ဟောင်ကောင်- ဒေါ်လာ သန်းရာချီလိမ်လည်သွားတယ်ဆိုတဲ့ ခရစ်တိုငွေကြေးလုပ်ငန်း

ဓာတ်ပုံ ရင်းမြစ်, AFP
ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၁၁၆ သန်းရှိတယ်ဆိုတဲ့ တိုင်ကြားမှုတွေရှိလာတဲ့အတွက် JPEX အမည်ရှိ အွန်လိုင်းခရစ်တိုငွေကြေး (ဒစ်ဂျစ်တယ်ငွေကြေး) လုပ်ငန်းကို လိမ်လည်မှု စွပ်စွဲချက်တွေနဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
JPEX (ဂျေပက်) လုပ်ငန်းစု ကို လူ ၂,၀၀၀ က အမှုဖွင့်တိုင်ကြားခဲ့တဲ့နောက်မှာ ဆိုရှယ်မီဒီယာတွေပေါ်က လူသိများကျော်ကြားသူတွေ အပါအဝင် လူ ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။
ဒီအမှုဟာ ဟောင်ကောင်ရဲ့ လိမ်လည်မှုတွေထဲမှာ အကြီးဆုံးအမှုတစ်ခုဖြစ်နိုင်တယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးပါတယ်။
ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် ရောင်းဝယ်လုပ်ငန်း အချက်အချာတစ်ခုဖြစ်တဲ့ ဟောင်ကောင်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းအသစ်တွေအတွက် စမ်းသပ်မှုတစ်ခု ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဟောင်ကောင်ရဲ့ ငွေကြေးနဲ့ အစုရှယ်ယာလုပ်ငန်း (SFC)ကနေ ဒူဘိုင်းအခြေစိုက် ဂျေပက်ဟာ တရားဝင်လိုင်စင်မရှိဘဲလည်ပတ်နေတဲ့ လုပ်ငန်းလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဒီလုပ်ငန်းဟာ ဟောင်ကောင်မှာလုပ်ငန်းလည်ပတ်နိုင်ဖို့ ဇွန်လတုန်းက စတင်အသက်ဝင်ခဲ့တဲ့ နိုင်ငံတွင်းလုပ်ငန်းဆိုင်ရာလိုအပ်ချက်တွေကို “လိုက်နာဖို့ ကြိုးပမ်း” ခဲ့ပေမဲ့ ကော်မရှင်ရဲ့ "ပယ်ချခံရတာ ဒါမှမဟုတ် ဒီအတွက်လုပ်ခွင့်မရခဲ့တာ" ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မြောက်မြားလှစွာတဲ့ တိုင်ကြားသူတွေဟာ ဒီလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံလုပ်ငန်းနယ်ပယ်မှာ အတွေ့အကြုံမရှိသူတွေ ဖြစ်ကြပြီး အမြတ်များများရမယ်ဆိုတဲ့ မက်လုံးပေးမှုတွေနောက် လိုက်ခဲ့မိသူတွေလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
ဂျေပက်ဟာသူ့လုပ်ငန်းတွေကို လူသိဖို့ ကျော်ကြားသူတွေကို သုံးရုံမက ဟောင်ကောင် MTR ရထားတွေမှာ ကြော်ငြာဘုတ်ကြီးတွေနဲ့ ကြော်ငြာခဲ့တာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေသတွင်း ရုပ်သံမီဒီယာတစ်ခုကလွှင့်ခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာဆိုရင် ထင်ရှားကျော်ကြားသူတွေထဲက တစ်ဦးဖြစ်တဲ့ ဂျိုးဇက်လမ် ရဲ့နေအိမ်ကိုရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရဲကားပေါ်မှာ သူပါသွားတာကိုတွေ့ရပါတယ်။
မစ္စတာလမ်ဟာ ရှေ့နေတစ်ဦးဖြစ်ပြီး အာမခံရောင်းချသူအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့သူပါ။အင်စတာဂရမ်မှာ သူ့ကိုယ်သူ "Trolling King" အဖြစ်ပုံဖော်ရာကနေ ထင်ရှားသူ ဖြစ်လာတာပါ။
မစ္စတာလမ်က သူ့ရဲ့ ပို့စ်တွေမှာ သူ့ရဲ့ ဖော်လိုဝါတွေကို ဘစ်ကွိုင်မှာရင်းနှီးမြှုပ်နှံရင်ရမယ့် အကျိုးအမြတ်တွေကိုပြပြီး အိမ်ဝယ်နိုင်ရုံမက သူတို့ရဲ့ လူမှုဘဝတစ်ခုလုံးပြောင်းလဲသွားမယ့်အထိ မက်လုံးပေးခဲ့တယ်လို့ ဆိုပါတယ်။
ထင်ရှားသူ ချန်ရီလည်းဖမ်းဆီးခံထားရတဲ့အထဲ ပါပါတယ်။ သူရဲ့ ကိုယ်ပိုင်ယူကျုမှာ ပရိသတ် ၂ သိန်း ရှိပါတယ်။
ဟောင်ကောင်မှာ JPEX နဲ့ ပတ်သက်ပြီးဖမ်းဆီးစစ်ဆေးမှုတွေရှိနေလို့ သူ့ရဲ့ ကုန်သွယ်မှုလုပ်ငန်းတချို့ကို ပိတ်ထားပြီး ဟောင်ကောင်အာဏာပိုင်တွေကလည်း JPEX ရဲ့ ဝဘ်ဆိုက်ဝင်ရောက်ခွင့်ကို ပိတ်ထားပါတယ်။
ရင်းနှီးမြှုပ်နှံသူတချို့က သူတို့ရဲ့ငွေတွေကိုပြန်ထုတ်ဖို့ သူ့ရဲ့ဝက်ဘ်ဆိုက်ကို ဝင်ရောက်တဲ့အခါမှာ "ငွေစာရင်း ပြတ်လပ်မှု"ဖြစ်ပေါ်နေပြီး ဒါကိုဖြေရှင်းဖို့ကြိုးစားနေတယ်ဆိုတဲ့ မှတ်ချက်တွေ ပြန်ပို့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှူး ဂျွန်လီကတော့ စည်းမျဥ်းဥပဒေတွေနဲ့ အညီအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို လုံလောက်တဲ့ အကာအကွယ် ပေးသွားမယ်လို့ ပြောပါတယ်။
"ဒီအဖြစ်အပျက်က ဘာကိုပြနေလဲဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ အွန်လိုင်းပေါ်ကရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်တဲ့အခါ၊ လိုင်စင်ရထားတဲ့လုပ်ငန်းတွေမှာပဲ ရင်းနှီးမြှုပ်နှံရမယ်ဆိုတဲ့ အရေးကြီးပုံကို မီးမောင်းထိုးပြပါတယ်" လို့ သူကသတင်းထောက်တွေကို ပြောပါတယ်။
ဟောင်ကောင်မှာ အွန်လိုင်းငွေကြေးရှယ်ယာလုပ်ငန်းလုပ်မယ်ဆိုရင် အခုနှစ်ဇွန်လမှာစတင်လည်ပတ်တဲ့ SFC ရဲ့ လိုင်စင်ရဖို့လိုအပ်ပါတယ်။
SFC ဟာ ဟောင်ကောင်ရဲ့ ကမ္ဘာ့ဘဏ္ဍာရေးဗဟိုဌာနအဖြစ် ရပ်တည်ချက်ကို ပြန်လည်အတည်ပြုဖို့ ကြိုးပမ်းခဲ့တဲ့ ၂၀၂၂ ခုနှစ်နှောင်းပိုင်း ပြင်ဆင်ခဲ့တဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေရဲ့ အဆက် ဖြစ်ပါတယ်။
မစ္စတာလီကတော့ သူ့ရဲ့ အစိုးရအဖွဲ့အနေနဲ့ အများပြည်သူက ဒီလိုလုပ်ငန်းတွေရဲ့ အန္တရာယ်နဲ့ ဘယ်လို အလုပ်လုပ်တယ်ဆိုတာနဲ့ အသိပညာပေးသွားမယ်လို့ ပြောထားပါတယ်။
ခရစ်တိုငွေကြေးတွေအပေါ် ထိန်းချုပ်မှုမရှိတာနဲ့ ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှု မရှိတဲ့အပေါ် စိုးရိမ်မှုတွေ အရင်ကတည်းက ရှိနေခဲ့တာပါ။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ ထိန်းချုပ်သူမရှိ အချင်းချင်းတိုက်ရိုက် ဖလှယ်နိုင်တဲ့ ဒီလုပ်ငန်းရဲ့ အကျိုးအမြတ်တွေကို မက်မောခဲ့ကြပါတယ်။
ဟောင်ကောင်ဟာ အာရှရဲ့ ဘဏ္ဍာရေးမြို့တော်တွေထဲက တစ်ခုဖြစ်ပြီး ၁၉၉၇ ခုနှစ်ဗြိတိသျှအုပ်ချုပ်မှုကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးပြီးတဲ့နောက် ပြည်မကြီးမှာ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် တံခါးပေါက် ဖြစ်လာခဲ့တာပါ။
ဟောင်ကောင်ဟာ ခရစ်တိုငွေကြေးအရောင်းအ၀ယ်တွေအပါအဝင် နောက်မျိုးဆက် အဆင်မြင့်အင်တာနက် နည်းပညာ ဒါမှမဟုတ် Web 3.0 အတွက် ဗဟိုချက်တစ်ခုအဖြစ် တည်ထောင်ဖို့ကြိုးပမ်းနေတာပါ။
တရုတ်နိုင်ငံ ပြည်မကြီးမှာ၂၀၂၁ နောက်ပိုင်းကတည်းက ခရစ်တိုငွေကြေးကို ပိတ်ပင်ခဲ့ပြီးဒီလုပ်ငန်းတွေက "လူတွေရဲ့ပိုင်ဆိုင်မှုတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်" လို့ပြောထားတာပါ။
JPEX လို လုပ်ငန်းတွေအနေနဲ့ လိုင်စင်ရှိဖို့လိုတာဆိုတာ တာဝန်ယူမှုရှိဖို့နဲ့ လိုအပ်တဲ့အခါ အလျော်အစား ပေးနိုင်အောင် ဖြစ်တယ်လို့ ဟောင်ကောင်ရဲ့ နည်းပညာအဖွဲ့ချုပ် အကြီးအကဲ ဖရန့်စစ်ဖုန်း က ဘီဘီစီကိုပြောပါတယ်၊
‘’ဆိုလိုတာက ကြီးကြပ်ကွပ်ကဲမှုရှိရင် ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘူး ‘’ လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါပေမဲ့ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူတချို့ကတော့ တည်ဆဲဥပဒေတွေက တရားမ၀င်လုပ်ငန်းလည်ပတ်မှု နဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးဖို့ မလုံလောက်နိုင်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်လူမူကွန်ရက်မှာတော့ '' JPEX ကြောင့် ဒုက္ခရောက်သူများ'' ဆိုတဲ့ အဖွဲ့ကို ရင်းနှီးမြှုပ်နှံခဲ့သူတွေက ထောင်ထားကြပါတယ်။
အဲဒီထဲက အဖွဲ့ဝင်တစ်ယောက်ကတော့ ဟောင်ကောင်ရဲ့ ရထားလိုင်း MTR နေရာအနှံ့က JPEX ကြော်ငြာတွေက သူ့ကို စွဲဆောင်ခဲ့တယ်လို့ပြောပါတယ်။
အွန်လိုင်းမှတ်ချက်ပေးသူ ဖန်ဟိုင်းကင်ရဲ့ ရထားလိုင်းရဲ့ တာဝန်ရှိသူတွေကို ဝေဖန်တဲ့ပို့စ်ဟာ ကြိုက်နှစ်သက်ကြောင်းပြသသူ ၃,၇၀၀ကျော်နဲ့ ပြန်လည်မျှဝေသူ ၄၀၀ ရှိခဲ့ပါတယ်။
JPEX ဝက်ဘ်ဆိုက်မှာဖော်ပြချက်အရ လုပ်ငန်းဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ ရုံးစိုက်ပြီး အမေရိကန် ၊ ကနေဒါ နဲ့ သြစတေးလျနိုင်ငံတွေမှာ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေအတွက်လိုင်စင်ရထားတယ်လို့ဖော်ပြထားပါတယ်။ ဝဘ်ဆိုက် ရဲ့ About Us ကဏ္ဍမှာ နိုင်ငံသုံးနိုင်ငံက လိုင်စင်ဖြစ်ပုံရတဲ့ မထင်မရှားပုံတွေကိုပြထားပါတယ်။
JPEX ကို ၂၀၂၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဒေါ်လာ ၂ ဘီလီယံ ပိုင်ဆိုင်ပြီး ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ် ငွေကြေး ကိုယ်စားလှယ်လုပ်ငန်း ၅ ခုမှာ ဝင်ရောက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာရဲ့ စစ်ဆေးကြည့်ချက်အရ JPEX ရဲ့ ဟောင်ကောင်လိပ်စာဟာ Coffee လို့ခေါ်တဲ့ လုပ်ငန်းတစ်ခုကပိုင်ဆိုင်တယ်လို့ သိရပါတယ်။
ဆိုင်ဝန်ထမ်းတချို့ရဲ့ အပြောအရ သူတို့ JPEX ကိုသတိမထားမိခဲ့သလို အစောပိုင်းက ဟောင်ကောင်ရဲတွေက လိပ်စာကိုစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
JPEX ဟာ ထိုင်ဝမ်မှာ ရုံးခွဲတစ်ခု ရှိတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
ဒါပေမဲ့ မကြာသေးမီက အဲဒီကိုစစ်ဆေးတဲ့အခါ ဘာလုပ်ငန်းမှရှိမနေဘူးလို့ဖော်ပြပါတယ်။
ထိုင်ဝမ်မှာ ထင်ရှားကျော်ကြားတဲ့ နိုင်းချန်ကို JPEX က အလုပ်ခေါ်ယူခန့်ထားတာ၊ လက်ဝှေ့ပွဲတစ်ပွဲကို ပံ့ပိုးတာတွေ လုပ်ခဲ့ဖူးပါတယ်။
ဟောင်ကောင်မှာ JPEX ရဲ့လုပ်ငန်းလိုင်စင်မရှိဘူးဆိုတဲ့ ဟောင်ကောင်အာဏာပိုင်တွေရဲ့ ပြောကြားချက်နောက်မှာ မစ္စတာချန်က ပြီးခဲ့တဲ့သီတင်းပတ်က သူ့ရဲ့အင်စတာဂရမ်မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။
"JPEX ဖြစ်နေတဲ့အခြေအနေတွေကို နားလည်ချင်ခဲ့ပေမယ့် လောလောဆယ် JPEX မှာရှိတဲ့ သက်ဆိုင်ရာလူတွေကို ဆက်သွယ်လို့ မရသေးဘူး" လို့ရေးခဲ့ပါတယ်။
“ကုမ္ပဏီက တခြား အသေးစိတ်အချက်အလက်တွေကို ကိုင်တွယ်နေပါတယ်။ သက်ဆိုင်ရာဌာနတွေက စုံစမ်းစစ်ဆေးဖို့ လိုအပ်ရင် ကျွန်တော် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှာပါ” လို့ သူက ပြောပါသေးတယ်။








