မုန်လိုင်ခက်က မီးမောင်းထိုးပြတဲ့ ကချင်ဒုက္ခသည်ထောင်ချီအကျပ်အတည်း

ဓာတ်ပုံ ရင်းမြစ်, Simsa Kasa
ကချင်လွတ်လပ်ရေးတပ်(KIA)ဌာနချုပ်အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုဖြစ်တဲ့အခါ အဲဒီက စစ်ရှောင်ရာချီဟာ အနီးနားက စစ်ရှောင် ၆၀၀၀ ကျော်ရှိတဲ့ ဝေကြိုင်ဒုက္ခသည်စခန်းမှာ ရွှေ့ပြောင်း ခိုလှုံကြပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)ကလည်း မုန်လိုင်ခက် စစ်ရှောင်တွေ ဝေကြိုင်ကို တိမ်းရှောင်ရတာကြောင့် ဝေကြိုင်က ဒုက္ခသည်တွေအပေါ်လည်း သက်ရောက်မှု ရှိတယ်လို့ ပြောဆိုပါတယ်။
ဒါနဲ့ တဆက်တည်း UNOCHA ဘက်က ပြောလာတာကတော့ ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ အကန့်အသတ်တွေအကြောင်းဖြစ်ပါတယ်။
မုန်လိုက်ခက်ဟာ ကချင်မှာ လူသားချင်းစာနာမှု အကူအညီတွေရောက်ဖို့ ကန့်သတ်ချက်တွေရှိတဲ့နေရာတွေထဲက တစ်ခုဖြစ်တာကို ထောက်ပြပါတယ်။
ဒါ့ကြောင့် မိတ်ဖက် စာနာရေးအကူအညီပေးတဲ့အဖွဲ့တွေဟာ စစ်ရှောင်တွေဆီ အချိန်တဲ့တပြေးညီ အကူအညီရောက်နိုင်အောင် လုံခြုံတဲ့ သွားလာ ကူညီခွင့် ရဖို့ လိုအပ်တဲ့အကြောင်းကိုလည်း UNOCHA က ပြောထားပါတယ်။
ကချင်ကို ဘယ်လို အဟန့်အတားတွေကြုံနေရလဲဆိုတာကို ဘီဘီစီက UNOCHA ဘက်ကို ဆက်သွယ် မေးမြန်းပေမဲ့ တိတိကျကျ ပြန်လည်ဖြေဆိုတာမရှိဘဲ သွားလာခွင့်အကန့်အသတ်နဲ့ ရန်ပုံငွေနည်းပါးမှုတွေကြားကနေ လူသားချင်းစာနာမှုအကူအညီတွေကို တတ်နိုင်သမျှဆက်ပြီးပေးဖို့ ကြိုးပမ်းလို့ ပြန်လည်တုံ့ပြန်ဖြေကြားပါတယ်။
KIO ဌာနချုပ်ရှိရာ လိုင်ဇာအနီးက လူထောင်ချီရှိတဲ့ ဝေကြိုင်၊ ဂျေယန်းနဲ့ ဖုန်လွမ်ယမ် စစ်ရှောင်စခန်းကြီး ၃ ခုမှာတော့ စစ်ရှောင်တွေဟာ လက်ရှိဖြစ်နေတဲ့ စစ်ကောင်စီတပ်နဲ့ KIA/PDF ပူးပေါင်းတိုက်ပွဲတွေကြောင့် တကျော့ပြန် စစ်ရှောင် ပြန်ဖြစ်လာနေကြပါတယ်။
စစ်ရှောင်တွေထဲက တချို့ဟာ နေရပ်ပြန်ပြီး လယ်ယာစိုက်ပျိုးခဲ့ကြတာရှိပေမဲ့ တိုက်ပွဲတွေ၊ လက်နက်ကြီး ကျရောက်တာတွေနဲ့ ဘေးအန္တရာယ်စိုးရိမ်ကြောင့်ကြတာတွေကြောင့် ဝေကြိုင်၊ ဂျေယန်းနဲ့ ဖုန်လွမ်ယမ် ဒုက္ခသည် စခန်းကြီးတွေကို ပြန်ရောက်လာနေကြပါတယ်။
ဒီဒုက္ခသည်စခန်းကြီးတွေဟာ လိုင်ဇာနဲ့ မိုင်အနည်းငယ်အကွာမှာရှိပြီး အနည်းဆုံး လူ ငါး ထောင်နဲ့အထက်ရှိတဲ့ စခန်းကြီးတွေဖြစ်ပါတယ်။
အဲဒီထဲမှာ ဝေကြိုင်ကတော့ အောက်တိုဘာလ ၉ ရက်ညပိုင်းတုန်းက လက်နက်ကျ၊ ပေါက်ကွဲမှုဖြစ်ပြီး လူပေါင်း ၂၉ ဦးသေဆုံးခဲ့တဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းနဲ့ ၂ မိုင်အနီးမှာရှိပြီး လိုင်ဇာကို သွားတဲ့လမ်းမှာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kachin Gender Star Group
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အောက်တိုဘာ ၉ ရက် မုန်လိုင်ခက်ဖြစ်ရပ်ဆိုးဖြစ်တဲ့နောက်မှာတော့ အဲဒီက အသက်ရှင်ကျန်ရစ်သူ စစ်ရှောင် ၆၀၀ နီးပါးဟာ အနီးနား ၂ မိုင်လောက်အကွာက ဝေကြိုင်ဒုက္ခသည်စခန်းကြီးဆီ တိမ်းရှောင်နေကြပါတယ်။
‘‘ဒုက္ခသည်တွေက ဝေကြိုင် စစ်ရှောင် စခန်းရဲ့ ရိက္ခာ ဂိုဒေါင်ထဲမှာပဲ နေရတုန်းဖြစ်ပါတယ်။ တရုတ်နိုင်ငံရောက် ကချင်တိုင်းရင်းသားတွေက လှူဒါန်းတာတွေရှိနေပေမဲ့ အကူအညီတွေ လိုနေသေးတယ်။ သူတို့(မုန်လိုင်ခက် စစ်ရှောင်)တွေကို ဘာမှမလုပ်ခိုင်းဘူး။ အခုတော့ ဒီက စခန်းအကွက် မှတ် ၁၊ ၂၊ ၃ က အလှည့်ကျ ထမင်းဟင်းချက်ကျွေးနေကြတယ်။ မျှစား၊ ဝေစားပေါ့ ’’ လို့ ဝေကြိုင် စစ်ရှောင်စခန်းမှာ နေထိုင်သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
‘‘အကူအညီတွေ ရတာကနည်းသွားပြီ။ တကယ့်ကို နည်းသွားတာ။ အရင်ရနေတဲ့အကူအညီရဲ့ တဝက်လောက်ပဲရတော့တယ်။ ကိုဗစ်မဖြစ်ခင်တုန်းကတော့ ငှက်ပျောခြံအလုပ်တွေ ဘာတွေရှိတော့ နေ့စားလိုက်လုပ်ရင်း ဝင်ငွေနည်းနည်းရသေးတယ်။ အခု လုပ်စရာလည်းမရှိ၊ အကူအညီတွေလျော့ကျနေလို့ ဖြစ်သလိုပဲ စားသောက်နေထိုင်နေရတယ်’’ လို့ သူက ဆက်ပြောပြပါတယ်။
အခုတော့ အဝတ်တထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာတဲ့ မုန်လိုင်ခက် စစ်ရှောင်ရာချီဟာ ဝေကြိုင်ဒုက္ခသည် စခန်းမှာသောင်တင်နေပါတယ်။
‘‘မုန်လိုင်ခက် စခန်းတိုက်ခိုက်ခံရမှုမှာ မိသားစုလိုက် ဆုံးပါးသူတွေရှိတယ်။ ကိုယ့်လယ်ယာတွေထဲ ပြန်နေတဲ့သူတွေလည်း ဒုက္ခသည်စခန်းမှာ သွေးသားရင်းချာတွေသေဆုံးကုန်တော့ အကုန်ပြန်လာပြီး ဝေကြိုင်ကို ရောက်လာတယ်။ လက်နက်ကြီးအန္တရာယ် ကြောက်တာလည်း ပါတာပေါ့လေ’’ လို့ စစ်ရှောင်တွေ အရေးအကူအညီပေးနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဝေကြိုင်မှာလည်း လက်နက်ကြီးကျရောက်မယ့်အန္တရာယ်ကို စိုးရိမ်နေရတုန်းဖြစ်ပါတယ်။
‘‘အနီးနား ဝန်းကျင်တွေမှာ ဟိုနားကျ ဒီနားကျ တာတွေရှိခဲ့ပေမဲ့ လူသူလှမ်းတဲ့နေရာမျိုးဆိုတော့ ဒီလိုပဲ နေခဲ့ကြတာ။ မုန်လိုင်ခက်ဖြစ်တော့ စိုးရိမ်တယ်။ လက်နက်ကြီးတွေကလည်း စစ်တပ်ဘက်က ညနေစောင်းဆို ပစ်ပြီ။ အသံတွေ တဒုန်းဒုန်းနဲ့ကြားနေရတယ်။ ဘယ်ကို ပစ်တယ်ဆိုတာ မသိပေမဲ့ မုန်လိုင်ခက် ဟိုးဘက် ခပ်ဝေးဝေးတောင်တန်း ၂ ခု ကျော် လောက်မှာ ရခိုင် စခန်းရှိတယ်လေ။ အဲဒီဘက်ကို ပစ်ပုံရတယ်’’ လို့ ဝေကြိုင် စစ်ရှောင်စခန်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရက္ခိုင့်တပ်တော်(အေအေ) ပါဝင်တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကတော့ လိုင်ဇာအနီးက အေအေ စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ အေအေအရာရှိတစ်ဦးသေဆုံးတာကို ထောက်ပြပြီး မုန်လိုင်ခက်ကိုလည်း စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်တာလို့ လူဆယ်ချီသေဆုံးတာဆိုပြီး စာထုတ်ရှုတ်ချပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာမဟုတ်ဘဲ KIA ရဲ့ ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲတာကြောင့်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒီအတောအတွင်းမှာပဲ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)ကတော့ မုန်လိုင်ခက် ဒုက္ခသည် စခန်း တိုက်ခိုက်ခံရမှုဟာ စစ်ကောင်စီက လေယာဥ်နဲ့ကြဲချတဲ့ဗုံးကြောင့် ပေါက်ကွဲမှုဖြစ်ပြီး သိသာတဲ့စစ်ရာဇဝတ်မှု လို့ ထုတ်ပြန်ပြောဆိုလာပါတယ်။
တိုက်ခိုက်မှုအပြီးမှာ မျက်မြင်သက်သေတွေနဲ့ ဓာတ်ပုံတွေ၊ ရုပ်သံတွေကို စစ်ဆေးမေးမြန်းမှုတွေအရ မြန်မာစစ်တပ်ဟာ အဲဒီရွာကို အရင် လေကြောင်းတိုက်ခိုက်ပြီးမှ မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကိုလည်း ပြသနေတယ်လို့ HRW က ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာက အပျက်အစီးဓာတ်ပုံတွေကိုကြည့်ရင် လေယာဥ်နဲ့ကြဲချတဲ့ ပေါက်ကွဲအားမြင့်ဗုံးတွေ ကနေ ထွက်လာတဲ့ ရိုက်ခတ်မှုလှိုင်းတွေကြောင့်ဖြစ်တယ်ဆိုတာကိုလည်း ပြသနေတယ်လို့ HRW က သုံးသပ်ပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
တဖက်မှာလည်း မုန်လိုင်ခက် ပေါက်ကွဲမှုကနေ ဒဏ်ရာရတဲ့ လသားအရွယ် ရင်ခွင်ပိုက်ကလေးငယ်တွေအပါအဝင် လူပေါင်း ၅၀ ခန့်ဟာ လိုင်ဇာမြို့က ပြည်သူ့ဆေးရုံမှာ ဆေးရုံတက် ကုသနေရဆဲဖြစ်ပါတယ်။
‘‘အမေက ရင်ခွင်အုပ်ထားလို့ အသက်မသေခဲ့ပေမဲ့ ပါးလေး လက်ကလေး ခြစ်ရာတွေ ရသွားတဲ့ လသားကလေးကတော့ ကျန်ရစ်တဲ့အဖေဖြစ်သူက နို့ဘူးတိုက်မွေးနေတယ်။ သူတို့အကို အကြီးဆုံးလေးက မျက်နှာနဲ့ ခြေသလုံးတွေမှာ လက်နက်ကျည်စတွေ မှန်တာ ခွဲထုတ်ပေးလိုက်လို့ သက်သာနေပြီ။ ဒုတိယ အလတ်ကောင်လေးကတော့ ညာဘက်လက် ပခုံးဆစ်ကနေ တံတောင်အထိ ကျိုးသွားလို့ ကျောက်ပတ်တီး ကိုင်ထားရတယ်။ သူတို့မိသားစုမှာ မုန်လိုင်ခက် တိုက်ခိုက်ခံရချိန် အဖေက တခြားရောက်နေလို့ အသက်မဆုံးတာ။ သေသွားသူတွေထဲ သူတို့အဖေရဲ့ အဖေ၊ အမေ၊ နောက် သူတို့ ဦးလေးမိသားစုပါတယ်။ ဒဏ်ရာသူတွေထဲမှာ ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ အများဆုံးပါတယ်’’ လို့ လိုင်ဇာဆေးရုံမှာ လူနာသွားကြည့်ခဲ့သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Simsa Kasa Multimedia
တရုတ်-မြန်မာ နယ်စပ်နဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေတွေထဲ အပါအဝင် ကချင်ပြည်နယ်ထဲ စစ်ရှောင် ၂ သိန်းကျော်အထိရှိနေပြီး ဒီစစ်ရှောင်တွေအရေအတွက်ဟာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် တဖန်စစ်ရှောင်ဖြစ်လာသူတွေပါ။ ဒီအရေအတွက်ဟာ တိုးလာနေတယ်လို့ ကချင်စစ်ရှောင်တွေအရေးကူညီသူတွေက ပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ကချင်စစ်ရှောင်တွေကို အကူအညီပေးမှုတွေလည်း ကျဆင်းလာနေတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေက ဘီဘီစီကိုပြောပါတယ်။
‘‘ဥပမာ ဖုန်လွမ်ယန်နဲ့ ဝေကြိုင်မှာဆိုရင် အရင်တုန်းက ဆန်၊ ငရုတ်သီး၊ ကြက်သွန်၊ ဆားတွေ ပေးရာကနေ ဆန်နဲ့ ပိုက်ဆံပဲပေး။ ဆန်ရဲ့ အရေအတွက်ကိုတော့ လျှော့ချမပေးဘဲ ပိုက်ဆံတော့ လျှော့ပေးလာတယ်။ အကူအညီတွေကတော့ ကျွန်မတို့ ဒေသန္တရ အကူအညီပေးရေးအဖွဲ့တွေ၊ ပြည်ပရောက် ကချင်တိုင်းရင်းသားတွေက အချင်းချင်းပြန်လည်ဖေးမကြတာတွေနဲ့ပဲ အဓိက မျှဝေပေးနေကြပါတယ်’’ လို့ စစ်ရှောင်အရေးအကူအညီပေးနေသူက ပြောပါတယ်။
KIO ဘက်ကတော့ နိုင်ငံတကာအကူအညီတွေ လျော့ကျလာတဲ့အချိန်မှာ စားနပ်ရိက္ခာ တစ်စုံတစ်ရာ နည်းလမ်းနဲ့ ပြန်ဖြည့်ဆည်းနိုင်ဖို့ စစ်ရှောင်စခန်းမှာနေထိုင်သူတွေ အနေနဲ့ ကိုယ့်ဒေသမှာ စပါး၊ သီးနှံ စတာတွေကို အားစိုက်ပြီး စိုက်ပျိုးကြဖို့ တိုက်တွန်းတာတွေ လုပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။









