ဘာကြောင့် အမေရိကန် ဒေါ်လာစျေး သိပ်မာတာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခြားအဓိက ငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် ဆယ်စုနှစ် ၂ စု တလျောက်လုံး အမေရိကန်ဒေါ်လာတန်ဖိုးက အခိုင်မာဆုံးဖြစ်နေပါတယ်။
အဓိပ္ပာယ်ကတော့ ဒေါ်လာကို ဝယ်ရတာ ပိုစျေးကြီးလာတာပါ၊ အလားတူပဲ ဒေါ်လာနဲ့ ဝယ်ရင် စတာလင်ပေါင်၊ ယူရို နဲ့ ယန်း စတဲ့ တခြားငွေကြေးတွေကို ပိုရလာပါတယ်။
ဒီအကျိုးဆက်က ကမ္ဘာတလွှားမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အိမ်ထောင်စုတွေကို ထိခိုက်ပါတယ်။
ဒေါ်လာက ဘယ်လောက် မာနေလဲ
ယူရို၊ ပေါင်၊ ယန်းတို့အပါအဝင် အဓိကကျတဲ့ ငွေကြေး ၆ မျိုးနဲ့ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းကို တိုင်းတာတဲ့ ဒေါ်လာ ညွှန်းကိန်း (DXY) က ၂၀၂၂ မှာ ၁၅ % တက်လာ ပါတယ်။
ဒီနည်းနဲ့တိုင်းရင် ဒေါ်လာက နှစ် ၂၀ အတွင်း အမြင့်ဆုံး တန်ဖိုးကို ရောက်နေပါတယ်။

ဒေါ်လာက ဘာကြောင့် မာနေတာပါလဲ
စျေးနှုန်းတွေတက်နေတာကို ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ အမေရိကန် ဗဟိုဘဏ်က ဘဏ်တိုးနှုန်းကို ဒီနှစ်ထဲမှာ အကြိမ်များစွာ မြှင့်ခဲ့ပါတယ်။
ဒီအတွက် အမေရိကန်အစိုးရက ထုတ်ရောင်းထားတဲ့ ငွေချေးစာချုပ် (ဘွန်း - bond) တို့လို အရာတွေရဲ့ တန်ဖိုးကတက်လာပါတယ်။
အစိုးရတို့၊ ကုမ္ပဏီတို့က သူတို့ ငွေချေးယူချင်ရင် အနာဂတ်မှာ အတိုးနဲ့ တကွ ပြန်ပေး မယ်လို့ ဘွန်းတွေ ထုတ်ရောင်းတဲ့ နည်းကို သုံးပါတယ်။ အစိုးရ ဘွန်းတွေက သိပ်ကို စိတ်ချရတယ်လို့ ယေဘုယျ မြင်ကြပါတယ်။
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်အစိုးရ ဘွန်းတွေကို အခုတလော ဝယ်ကြရမှာ တန်ဖိုးက ဘီလျံများစွာ ရှိပါတယ်။
ဒီလို ဘွန်းတွေကို ဒေါ်လာသုံးပြီး ဝယ်ကြတဲ့အတွက် ဒေါ်လာ လိုအပ်မှုများလာပြီး ဒေါ်လာက စျေးကွက်မှာ ပိုအဝယ်လိုက်လာတဲ့ ငွေကြေးဖြစ်လာတော့ ဒေါ်လာ တန်ဖိုးက ပိုတက်လာပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေက သူတို့ နိုင်ငံဆိုင်ရာ ငွေကြေးတွေကို ရောင်းပြီး ဒေါ်လာဝယ်ကြ တဲ့ အခါမှာ သူတို့ရဲ့ ငွေကြေးတန်ဖိုးတွေက ကျဆင်းလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးက ဖိအားတွေအောက်ကို ရောက်နေတဲ့အချိန်မှာ ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ ဒေါ်လာကို ဝယ်ထားချင်ကြပါတယ်၊ ဘာလို့လဲဆိုတော့ အမေရိကန်ရဲ့ အနေအထားကြောင့် သူ့ငွေကြေးက “စိတ်ချလုံခြုံရ” လို့ပါ။ ဒါကြောင့်မို့ ဒေါ်လာစျေးက တက်လာပါတယ်။
ယူကရိန်းစစ်ပွဲကြောင့်ဖြစ်လာတဲ့ လောင်စာစျေးမြင့်တက်မှုနဲ့အတူ ဥရောပနဲ့ အာရှ နိုင်ငံတွေရဲ့ စီးပွားရေးတွေက ရုန်းကန်နေရပါတယ်။
လောင်စာစျေးတက်တာရဲ့ ရိုက်ခတ်မှုကို အမေရိကန်က သိသိသာသာ မခံရပါဘူး။ ပြီးခဲ့တဲ့ ၆ လအတွင်း သူ့ရဲ့ စီးပွားရေးက ကျုံ့ခဲ့ပေမယ့် စီးပွားရေး လုပ်ငန်းတွေက သူ့ ဝန်ထမ်းတွေကို အလုပ်ခန့်နေနိုင်ပါသေးတယ်၊ ဒါဟာ သူ့ စီးပွားရေး အပေါ် ဆက်ပြီး ယုံကြည်နေကြတယ်ဆိုတဲ့ လက္ခဏာပါ။
စတာလင်ပေါင်နဲ့လဲနှုန်းမှာ ဒေါ်လာက ဘာလို့ ဒီလောက် တန်ဖိုးတက် နေတာလဲ
စက်တင်ဘာလ ၂၆ မှာ ဒေါ်လာနဲ့ လဲလှယ်တဲ့ စတာလင်ပေါင်တန်ဖိုးဟာ စံချိန်တင် ကျဆင်းခဲ့ပြီး တပေါင်ကို ၁.၀၃ ဒေါ်လာပဲ ရပါတော့တယ်။ အခုတော့ အဲဒီစျေး ကနေ နည်းနည်း ပြန်တက်လာပါတယ်။
ပေါင်တန်ဖိုးက ဒီနှစ်စနဲ့ နှိုင်းယှဥ်ရင် အမေရိကန်ဒေါ်လာနဲ့လဲနှုန်းမှာ ၂၀% ကျဆင်း သွားတာပါ။

ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး ကဝါဆီ ကဝတ်တန်က အခွန်လျှော့ကောက်တာတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ နေအိမ်တွေအတွက် လောင်စာဖိုး အမတော်ကြေးတွေ ထုတ်ပေးတာတွေ အပါအဝင် စုစုပေါင်း စတာလင်ပေါင် ၄၅ ဘီလျံ ကုန်ကျမယ့် အစီအစဥ်တခု၊ သူတို့အခေါ် ထပ်ပိုး ဘတ်ဂျက်တခုကို ချပြလိုက်တဲ့နောက်မှာ ပေါင် တန်ဖိုးက အဆိုးဆုံးကို စိုက်ဆင်းသွားပါတယ်။
သူက နောက်ထပ် အခွန်လျှော့ကောက်တာတွေ လုပ်ဦးမယ် ဆိုတာကို အရိပ် အယောင်လည်း ပြသွားပါသေးတယ်။
ဘဏ္ဍာရေးဝန်ကြီးရဲ့ လုပ်ဆောင်မှုတွေကြောင့် အစိုးရ ငွေချေးမှုဟာ မထိန်းသိမ်း နိုင်တဲ့အဆင့်အထိ ရောက်သွားမလား ဆိုပြီး စိုးရိမ်ကြကာ ဗြိတိန်အစိုးရက ထုတ် ရောင်းထားတဲ့ ဘွန်းတွေကို ရင်းနှီးမြှုပ်နှံသူအများအပြားက ထုတ်ရောင်းတာ တွေများ လာခဲ့ပါတယ်။
ဒါကြောင့် ပေါင်စျေးက ကျဆင်းခဲ့ပါတယ်။
မာနေတဲ့ ဒေါ်လာက အားနည်းတဲ့ ငွေကြေးတွေအပေါ် ဘယ်လို သက်ရောက်လဲ
စတာလင်ပေါင်လိုပဲ ဂျပန် ယန်းတန်ဖိုးကလည်း ဒေါ်လာနဲ့ လဲရင် ၂၀% ကျဆင်းသွားသလို ယူရိုကလည်း ၁၅% ကျသွားပါတယ်။
ဒေါ်လာမာနေတာကြောင့် အားနည်းတဲ့ ငွေကြေးအမျိုးအစား နိုင်ငံတွေအဖို့ သူတို့ ကုန်တွေ၊ ဝန်ဆောင်မှုတွေအတွက် စျေးသက်သာသွားပါတယ်၊ ဒါကြောင့် တင်ပို့မှု တက်လာပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမယ့် အမေရိကန်က ကုန်တွေ တင်သွင်းမယ်ဆိုရင်ဖြစ်ဖြစ်၊ တခြားနိုင်ငံ တော်တော် များများက ကုန်တွေ တင်သွင်းရရင် ဖြစ်ဖြစ် ဒေါ်လာနဲ့ ဝယ်ပြီးသွင်း ရတဲ့အတွက် တင်သွင်းကုန်တွေက စျေးကြီး လာပါတယ်။
ရေနံစျေးက ဒေါ်လာနဲ့ သတ်မှတ်တာမို့ ကမ္ဘာတလွှားက ဓာတ်ဆီစျေးတွေ ပိုစျေး တက်လာပါတယ်။
ဥပမာ ပြောရရင် ဗြိတိန်မှာ ဓာတ်ဆီ တလီတာ ပျှမ်းမျှစျေးနှုန်းက ဒီနှစ်စနဲ့ နှိုင်းစာရင် ၁၅% တက်လာပြီး ၁.၄၆ ပေါင်ကနေ ၁.၆၇ ပေါင် ဖြစ်သွားပါတယ်။
ဇူလိုင်တုန်းက ဆိုရင် တလီတာကို ၁.၉၁ ပေါင်အထိ ရောက်သွားခဲ့ပါတယ်။
နိုင်ငံအများအပြားမှာ အစိုးရတွေနဲ့ ကုမ္ပဏီတွေက သူတို့ ငွေချေးယူရင် တခြား ငွေကြေးထက် ခိုင်မာတည်ငြိမ်မှုပိုရှိတဲ့ အမေရိကန်ဒေါ်လာနဲ့ပဲ ချေးယူကြလေ့ ရှိပါတယ်။
ဒေါ်လာတန်ဖိုးတက်သွားတော့ သူ့ဆိုင်ရာနိုင်ငံ ငွေကြေးနဲ့ အကြွေးပြန်ဆပ်တဲ့ အခါ ပိုပြီး ကုန်ကျရပါတယ်။
ဒေါ်လာစျေးမာလာတဲ့ အတွက် အာဂျင်တီးနားအစိုးရအနေနဲ့ အတော်ထိခိုက် နေပါ တယ်။
အပျော်စီး သင်္ဘောတွေ၊ ဝီစကီအရက်တွေ အပါအဝင် တင်သွင်းကုန်အမျိုးမျိုးကို မတင်သွင်းဖို့ ယာယီ ပိတ်ပင်ထားပြီး သူတို့ အရန် ဘဏ္ဍာငွေ မထိခိုက်အောင် ကြိုးစား နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မာလာတဲ့ ဒေါ်လာစျေးကြောင့် နိုင်ငံအသီးသီးမှာ ဘာတွေ လုပ်နေကြလဲ
နိုင်ငံအများအပြားက သူတို့ ဗဟိုဘဏ်တိုးနှုန်းတွေကို မြှင့်တင်ပြီး သူ့တို့ရဲ့ ငွေကြေး တန်ဖိုး တက်လာအောင် ကြိုးစားနေကြပါတယ်။
ဗြိတိန်မှာ ဘဏ်တိုးနှုန်းက ၂% တက်ထားပါတယ်။ အင်္ဂလန် ဗဟိုဘဏ် (The Bank of England) က အတိုးနှုန်း နောက်ထပ်တက်နိုင်တယ်လို့လည်း ပြောထားပါတယ်၊ သုံးသပ်သူအများအပြားကလည်း ဘဏ်တိုးနှုန်းက ၆% ထိတက်နိုင်တယ်လို့ တွက်ဆ နေကြပါတယ်။
ဥရောပ ဗဟိုဘဏ်က အတိုးနှုန်းကို ၁. ၂၅% ထိမြှင့်ထားပါတယ်။
ဘဏ်တိုးနှုန်းမြှင့်လိုက်တာက စျေးတက်နေတာတွေကို ဆွဲချရေးမှာ အကူအညီ ပေးသလို၊ စီးပွားရေးလုပ်ငန်းတွေ၊ သာမန်လူတွေအနေနဲ့ ငွေချေးရာမှာ ပိုပြီး အတိုး ပေးရတဲ့အတွက် ငွေရဖို့အရေး ကုန်ကျတာပိုများသွားမှာပါ။
မိသားစုတွေအနေနဲ့ သုံးစွဲတာတွေ လျှော့ချနိုင်လာပါတယ်။
အဲလို အသုံးအစွဲတွေလျှော့ကြတဲ့အတွက် နိုင်ငံ့စီးပွားရေးက ကျုံ့သွားနိုင်ပြီး စီးပွားရေး ကျဆင်းတဲ့အခြေကို ဆိုက်နိုင်ပါတယ်။
ပေါင်တန်ဖိုးမကျခင်အချိန်ကတည်းကပဲ အင်္ဂလန် ဗဟိုဘဏ်က ဗြိတိန်ဟာ စီးပွား ရေး ကျဆင်းတာကို ကြုံနေရပြီလို့ သတိပေးထားပါတယ်။








