တောင်ကိုရီးယားက ကန်စစ်အခြေစိုက်စခန်းတွေကို မူးယစ်ဆေးသံသယနဲ့စီးနင်းစစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, AFP
တောင်ကိုရီးယားရဲတပ်ဖွဲ့က အမေရိကန်စစ်အခြေစိုက်စခန်းမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေထဲက အမေရိကန်စစ်သား ၁၇ ဦး နဲ့ အခြားလူ ၅ ဦးကို စစ်ဘက်ဆိုင်ရာပစ္စည်းပို့ဝန်ဆောင်မှုကတဆင့် ဓာတုဆေးခြောက်ခိုးသွင်းပြီးသုံးစွဲတယ်ဆိုတဲ့သံသယနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ မေလက တောင်းကိုရီးယားက အကြီးဆုံးအမေရိကန်စစ်အခြေစိုက်စခန်းထဲပါတဲ့ ဟမ်းဖရေးစခန်းအပါအဝင် စခန်းအချို့ကိုအနည်းဆုံးနှစ်ကြိမ်ဝင်ရောက်စီးနင်းစစ်ဆေးတာတွေလုပ်ပြီးနောက်မှာ ဒီလို စုံစမ်းစစ်ဆေးတာတွေဖြစ်လာတာပါ။
ဟမ်းဖရေးစခန်းဟာ တောင်ကိုရီးယားနိုင်ငံမြို့တော်ဆိုးလ် ရဲ့ တောင်ဘက်မိုင် ၃၀ ခန့်မှာရှိတဲ့ အမေရိကန်ပြင်ပက အကြီးဆုံးစစ်အခြေစိုက်စခန်းဖြစ်ပါတယ်။
ဖိလစ်ပိုင်တစ်ဦးအပါအဝင် ကိုရီးယားလူမျိုးတွေလည်းဖမ်းဆီးခံခဲ့ရပြီး အစိုးရရှေ့နေတွေကသံသယရှိသူ ၂၂ ဦးစလုံးရဲ့ အမှုကို ပြန်လည်သုံးသပ်နေပါတယ်။
အမေရိကန်စစ်တပ်၊ တရားဥပဒေစိုးမိုးမှုဌာနခွဲရဲ့ ကနဦးသတင်းပေးချက်အရ ဒီအမှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအာဏာပိုင်တွေ ရဲ့ လေးလကြာစုံစမ်းစစ်ဆေးမှုတွေပေါ်ထွက်လာတာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်စစ်သားတွေပါဝင်တဲ့ အကြီးဆုံးအမှုတစ်ခုဖြစ်တယ်လို့ တောင်ကိုရီးယား ရဲ့ အကြီးတန်းထောက်လှမ်းရေးအရာရှိ ချာမင်ဆွခ် ကို ကိုးကားပြီး အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Gyeonggi Nambu Provincial Police Agency
တောင်ကိုရီးယားရဲတပ်ဖွဲ့နဲ့ အမေရိကန်စစ်တပ်ရဲ့ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာနခွဲ ပူးပေါင်းတပ်ဖွဲ့ရဲ့ စီးနင်းရှာဖွေမှုကနေ ၇၇ ဂရမ်ရှိတဲ့ ဓာတုဆေးခြောက်၊ အီးစီးကရက် Vape ထည့်မှာထည့်သုံးတဲ့ ၄ ကီလိုဂရမ်ရှိတဲ့ ရောနှောဓာတုမူးယစ်ဆေးရည် ၊ အမေရိကန်ဒေါ်လာ ၁၂, ၈၅၀ ကို အဲဒီသံသယရှိသူ ၂၂ ဦး ရဲ့ အိမ်မှာတွေ့ရတယ်လို့ ဆိုပါတယ်။
သံသယရှိသူတွေဟာ အရပ်အခေါ် K2 နဲ့ Spice လို့ခေါ်တဲ့ ဓာတုဆေးခြောက်ကို အမေရိကန်စစ်တပ်သုံး စာတိုက်က တစ်ဆင့် နိုင်ငံအတွင်းကို မှောင်ခိုသွင်းလာတယ်လို့ စွပ်စွဲခံထားရတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်စစ်သား ၅ ယောက်အပါအဝင် ၇ ယောက်ကတော့ အဲဒီဆေးဝါးတွေရောင်းချမှုမှာ ပါဝင်တယ်လို့ ယူဆခံထားရပြီး သုံးစွဲသူက ၁၂ ယောက် ၊ ပွဲစား ၃ ယောက်ဖြစ်တယ်လို့ ကနဦးစစ်ဆေးချက်တွေကဆိုပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒီအမှုထဲမှာ စစ်သားတစ်ယောက်ရဲ့ အိမ်ထောင်ဖက် တစ်ဦး နဲ့ နောက်စစ်သားတစ်ယောက်ရဲ့ စေ့စပ်ထားသူတစ်ဦး တို့လည်း ပါဝင်နေတယ်လို့ ဘီဘီစီကိုပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အပြောအရ သံသယရှိသူ စစ်သား ၁၇ ဦးဟာ ဆိုးလ်မြို့တော်ရဲ့တောင်ဘက် မိုင် ၃၀ ခန့်အကွာက ဟမ်းဖရေးစခန်း နဲ့ ဆိုးလ်မြို့မြောက်ဘက် ကီလိုမီတာ ၄၀ ခန့်အကွာက ကေစီစခန်းတို့မှာနေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ Snapchat လို့ခေါ်တဲ့ လူမှုကွန်ရက်ကိုသုံးပြီး မူးယစ်ဆေးဝါးတွေကိုတရားမဝင်ဖြန့်ဝေတယ်လို့ သိရပါတယ်။
အမေရိကန်စစ်တပ်( ကိုရီးယား) ကတော့ စုံစမ်းစစ်ဆေးမှုတွေကိုသိရှိထားပေမဲ့ ဘယ်စစ်သားကိုမှ ဖမ်းဆီးထိန်းသိမ်းထားတာမရှိသလို သူတို့နဲ့ ဆက်စပ်သူတွေကိုလည်းဖမ်းဆီးထားတာမရှိဘူးလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
Synthetic marijuana - ဓာတုဆေးခြောက်မူးယစ်ဆေးဟာ Tetrahydrocannabinol လို့ခေါ်တဲ့ THC ဆေးခြောက်အစစ်ကို တုပပြုလုပ်ထားတဲ့ ဓာတုဗေဒဆေးခြောက်ဖြစ်ပါတယ်။ marijuana - ဆေးခြောက်အစစ်ရဲ့ အာနိသင်အတိုင်းရှိပါတယ်။
သူဟာ သဘာဝဆေးခြောက်နဲ့ အလားတူအကျိုးသက်ရောက်မှုတွေရှိပေမဲ့ အစီရင်ခံစာတွေအရ ဓာတုဆေးခြောက်ဟာပိုပြီးအစွမ်းထက်သလို စိတ်ပိုင်းဆိုင်ရာကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ စိတ်ထင်ယောင်ထင်မှားတွေဖြစ်စေပြီး ဆိုးရွားတဲ့ကျန်းမာရေးထိခိုက်မှုတွေဖြစ်စေနိုင်တယ်လို့ ဖော်ပြပါတယ်။
ဒါပေမဲ့ ဓာတုဆေးခြောက်အရည်ကတော့ တရားဝင်သုံးစွဲခွင့်ရှိတဲ့ အီး-စီးကရက် ( Vape) တွေမှာအရည်ပုံစံနဲ့ အသုံးပြုလေ့ရှိကြတာကြောင့် ဒါကို ဖော်ထုတ်ဖို့ ခက်ခဲတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
တောင်ကိုရီးယားမှာဆေးခြောက်ရောင်းဝယ်ဖောက်ကားမှု ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ပြီး မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုကတော့ အမြင့်ဆုံး ထောင်ဒဏ် ငါးနှစ် ဒါမှမဟုတ် ငွေဒဏ် ဝမ် သန်း ၅၀ (ဒေါ်လာ ၃၇,၂၀၀၊ ပေါင် ၃၀,၃၀၀) ရှိပါတယ်။








