ဇွန်လ ၇ ရက် ထိပ်တန်းသတင်းများ - နတ်သံကွင်းမှာ ပစ်ခတ်သံတွေ ဆက်ကြားနေရတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, ကျောက်ကြီးစစ်ရှောင်ကူညီရေး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့မှာ လက်နက်ကြီးငယ် ပစ်ခတ်သံတွေ ဒီနေ့ ဇွန်လ ၇ ရက်မှာလည်း ဆက်ကြားနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
နတ်သံကွင်းမြို့ ရဲစခန်းကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ ဇွန်လ ၆ ရက်မှာ ဝင်ရောက်တိုက် ခိုက်ခဲ့တာဖြစ်ပြီး နတ်သံကွင်းနဲ့ ပဲနွယ်ကုန်းကို ဆက်ထားတဲ့ စစ်တောင်းမြစ်ပေါ်က တံတားတစ်စင်းကိုလည်း ဖြိုဖျက်ခဲ့တာကြောင့် မနေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ဒီနေ့မှာလည်း လက်နက်ကြီးငယ်အသံတွေ ဆက်ပြီးကြားနေရသလို ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
‘‘နတ်သံကွင်းမှာ စစ်တပ်ကလည်း နေရာပြန်ယူနေတယ်။ ဟိုဘက်(KNLA/PDF) ကလည်း ဝိုင်းထားတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒီနေ့လည်း ပစ်ခတ်တိုက်ခိုက်သံတွေကြားရတယ်။ ဒေသခံအများစု ကတော့ ဖြိုထားတဲ့ နတ်သံကွင်းတံတားကို ခဲရာခဲဆစ်ဖြတ်ပြီး ပဲနွယ်ကုန်းဘက်ကို ပြေးနေကြတယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
လက်ရှိမှာ မနေ့က တိုက်ပွဲကြောင့် နတ်သံကွင်းတံတားအနီးတဝိုက်မှာနဲ့ မြို့လယ်ရဲစခန်းတဝိုက်မှာ နေထိုင်သူ မရှိသလောက်ဖြစ်သွားပြီလို့လည်း သိရပါတယ်။
‘‘အဓိကကတော့ တိုက်ပွဲဖြစ်ရင် လေယာဥ်နဲ့လာပစ်တော့ တိုက်ပွဲကြားညပ်မှာ ကြောက်ပြီး ထွက်ပြေးတိမ်းရှောင်ကြတာ။ မနေ့တုန်းကလည်း တိုက်ပွဲပြင်းထန်တော့ စစ်တပ်က ရဟတ်ယာဥ်တွေနဲ့ လာပစ်သွားတာကိုး’’ လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ ဒီနေ့မှာ နတ်သံကွင်းတံတားမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာပေါင်း ၁၀ ရွာနီးပါးက ဒေသခံ ၂ သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ဖော်ပြနေသလို စစ်ရှောင်အရေအတွက် ၂ သောင်းနီးပါးရှိတယ်ဆိုတဲ့အကြောင်းကိုလည်း ကျောက်ကြီးနဲ့ မုန်းဒေသစစ်ရှောင်ကူညီနေသူတွေက ပြောထားပါတယ်။
မနေ့တုန်းက နတ်သံကွင်းတစ်လျှောက်ဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအချို့လည်း သေဆုံးတယ်လို့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထုတ်ပြန်ပြောဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ နတ်သံကွင်းရဲစခန်းတိုက်ခိုက်ခံရတာနဲ့ တံတားဖျက်ဆီးခံရတာကို အတည်ပြုပြောဆိုပေမဲ့ ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။
ညောင်တုန်းငလျင်- မအူပင်မှာ သီလရှင်တစ်ဦးအပါအဝင် ၂ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Ashin Pandita
ဒီနေ့ ညနေပိုင်းမှာ လှုပ်ခတ်သွားတဲ့ငလျင်ကြောင့် မအူပင်မြို့လယ်မှာ သီလရှင်တစ်ပါးနဲ့ ယောဂီအမျိုးသမီးတစ်ဦး ဆုံးပါးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
သေဆုံးခဲ့သူ နှစ်ဦးစလုံးဟာ ငလျင်ကြောင့် ထီးတော်ထိပ်ပိုင်းတိမ်းညွတ်သွားတဲ့ မြို့လယ်က ရွှေဘုန်းမြင့် ဘုရားကြီးဝင်းအတွင်းက မိုးကုတ်ဝိပဿနာတရားစခန်းကို ဝတ္တုပစ္စည်းသွားလှူသူ အမျိုးသမီးနဲ့ သီလရှင်တစ်ပါးဖြစ်တယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။
‘’မိုးကုတ်ဝိပဿနာက အာစိန္နကံ ယောဂီအမျိုးသမီးတစ်ဦးနဲ့ သီလရှင်တစ်ပါး သေဆုံးပါတယ်။ အပေါ်က မျက်နှာကြက်ကျောက်ပြားပြိုကျလို့ ပြီးပြီးဆုံးပါးတာ။ အခုလည်း ငလျင်လှုပ်တာ ၄ ကြိမ်ရှိပြီ။ ၂ ကြိမ်ကအတော်လေးပြင်းတယ်’’လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အဲဒီငလျင်ကြောင့် မအူပင်တက္ကသိုလ် ပင်မဆောင်မှာရှိတဲ့ ဘွဲနှင်းသဘင်ခန်းမရဲ့ အုပ်နံရံအစိတ်အပိုင်းအချို့ အချပ်လိုက်ကွာကျသွားတာကိုလည်း ဒေသခံတွေက လူမှုကွန်ရက်မှာ မျှဝေနေပါတယ်။
ညောင်တုန်း၊ အလယ်ချောင်းရွာအနီးကို ဗဟိုပြုတဲ့ ငလျင်လှုပ်ခတ်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ထဲက အလယ်ချောင်းနဲ့ချောင်းကြီးကျေးရွာတွေအနီးကို ဗဟိုပြုတဲ့ ငလျင်တစ်ခု ပြီးခဲ့တဲ့ နာရီပိုင်းက လှုပ်ခတ်သွားတယ်လို့သိရပါတယ်။
အဲဒီငလျင်ဟာ မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ၄.၈ မဂ္ဂနီကျူ့ရှိတယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီငလျင်လှုပ်ခတ်တဲ့ဒဏ်ကို ညောင်တုန်းမြို့နဲ့ မိုင်ဆယ်ချီအကွာအဝေးကတောင် သိရှိခံစားရတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။
ငလျင်ကြောင့် မအူပင်မြို့လယ်က ရွှေဘုန်းမြင့်ဘုရားကြီးရဲ့ ထီးတော်ထိပ်ပိုင်း ကွေးညွတ်သွားတာကိုလည်း တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ငလျင်ဗဟိုချက်ဟာ ကမ္ဘာအေးမြေငလျင်စခန်းကနေ အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်အကွာမှာဖြစ်ပွားခဲ့တာဖြစ်လို့ ရန်ကုန်မြို့၊ အင်းစိန်၊ လှိုင်သာယာနဲ့ စမ်းချောင်းမြို့နယ်တွေမှာပါ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လီလီနိုင်ကျော် နောက်ဆက်တွဲ နှစ်လောင်းပြိုင် လူသတ်မှု ဒေသခံတွေ ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်တပ်ထောက်ခံသူ နဲ့ အမျိုးသားရေးလှုပ်ရှားသူအဖြစ် လူသိများတဲ့ အဆိုတော် လီလီနိုင်ကျော် ကို ပစ်ခတ်ခဲ့သူလို့ စွပ်စွဲခံထားရသူတစ်ဦးရဲ့ မိသားစုဝင် နှစ်ဦး မနေ့ ဇွန် ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ထန်းတပင်မြို့နယ်မှာ အသတ်ခံခဲ့ရပါတယ်။
အသက် ၅၈ အရွယ် သရုပ်ဆောင်၊ အဆိုတော် လီလီနိုင်ကျော်ဟာ မေလ ၃၀ ရက်မှာ ပစ်ခတ်ခံရခဲ့ရပြီးတဲ့နောက် ဇွန်လ ၆ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့ပြီးနောက် ညနေပိုင်းမှာပဲ ရိုးကြီး နှစ်လောင်းပြိုင်လူသတ်မှု ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ရိုးကြီးကျေးရွာမှာ ဖြစ်ခဲ့တဲ့ ဒီလူသတ်မှုမှာ Special Task Force- STF အဖွဲ့ဝင် ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နှင့် အစ်မဝမ်းကွဲ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး လက်ဝတ်လက်စားတွေကိုတောင် ချွတ်ယူမသွားဘူးလို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ရိုးကြီးကျေးရွာအစွန်မှာရှိတဲ့ အခင်းဖြစ်ပွားခဲ့တဲ့နေအိမ်ဟာ နေ့ကလေးထိန်းမူကြိုဖွင့်ထားပြီး ညနေ ၄ နာရီမှာ ကျောင်းဆင်းသွားတာဖြစ်လို့ အဲဒီအချိန်နောက်ပိုင်းမှာမှ အသတ်ခံခဲ့ရတယ်လို့နားလည်ရပါတယ်။
ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဟာ အသတ်ခံရတဲ့သတင်းကို ညနေ ၇ နာရီ ဝန်းကျင်မှာသိရပြီး သွေးအိုင်ထဲက အလောင်းနှစ်လောင်းကို လှိုင်သာယာဆေးရုံကို ပို့ခဲ့တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
အသတ်ခံရတဲ့ ဒေါ်သဲမာလာဝင်းဟာ သားသမီး နှစ်ဦးနဲ့အတူ ဧည့်စာရင်းနဲ့ နေထိုင်သူဖြစ်ပြီး သူ့ရဲ့တူမဖြစ်သူဟာ အိမ်ကိုအလည်လာရင်း အသတ်ခံခဲ့ရတာလို့ အုပ်ချုပ်ရေးမှူးရုံးနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
‘’ကလေး နှစ်ယောက်က အပြင်သွားနေတော့ လွတ်သွားတယ်’’ လို့ သူက ပြောပါတယ်။
ဘီဘီစီကဆက်သွယ်လို့ရခဲ့တဲ့ ရိုးကြီးကျေးရွာမှာ နေထိုင်သူတချို့ကတော့ ဒီလူသတ်မှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာကို မပြောပြနိုင်ကြဘဲ အခင်းဖြစ်ပွားပြီးမှသာ သိခဲ့ရတဲ့အကြောင်း ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပရဟိတမင်းခေါင်
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တက်လမ်းမှာ အရုဏ်ဆွမ်းခံကြွတဲ့ အသက် ၉၃ အရွယ် ဘုန်းကြီးတစ်ပါးကို ကားတစ်စီးက တိုက်မိပြီးနောက် အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒုလ္လဘဦးပဉ္စင်းတစ်ပါးနဲ့အတူ အရုဏ်ဆွမ်းခံကြွတဲ့ ဦးသြဘာသကို Light Truck ကားတစ်စီးက သီတဂူဗုဒ္ဓတက္ကသိုလ်အနီးတောင်တက်လမ်းမှာ ဇွန်လ ၆ ရက် မနက် ၅ နာရီခန့်မှာ တိုက်မိခဲ့တာလို့ ဦးသြဘာသရဲ့ သားသမက်ဖြစ်သူ ပရဟိတမင်းခေါင်အသင်းဥက္ကဋ္ဌက ပြောပါတယ်။
‘‘အသက်ကြီးပြီဆိုတော့ ဆွမ်းခံမကြွဖို့ တားကြပေမဲ့ ဆွမ်းခံကြွမှ ကျန်းမာတယ်ဆိုပြီး ဆွမ်းခံကြွနေတာ။ အဲဒီမနက်တုန်းက ကားနောက်မှန်နဲ့တိုက်မိတော့ လဲကျသွားတဲ့အချိန် ပြန်ထိုင်နိုင်သေးတယ်လို့ အတူဆွမ်းခံကြွတဲ့ ဦးပဥ္စင်းက ပြန်ပြောပြတယ်။ ဦးဇင်းက ကျောင်းတိုက်ထဲကို ပြန်သတင်းပို့တဲ့ အချိန် ကားက ဆေးခန်းခေါ်သွားတယ်။ ဘုန်းကြီးကို ဆေးခန်းပြပေးမယ်ဆိုပြီး ခေါ်သွားတယ်။ နောက်တော့ ဘုန်းကြီးကို ဘယ်လာပြန်ပို့ရမလဲဆိုပြီး ကားသမားတွေဘက်က ဖုန်းဆက်လာတော့ သူ သီတင်းသုံးတဲ့ အဘယခေမာရွှေ တောင်ကြားကျောင်းတိုက်ကို လာပို့ဖို့ ပြောလိုက်တော့ လာမပို့ဘူး။ အဲဒါနဲ့ လိုက်ရှာကြတော့ ကျောင်းတောင်ဘက် တောင်တက်လမ်းမှာ ဘုန်းကြီးကို ခွေခွေလေးတွေ့ကြတော့ အသက်မရှိတော့ဘူး’’ လို့ ပရဟိတမင်းခေါင်အဖွဲ့ဥက္ကဋ္ဌက ဘီဘီစီကို ပြောပါတယ်။
အခုတော့ ဒီဖြစ်စဥ်ကို ယာဥ်တိုက်မှုအနေနဲ့ အောင်မြေသာစံမြို့နယ် ရဲစခန်မှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
‘‘ကားတိုက်တဲ့အချိန် လိုက်ထရပ်ကားနံပါတ်ကို အတူဆွမ်းခံကြွတဲ့ ဦးပဥ္စင်းက ဓာတ်ပုံရိုက်ထားလိုက်တယ်။ တိုက်တဲ့ကားကလည်း အနီးနား ဘုန်းကြီးကျောင်းက ဘုန်းကြီးရဲ့ ဆွေမျိုးတွေ မောင်းတာလို့သိရတယ်။ လာတောင်းပန်ကြတယ်။ အချိန်တွေလွန်ပြီး သေဆုံးတဲ့အထိဖြစ်ကုန်တာ။ ဒါပေမဲ့ အမှုက ဖွင့်ပြီးနေပြီ’’ လို့ သူက ပြောပြပါတယ်။
ဝါတော် ၂၅ ဝါရှိပြီဖြစ်တဲ့ ဦးသြဘာသရဲ့ စျာပနကိုတော့ မနက်ဖြန် ဇွန်လ ၈ ရက် မွန်းလွဲပိုင်းမှာ အေးရိပ်ငြိမ်သုသာန်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။
ကော့ကရိတ်မှာ လက်နက်ကြီးကျလို့ ၁၂ နှစ်အရွယ် ကလေးသေဆုံး၊ မိခင်နဲ့ ညီမဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, Karen Peace Support Network
ဇွန်လ ၇ ရက်၊ ဒီကနေ့မနက်ပိုင်း ၉ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ရွာထဲက နေအိမ်ထဲကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၁ ဦးသေဆုံးပြီး၊ အခြားမိသားစုဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Karen Peace Support Network အဖွဲ့ထံကသိရပါတယ်။
အသက် ၁၂ အရွယ်ယောကျ်ားလေး ၁ ဦးသေဆုံးခဲ့သလို၊ အသက် ၄နှစ်အရွယ် မိန်းကလေးက ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး၊ သူတို့ရဲ့ မိခင်ဖြစ်သူ အသက် ၄၃ နှစ်အရွယ်အမျိုးသမီးကလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။
ကော့ကရိတ်မြို့နယ်အနီး အာရှလမ်းမနား ဒေသအခေါ် လှိုင်ဝနားက စစ်ကောင်စီတပ် လက်နက်ကြီးကုန်း ကနေလှမ်းပစ်ခဲ့တာလို့ ပစ်ခတ်မှုကို သိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
“တိုက်ပွဲက တခြားဘက်မှာဖြစ်နေတာ၊ သူတို့ဘယ်လိုတွေ လိုက်ပစ်နေလဲမသိဘူး။ ဘာမှလည်းမဖြစ်ဘဲနဲ့။ အဲလိုပဲလိုက်ပစ်နေတာ။ မနေ့ကလည်း ဆံဖလားရွာကို ဗုံးကျဲတာ ကျောင်းပါပြိုတယ်” လို့ Karen Peace Support Network တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ကော့ကရိတ်တောင်ပိုင်းဘက်မှာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြားမှာ တိုက်ပွဲဖြစ်ပွားနေတာမျိုး အခု ရက်ပိုင်းမှာ လုံးဝမရှိဘူးလို့ ကော့ကရိတ်ဒေသခံတွေနဲ့ Karen Peace Support Network တို့ထံကသိရပါ တယ်။
ဇွန်လ ၆ ရက် မနေ့ကလည်း၊ ကော့ကရိတ်မြို့နယ်ထဲကပဲ အခုလက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ ရွာတန်းရှည် အနီး ခုဒုံကျေးရွာအုပ်စု ဆံဖလားကျေးရွာကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာတော့ အခြေခံပညာကျောင်းတစ်ခု ပျက်စီးတာမျိုးရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zalen
ပြီးခဲ့တဲ့ ၂ ရက်အတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နဲ့ မြို့တောင်ပိုင်းက တိုမာရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၅ ရက်နေ့တုန်းက ကလေးမြို့ပေါ်၊ တာဟန်းရပ်ကွက်ထဲက နယ်မြေအမှတ် ၁၀ မှာ လူနေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် ၇ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားတာနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ခြုံခိုတိုက်ခိုက်တဲ့အခါတိုင်းမှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် လေ့ရှိပေမဲ့ ဇွန်လ ၅ ရက်တုန်းကတော့ ပစ်ခတ်တိုက်ခိုက်မှုတွေမရှိဘဲ လက်နက်ကြီး ကျရောက် တာလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၆ ရက်နေ့တုန်းကလည်း ကလေးမြို့တောင်ပိုင်း ၆ မိုင်နီးပါးအကွာက ထိုမာရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ရွာသား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အခုတစ်ကြိမ်ကျရောက်တဲ့ လက်နက်ဟာ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာမသိရပေမဲ့ တိုမာရွာရဲ့ တစ်ဖက်ခြမ်း၊ ဂန့်ဂေါ-ကလေးကားလမ်းပေါ်က ကလေးနည်းပညာတက္ကသိုလ်ထဲက စစ်ကောင်စီ တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တိုမာရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပန်းရံ လုပ်ကိုင်နေသူ ၃ ဦးသေဆုံးမှု ဖြစ်ခဲ့ပါတယ်။
အပစ်ရပ်စာချုပ် NCA ကို KNU က စွန့်လွှတ်လိုက်ပြီလား

ဓာတ်ပုံ ရင်းမြစ်, KNU
ကရင်အမျိုးသားအစည်းအရုံး KNU က ဥက္ကဋ္ဌအသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းကို ဧပြီ လကုန်ပိုင်းက ကျင်းပတဲ့ KNU ညီလာခံက ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ ဥက္ကဋ္ဌသစ် လက်ထက်မှာ စစ်ရေး၊ နိုင်ငံရေးနဲ့ပတ်သက်လို့အပြောင်းအလဲကြီးကြီးမားမားရှိမှာမဟုတ်ဘဲ လက်ရှိအခြေအနေအတိုင်းသာဆက်သွားမယ်လို့ KNU ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စောကလယ်စေးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာ KNU ထိန်းချုပ်နယ်မြေအားလုံးနီးပါးမှာ စစ်ကောင်စီတပ်တွေနဲ့ KNU/KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။
စစ်ကောင်စီကတော့ KNU ဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို စစ်သင်တန်းပေးတာ၊ စစ်လက်နက်ပစ္စည်းထောက်ပံ့တာတွေပြုလုပ်နေတယ်လို့ ပြောထားပါတယ်။
လက်ရှိမှာ KNU နယ်မြေထဲမှာ ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ပတ်သက်လို့ စစ်ရေးအမိန့်နာခံမှုတွေမှာ NUG နဲ့ကြား ဘယ်လိုသဘောတူညီမှုတွေရှိလဲဆိုတာနဲ့ပတ်သက်လို့ စောကလယ်စေးက ခုလိုပြောပါတယ်။
“စစ်ရေးမဟာဗျူဟာတွေနဲ့ပတ်သက်လို့တော့ အသေးစိတ်မပြောနိုင်ပေမဲ့ Chain of command နဲ့ပတ်သက်လို့ သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ Stakeholder တွေနဲ့ စကားပြောဆိုဆွေးနွေးနေတာတွေရှိတယ်” လို့ သူက ဘီဘီစီကိုပြောပါတယ်။
KNU ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တစ်ခုဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် NCA အောက်ကနေ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးဦးဆောင်မှုအဖွဲ့ PPST မှာ KNU က ပါဝင်မှုကိုရပ်ဆိုင်းခဲ့သလို စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ပါဝင်တက်ရောက်တာမရှိခဲ့ပါဘူး။
NCA နဲ့ပတ်သက်လို့ KNU ဥက္ကဋ္ဌ သစ်ရဲ့သဘောထားကို စောကလယ်စေးက ခုလိုဆက်ပြောပါတယ်။
“တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဥက္ကဋ္ဌသစ်ရဲ့ ဦးဆောင်မှုက ဒီစာချုပ်နဲ့ပတ်သက်တဲ့ နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းတွေ အားလုံး ကျွန်တော်တို့ ဘယ်လိုမှ သွားလို့ရမတော့ဘူးလို့ သူကိုယ်တိုင်ပဲဦးဆောင်ခဲ့တာဖြစ်တယ်။ နောက်ပြီးတော့ နိုင်ငံရေးအခင်းအကျင်းသစ်ကိုလည်းကျွန်တော်တို့ သွားနေပြီ။ သွားတဲ့အချိန်မှာလည်း သူကိုယ်တိုင်လည်း ကျွန်တော်တို့ကို ဦးဆောင်ခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းစဥ်မှန်သမျှကို ကျွန်တော်တို့ဥက္ကဋ္ဌက ဦးမဆောင်တော့ပါဘူး။ ဦးဆောင်မှုမပေးတော့ပါဘူးလို့ ပြောချင်ပါတယ်”
ဒါဆို KNUက NCA လမ်းကြောင်းကို စွန့်လွှတ်လိုက်ပြီလားလို့ မေးတဲ့အခါ
‘စကစ ရဲ့အာဏာမသိမ်းသင့်ဘဲအာဏာသိမ်းလိုက်တဲ့အတွက် အဲဒီလိုသဘောတော့သက်ရောက်သွားပါပြီ” လို့ ပဒိုစောကလယ်စေးက ပြောခဲ့ပါတယ်။
NCA ပြင်ပက တွေ့ဆုံဆွေးနွေးပွဲတွေကို ကမ်းလှမ်းမှုရှိလာမယ်ဆိုရင်ရော လက်ခံဖို့ရှိမရှိနဲ့ပတ်သက်လို့ ဘီဘီစီက မေးမြန်းတဲ့အခါမှာတော့ ပြောခွင့်ရသူ စောကလယ်စေးက ‘မရှိပါဘူးလို့ အတိအလင်းပြောချင်ပါတယ်’ လို့ ပြောကြားသွားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့ကတော့ KNU မှာ ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ KNU ဟာထိပ်တိုက်တွေ့ဆုံရေးလမ်းကြောင်းကို သွားနေပြီလို့ ထုတ်ပြန်လာခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့တော့ ‘ဒီပြောဆိုချက်တွေကို လက်မခံကြောင်းနဲ့ အထွေအထူးတုံ့ပြန်စရာအကြောင်းလည်းမရှိပါဘူး’လို့ပြောပါတယ်။
မိုးကြိုး စက်ကွင်းကြောင့် ဗူးဘုရားမှာ ပျက်စီးမှုအချို့ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Kyaw Myo Win
၇ ရက်အတွင်း ပြီးစီးအောင်ပြင်ဆင်မယ်ဟုဆို
မိုးကြိုးစက်ကွင်းထိမှန်ခဲ့တဲ့ ပုဂံက ရှေးဟောင်းသမိုင်းဝင် ဗူးဘုရားစေတီတော်ရဲ့ ထိခိုက်ပျက်စီးမှုတွေကို ၇ ရက်အတွင်း ပြီးစီးအောင် ပြင်ဆင်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဘီဘီစီကိုပြောပါတယ်။
ဇွန်လ ၆ ရက်နေ့၊ ည ၉ နာရီခွဲလောက်မှာ မိုးသည်းထန်စွာရွာပြီး ညောင်ဦးမြို့နယ်ထဲတည်ရှိတဲ့ ဗူးဘုရား ဝန်းကျင်က ဧရာဝတီမြစ်ထဲကို မိုးကြိုးပစ်တဲ့ ဖြစ်စဥ် ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီမိုးကြိုးစက်ကွင်းက ဗူးဘုရားလုံးပတ်လည် ကိုလည်း ထိမှန်ခဲ့ပါတယ်။
အဲဒါကြောင့် ဗူးဘုရားလုံးပတ်မှာ ၁ လက်မခွဲအရွယ် အပေါက် ၂ ခုဖြစ်ပေါ်ခဲ့သလို၊ စိန်ဖူးတော် အောက်ခံ ကြာဖတ်ပဲ့တာ၊ ငှက်ပျောဖူး ကြာဖတ်ထိပ်ပိုင်း ၆ လက်မခန့်ပဲ့တာ၊ ထီးတော်ပတ်လည်မှာချိတ်ဆွဲထားတဲ့ ကြေးခေါင်းလောင်းတွေ မဲသွားတာ စတဲ့ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှုး ဦးကျော်မျိုးဝင်းထံက သိရပါတယ်။
မိုးကြိုးစက်ကွင်းထိမှန်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အပေါက်ကနေ ရေဝင်နိုင်တာကြောင့် သက်ဆိုင်ရာ သြဝါဒစရိယ ဆရာတော်တွေရဲ့ သြဝါဒနဲ့အညီ ပြုပြင်ရေးကို ဇွန်လ ၇ ရက်နေ့က စတင်ပြီး လုပ်ဆောင်မယ်လို့ သိရ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Kokant
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးတယ်လို့ MNDAA ကိုးကန့်တပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ MNDAA အာဘော် ကိုးကန့်သတင်းက ဖော်ပြပါတယ်။
MNDAA ဘက်ကတော့ ဒေသအခေါ် အထူးဒေသ ၁၊ မူပန်ခရိုင် ပြင်းထောင်ရွာအနီးက MNDAA ရဲ့ ယာယီစခန်းကို စစ်တပ်က ဇွန်လ ၂ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ တိုက်ပွဲစတင်တာလို့ ထုတ်ပြန်ပါတယ်။
MNDAA က ခေါ်ဝေါ်တဲ့ မူပန်ခရိုင်ဟာ လားရှိုးနဲ့ထိစပ်နေတဲ့ သိန္နီမြို့နယ်ထဲမှာ ပါဝင်နေပါတယ်။
ဇွန်လ ၂ ရက်ကနေ ဇွန်လ ၄ ရက်အထိ စစ်ကောင်စီတပ်တွေက MNDAA ကိုးကန့်တပ် ရဲ့ မူပန်ဒေသ၊ တုံရှမ်းဒေသ နဲ့ ရှိရှမ်း ဒေသက တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ် လို့ ကိုးကန့်ဘက်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ မိုင်းလားဆွေးနွေးပွဲအပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA - ကိုးကန့်တပ်)တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ပြန်ဖြစ်ခဲ့တာပါ။
တရုတ်နယ်စပ်မှာ အဓိကလှုပ်ရှားတဲ့ MNDAA ကိုးကန့်တပ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး တပ်စခန်းအသစ်တွေ တိုးချဲ့လာလို့ အခုလို တိုက်ပွဲတွေ ဖြစ်လာတာလို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့နီးစပ်တဲ့ စစ်ရေးသတင်းအမြစ်တွေက ဘီဘီစီကို ပြောထားပါတယ်။
MNDAA ပြန်ကြားရေးတာဝန်ခံကတော့ သိန္နီ နဲ့ ကွတ်ခိုင် ခရိုင်တွေကို လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ ပြန်လည်စုရုံး ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ အရင်ကတည်းက ကိုးကန့်တပ်ရဲ့ နယ်မြေတွေထဲပါဝင်ခဲ့တာလို့ ဘီဘီစီကိုပြောပါတယ်။
တေးရေးအောင်နိုင်စန်း ဘာကြောင့်အဖမ်းခံရတာလဲ

ဓာတ်ပုံ ရင်းမြစ်, Aung Naing San
တေးရေး အောင်နိုင်စန်းက သူရဲ့ လူမှုကွန်ရက် အကောင့်ကတဆင့် ရေးသားတဲ့ အကြောင်း အရာအပေါ် အခြေခံပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဇွန်လ ၅ ရက်ထုတ် စစ်ကောင်စီသတင်းစာတွေမှာဖော်ပြပါတယ်။
အဆိုတော်လီလီနိုင်ကျော်သေဆုံးတဲ့ သတင်းဌာနတစ်ခုရဲ့ သတင်းမှာ love react ပေးခဲ့ခြင်းကြောင့် စစ်ကောင်စီသတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရမ်သတင်း စာမျက်နှာတွေမှာ သူ့ကိုဖမ်းဆီးဖို့ ရေးသားခြင်းခံရပြီးနောက် ဇွန် ၄ ရက်က သူရဲ့နေအိမ်မှာဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါ တယ်။
ဦးအောင်နိုင်စန်းအပါအဝင်၊ အခြားပြည်သူ ၅ ဦးလည်း သူတို့လူမှုကွန်ယက်အကောင့်ကတဆင့် ရေးသားတဲ့ အကြောင်း အရာအပေါ် အခြေခံပြီး ဖမ်းဆီးခံခဲ့ရတာကို သတင်းစာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ ပြုလုပ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်က တေးရေးဆရာ အောင်နိုင်စန်း၊ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာက အာကာမင်းဦး(ခ)KG၊ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အမှတ်(၁၀၆) ရပ်ကွက်က မြင့်မောင်(ခ)ကိုနီ၊ သာကေတမြို့နယ်၊ ၄/တောင်ရပ် က ချစ်ဦးဝေနဲ့ မင်္ဂလာဒုံမြို့နယ် ရွာမရပ်ကွက်က မျိုးမင်းညီ (ခ) သူရတို့ဖြစ်ပါတယ်။








