရယူလိုကြောင်း ထုတ်ပြောထားတဲ့မြို့ဖြစ်သလို စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့လည်းဖြစ်ပါတယ်။
ကြာအင်းဆိပ်ကြီးက DKBA အရာရှိအိမ် မီးလောင်ပြီး လူ ၁ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, NLA
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ် ၅ ရပ်ကွက်က သီတာလမ်းမှာရှိတဲ့ ဗိုလ်နိုက်ကလပ်လို့ ဒေသခံတွေသိကြတဲ့ DKBA အရာရှိရဲ့ အိမ်မီးလောင်ပြီး အိမ်စောင့်ချန်ထားတဲ့ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
သြဂုတ် ၂၁ ရက် ည ၇ နာရီဝန်းကျင်မှာ မီးစတင်လောင်ကျွမ်းပြီး ပေါက်ကွဲသံကြားရတယ်လို့ ဒေသခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"ဒီအိမ်မှာက ဗိုလ်နိုက်ကလပ်မနေတာကြာပြီ။ တပ်ဖွဲ့က ကလေးတွေပဲလာစောင့်နေကြတာ။ အခု လာစောင့်တဲ့သူထဲက တစ်ယောက်ဆုံးသွားတာ"လို့ ဒေသခံကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့မှာ ညမထွက်ရအမိန့်ကြေညာထားတာကြောင့် မီးစတင်လောင်ကျွမ်းချိန် ချက်ချင်း မီးမငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် ဘေးကနောက်ထပ်အိမ်တစ်လုံးကိုပါ မီးကူးစက်လောင် ကျွမ်းခဲ့တယ်လို့ နောက်ထပ်ဒေသတစ်ဦးက ပြောပါတယ်။
"အဲဒီအိမ်ကိုတော့ ရပ်ရွာက စုပေါင်းပြီး ကူညီပေးထားတယ်" လို့ သူကပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို မီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်တာမရှိပါဘူး။
သြဂုတ် ၂၁ ရက်ည ၇နာရီ မိနစ် ၂၀ မှာ မီးလောင်တဲ့သတင်းရလို့ သွားရောက်ငြိမ်းသတ်ခဲ့ပြီး ည ၉ နာရီ ၅ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့သာ ထုတ်ပြန်ထားပါတယ်။
ဘန်ကောက်၊ ပလက်တီနမ်ဈေးဝယ်စင်တာ မီးလောင်

ဓာတ်ပုံ ရင်းမြစ်, Fire and Rescue Thailand
မြန်မာနဲ့ နိုင်ငံတကာခရီးသွားတွေ လာရောက်တာများတဲ့ ဘန်ကောက်မြို့၊ ဖက်ချဘူရီလမ်းပေါ်က ပလက်တီနမ်ဈေးဝယ်စင်တာမှာ ဒီနေ့ ထိုင်းအချိန် မွန်းလွဲ ၂ နာရီ ၁၉မိနစ်အချိန်မှာ မီးလောင်နေတယ်လို့ ထိုင်းမီးသတ် တပ်ဖွဲ့ ထုတ်ပြန်ပါတယ်။
ပလက်တီနမ်ဈေးဝယ်စင်တာ အဆောက်အဦးအမှတ် ၂ ရဲ့ ၃ ထပ်မှာ လောင်တာလို့ အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"အခုမီးငြိမ်းသွားပြီ။ ဆိုင်မပိတ်ခဲ့ရတဲ့ သူတွေတော့ ပြန်တက်ပြီးပိတ်နေကြတယ်။ ကျွန်တော်ကတော့ ဆိုင်ပိတ်လို့မီလို့ အခုအပြင်မှာပဲ" လို့ သူကပြောပါတယ်။
မီးလောင်ခဲ့တဲ့ အဆောက်အဦဘက်ခြမ်းက အလုပ်သမားအများစုကိုတော့ အလုပ်ရှင်တွေက ဆိုင်ဆက်မဖွင့်ခိုင်းဘဲ ပြန်ခိုင်းတာများ တယ်လို့ ဆိုပါတယ်။
ထိုင်းမီးသတ်တပ်ဖွဲ့ကတော့ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ မီးငြှိမ်းသတ်ပြီး နောက်ဆက်တွဲ အခြေအနေတွေကို ထုတ်ပြန်လာတာမရှိသေးပါဘူး။
နယ်စပ်ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားတချို့ကို တောင်ကိုရီးယား သတိပေးပစ်ခတ်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အခုအပတ်အစောပိုင်းမှာ ကိုရီးယားနှစ်နိုင်ငံကြားက လုံခြုံရေးအစောင့်အကြပ်ထူထပ်တဲ့ နယ်စပ်ကို ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သည်တချို့ကို သတိပေးပစ်ခတ်မှုလုပ်ခဲ့ရတယ်လို့ တောင်ကိုရီးယားက အတည်ပြုပါတယ်။
မြောက်ကိုရီးယားဘက်ကတော့ ဒီလိုပစ်ခတ်မှုဟာ "ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်တာ"ဖြစ်ပြီး တောင်ကိုရီးယားဟာ ထိန်းချုပ်လို့မရနိုင်တဲ့ တင်းမာမှုတွေရှိလာအောင် လုပ်ဆောင်နေတာလို့ စွပ်စွဲပါတယ်။
တောင်ကိုရီးယားသမ္မတသစ် လီ ဂျေး မွန်ဟာ စနေနေ့မှာ ဂျပန်နဲ့ ဝါရှင်တန်ကို ခရီးထွက်သွားချိန်မှာ တောင်ကိုရီးယားအစိုးရက ဒီဖြစ်ရပ်ကို လူသိရှင်ကြားထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
မကြာသေးမီရက်သတ္တပတ်တွေမှာ မြောက်ကိုရီးယားဘက်က လှုံ့ဆော်မှုတွေရှိခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမ ဟာ လီရဲ့အစိုးရဘက်က ရင်ကြားစေ့ရေးလုပ်ဆောင်မှုတွေကို မလိုလားဘဲ ပယ်ချခဲ့တာတွေရှိခဲ့ပါတယ်။
အရင်နှစ်ကစလို့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ထိစပ်နေတဲ့ နယ်စပ်ကို ခိုင်ခိုင်မာမာကာရန်ထားနိုင်ဖို့ လုပ်ဆောင်နေခဲ့ပါတယ်။
လက်နက်ကင်းမဲ့ဇုန်(DMZ) ဟာ တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြားထားပြီး မကြာခဏကျူးကျော်မှုတွေကြောင့် တင်းမာမှုတွေရှိခဲ့ပါတယ်။
DMZ နယ်စပ်ကို ခြံစည်းရိုးကာထားတာမဟုတ်ဘဲ အပင်တွေပေါက်ရောက်နေတာကြောင့် ဆိုင်းဘုတ်တွေကို အလွယ်တကူမမြင်နိုင်ပါဘူး။
အင်္ဂါနေ့ ဆိုးလ်ဒေသဆိုင်ရာစံတော်ချိန် ၁၅ နာရီမှာ နယ်စပ်ဒေသက မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တချို့ဟာ နှစ်နိုင်ငံကြားက စစ်ဘက်ဆိုင်ရာစည်းကို ကျော်ဖြတ်လာခဲ့တာလို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များအဖွဲ့ (JSC) က ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြောက်ကိုရီးယားစစ်သည်တွေဟာ သူတို့နိုင်ငံဘက်စည်းကို ပြန်ဝင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တောင်ကိုရီးယားဟာ မြောက်ကိုရီးယားစစ်သည်တွေကို စက်သေနတ်နဲ့ ဆယ်ချက်ကျော် သတိပေးပစ်ခတ်မှုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားဗိုလ်ချုပ် ကို ဂျုံ ချိုက ပြောဆိုခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ပါတယ်။
"စစ်သည်တွေ အများအပြားတပ်စွဲထားတဲ့ တောင်ပိုင်းဒေသမှာ နှစ်ဖက်စလုံးဟာ ထိပ်တိုက်ရင်ဆိုင်မှုကို ထိန်းချုပ်လို့မရတဲ့ အဆင့်အထိရောက်အောင် မလွှဲသာမရှောင်သာတွန်းပို့နိုင်တဲ့ ရှေ့ပြေးကိစ္စပဲ" လို့ သူကပြောခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်အောင် လုပ်မယ်လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ လီဟာ ဇွန်မှာ သမ္မတဖြစ်လာခဲ့ပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ ရင်ကြားစေ့ရေးကို ပယ်ချထားပြီးဖြစ်ပါတယ်။
နှစ်ဖက်ကြားမှာ ယုံကြည်မှုပြန်လည်ထားရှိနိုင်ဖို့အတွက် မြောက်ကိုရီးယားဘက်ကို နယ်စပ်ကတစ်ဆင့် ဝါဒဖြန့်ချိရေးကိစ္စတွေကို အသံချဲ့စက်နဲ့ ထုတ်လွှင့်နေတာကို ယာယီရပ်ဆိုင်းထားတယ်လို့ တောင်ကိုရီးယားစစ်တပ်က ဇွန်လနှောင်းပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ ဘက်မလိုက်ဖို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြော

ဓာတ်ပုံ ရင်းမြစ်, MOI
ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း NUCC ကြေညာ
လာမယ့်နှစ်ကုန်ပိုင်းမှာ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲကို ဘက်မလိုက်ဘဲ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ စစ်ကော်မရှင်က အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ဆိုပါတယ်။
သြဂုတ် ၂၁ ရက်က နေပြည်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်တန်းဆင်းပွဲမှာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က တာဝန်ရှိသူတွေကို ပြောခဲ့တာပါ။
" ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှတာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲကျင်းပရာတွင် မည်သူ့ကိုမျှ ဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် တိတိကျကျဆောင်ရွက်ကြမည်ဟု ယုံကြည်ပါတယ်" လို့ သူကပြောပါတယ်။
ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးက အရေးကြီးပြီး မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းကာ အမှားအယွင်းမရှိအောင် ဆောင်ရွက်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကတော့ စစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ အခွင့်အာဏာမရှိဘူး လို့ ဩဂုတ်လ (၂၂) ရက်က ထုတ်ပြန်ပါတယ်။
သူ့ရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေထဲမှာ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ကန့်ကွက်ကြောင်း NUCC က ထည့်သွင်းကြေညာထားပါတယ်။
ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုပေါင်း ဒါဇင်ကျော်က ဆန့်ကျင်ကန့်ကွက်ကြောင်း တောက်လျောက်ထုတ်ပြန်နေတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမယ်လို့ ထုတ်ပြန်ထားတဲ့ စစ်ကောင်စီဟာ မြို့နယ် ၆၃ မြို့နယ်ကိုတော့ စစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နယ်အတွက် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) စနစ်ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကို စနစ် ၂ မျိုးခွဲထားပြီး မဲအများဆုံးရသူအနိုင်ယူ စနစ် (FPTP) မဲဆန္ဒနယ် ၈၄ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ် စုစုပေါင်းမဲဆန္ဒနယ် ၁၁၀ နယ် လို့ ဖော်ပြထားပါတယ်။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှာလည်း မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၃၂၂ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ် စုစုပေါင်းမဲဆန္ဒနယ် ၃၆၄ နယ် လို့ ဆိုပါတယ်။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်ကတော့ ၂၉ နယ် ဖြစ်တယ်လို့ ကြေညာထားပါတယ်။
ရိုဟင်ဂျာညီလာခံမတိုင်ခင် တွမ်အန်ဒရူးနဲ့ မိုဟာမတ်ယူနွတ်တွေ့

ဓာတ်ပုံ ရင်းမြစ်, BSS News
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလုပ်မယ့် ရိုဟင်ဂျာညီလာခံမတိုင်ခင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အန်ဒရူးနဲ့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမတ်ယူနွတ်တို့ သြဂုတ် ၂၁ ရက်မှာ တွေ့ဆုံခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။
သြဂုတ် ၂၄ ကနေ ၂၆ ရက်အထိ ကော့ဆက်ဘဇားမှာ ရိုဟင်ဂျာညီလာခံ ပြုလုပ်မှာပါ။
ကုလအထူးကိုယ်စားလှယ်က ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရခေါင်းဆောင်အနေနဲ့ ရိုဟင်ဂျာအရေးကို နိုင်ငံတကာအခင်းအကျင်းမှာ ရှေ့တန်းရောက်အောင် ဦးဆောင်နိုင်တဲ့အပေါ် ချီးကျူးခဲ့တယ်လို့ သြဂုတ် ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုပါတယ်။
"ရိုဟင်ဂျာတွေကို လက်ခံ ထောက်ပံ့ပေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စေတနာနဲ့ ဖြေရှင်းရေးမျှော်လင့်ချက်ကို ဆက်လက်အသက်ဝင်အောင် ဆောင်ရွက်ချက်အပေါ် ကျေးဇူးတင်တယ်" လို့ တွမ်အန်ဒရူးက မိုဟာမတ်ယူနွတ်နဲ့ တွေ့ဆုံစဥ်မှာပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေသူ ရိုဟင်ဂျာတွေအတွက် ငွေကြေးထောက်ပံ့မှု လျှော့ချတာဟာ ကျန်းမာရေးနဲ့ ပညာရေးအပါအဝင် အရေးကြီးတဲ့ ဝန်ဆောင်မှုတွေပေးရေး အပေါ်ကို သက်ရောက်မှုရှိလာတယ်လို့ ယူနွတ်ကဆိုပါတယ်။
သူက တွမ်အန်ဒရူးကိုလည်း လုံလောက်တဲ့ ရန်ပုံငွေရရှိရေးအတွက် ဆက်လက်ကြိုးပမ်းပေးဖို့ တောင်းဆိုခဲ့တာပါ။
တွမ်အန်ဒရူးဟာ ရိုဟင်ဂျာအရေးညီလာခံကျင်းပမယ့် ကော့ဆက်ဘဇားကို ဩဂုတ် ၂၅ ရက်မှာ သွားရောက်မှာ ဖြစ်ပါတယ်။
ဒီညီလာခံမှာ ကော့ဆက်ဘဇားရောက် ရိုဟင်ဂျာဒုက္ခသည်တွေက နိုင်ငံတကာအဖွဲ့အစည်းနဲ့ နိုင်ငံခြားကိုယ်စားလှယ်တွေကို သူတို့ရဲ့အခက်အခဲတွေ၊ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ အိမ်မက်တွေကို တိုက်ရိုက်ပြောခွင့်ရမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
ညီလာခံကို ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာအခြေစိုက် နိုင်ငံပေါင်း ၄၀ က ကိုယ်စားလှယ်တွေ၊ သံအမတ်တွေနဲ့ ကုလကိုယ်စားလှယ် တွေတက်ရောက်မှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာတွေအစုလိုက် နေရပ်စွန့်ခွာထွက်ပြေးရတာဟာ လာမယ့် သြဂုတ် ၂၅ ရက်မှာ ၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။
မနက်ဖြန်ကော့ဘဇားမှာ ပြုလုပ်မယ့်ညီလာခံအပြင် ရိုဟင်ဂျာအရေးဆွေးနွေးပွဲတွေကို ကာတာနိုင်ငံ ဒိုဟာနဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ အမေရိကန်၊ နယူးယောက်မြို့က ကုလရုံးချုပ်မှာ ကျင်းပဖို့ရှိနေပါတယ်။
ဘီလျံ ၂၅၀ ကျော်တန် မူးယစ်ဆေးဝါးတွေ ရန်ကုန်မှာဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, MOI
ရန်ကုန်တိုင်း၊ ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့နယ်တို့မှာ ရခိုင်ပြည်နယ်နဲ့ မလေးရှားရေပိုင်နက်ကိုသယ်မယ့် ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိတယ်လို့ မူးယစ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၂၁၈ သိန်းနဲ့ အိုက်စ်၅၆၁၄ ဒသမ ၂ ကီလို၊ ကတ်တမင်း ၁၈၉၉ ကီလိုကို မူးယစ်ဆေးဂိုဏ်းဝင်တွေနဲ့အတူ ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
သြဂုတ် ၅ ရက်ကနေ ၁၄ ရက်အထိ ဖော်ထုတ်ဖမ်းဆီးချိန်အတွင်း မူးယစ်ဆေးဝါး ဂိုဏ်းဝင် ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ၉ ဦး ဖမ်းဆီးဖို့ ကျန်ရှိနေပါတယ်။
ဒီအဖွဲ့ဟာ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်နယ်နဲ့ မလေးရှားရေပိုင်နက်ထဲကို အကြိမ်ကြိမ် သယ်ယူပို့ဆောင်ရောင်းဝယ်နေတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မူးယစ်ဆေးဝါးတွေကို ရန်ကုန်မှာသိုလှောင်ပြီး ရခိုင်ကတဆင့် ဘင်္ဂလား ဒေ့ရှ်နယ်စပ်ကို ပို့ဆောင်ရာမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ အာရက္ခတပ်တော် အေအေရဲ့ ဗိုလ်မှူးအဆင့်ရှိသူ အကောက်ခွန်မှူးက ဖြတ်သန်းခကောက်ခံနေတယ်လို့ စစ်ကော်မရှင်က စွပ်စွဲထားပါတယ်။
စစ်ကော်မရှင်ရဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ဘီဘီစီက အာရက္ခတပ်တော် အေအေပြောခွင့်ရ ဦး ခိုင်သုခကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဒီနှစ် မတ် ၁၉ ရက်တုန်းကလည်း ရန်ကုန်မြို့မှာဖမ်းမိတဲ့ ကျပ်ငွေ ၉၆ ဘီလျံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းမိချိန်မှာ အေအေရဲ့ စီးပွားရေးတာဝန်ခံနဲ့ ဇနီးဖြစ်သူတို့က လုပ်ဆောင်တာလို့ စစ်ကောင်စီက စွပ်စွဲခဲ့ပါတယ်။
အဲဒီတုန်းက မူးယစ်ဆေးဝါးတွေဖမ်းမိတဲ့အမှုမှာ အာရက္ခတပ်တော်(အေအေ) ရဲ့ စီးပွားရေးတာဝန်ခံ ပါဝင်နေတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ဟာ နိုင်ငံရေးသိက္ခာချတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က တုံ့ပြန်ပါတယ်။








