မြောက်ကိုရီးယားကို နယ်စပ်ဖြတ်ကျော် ဝင်သွားတဲ့ အမေရိကန်စစ်သား

အမေရိကန်စစ်သား၊ မြောက်ကိုရီးယား၊ စစ်မဲ့ဇုံ၊ ဘက်ပြောင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပူးတွဲလုံခြုံရေးနယ်မြေက ပန်မွန်ဂျွမ်ရွာမှာ တောင်ကိုရီးယား စစ်သားတွေ စောင့်ကြပ်နေပုံ

အစောင့်အကြပ်တွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ စစ်မဲ့ဇုန် နယ်စပ်ကိုဖြတ်ပြီး ခွင့်ပြုချက်မရှိဘဲ တောင်ကိုရီးယားကနေ မြောက်ကိုရီးယားဘက်ခြမ်း ဝင်လာတဲ့ အမေရိကန်စစ်သားတစ်ဦးကို မြောက်ကိုရီးယားအစိုးရက ထိန်းသိမ်းထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီစစ်သားဟာ ထရက်ဗစ်စ် ကင်း ဆိုသူ အသက် ၂၃ နှစ်အရွယ် PV2 အဆင့် တပ်သားတစ်ဦး ဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုဖော်ပြခဲ့ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ကုလသမဂ္ဂက ကြီးကြပ်ထားတဲ့ လက်နက်ကင်းမဲ့ဇုန်ကိုသွားရောက်လည်ပတ်ကြတဲ့ ခရီးသွားအဖွဲ့တစ်ခုနဲ့ လိုက်ပါသွားပြီး အခုလို နယ်စပ်ဖြတ်ကျော် သွားခဲ့တာလို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ အထီးကျန်အဆန်ဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား တင်းမာမှုတွေ ဖြစ်နေတဲ့ အချိန်မျိုးမှာပဲ ဒီကိစ္စ ဖြစ်လာခဲ့တာပါ။

အဲဒီစစ်သားနဲ့ အဆက်အသွယ် လုံးဝ မရဘူးလို့ အမေရိကန် အဆင့်မြင့်တပ်မှူးတစ်ဦးက ပြောပါတယ်။

မြောက်ကိုးရီးယားနဲ့ သူအဆက်အသွယ်ရှိတယ်ဆိုတဲ့ သဲလွန်စမျိုးလည်း မတွေ့ခဲ့ရဘူးလို့ အမေရိကန်-တရုတ် ပစိဖိတ် ကွပ်ကဲရေးဌာနချုပ်ရဲ့ တပ်မှူး ရေတပ်ဗိုလ်ချုပ် ဂျွန် အကီလီနိုက ပြောပါတယ်။

တပ်သား ထရက်ဗစ်စ် ကင်းဟာ ခွင့်ပြုချက်မရှိဘဲ သူ့သဘောနဲ့သူ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားခဲ့တာ ဖြစ်ပြီး ဒီဖြစ်ရပ်ကို တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ ခရီးသွားသတိပေးချက်ထဲမှာ အမေရိကန်နိုင်ငံသားတွေကို မြောက်ကိုရီးယားနိုင်ငံထဲ မသွားကြဖို့ အကြံပြုထားပြီး “ဖမ်းဆီးခံရမယ့် အန္တရာယ်”နဲ့ “မမှန်မကန် စွပ်စွဲ ထိန်းသိမ်းခံရမယ့် အန္တရာယ်”တွေ ရှိတယ်လို့ သတိပေးထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီစစ်သားကို ထိန်းသိမ်းထားခဲ့အပြီး နာရီပိုင်းအကြာမှာ မြောက်ကိုရီးယားက ပဲ့ထိန်းမစ်ဆိုင်းလို့ ယူဆရတဲ့ မစ်ဆိုင်းဒုံး နှစ်စင်းကို အနီးက ပင်လယ်ပြင်ထဲ ပစ်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ အဲဒီစစ်သားကို ထိန်းသိမ်းထားမှုနဲ့ ဆက်နွှယ်ပတ်သက်မှုရှိတယ်လို့တော့ မယူဆရပါဘူး။

အမေရိကန်စစ်ဌာနချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တပ်သား ထရက်ဗစ်စ် ကင်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းက စစ်တပ်ထဲ ဝင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

တပ်သား ထရက်ဗစ်စ် ကင်းဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကိုရီးယားအရပ်သားတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု စွဲချက်နဲ့ ထောင်ဒဏ် ၂ လ ကျခံခဲ့ရကြောင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက အတည်ပြု ပြောထားပါတယ်။

ဆိုးလ်မြို့ မာပိုရပ်ကွက်က ရဲကင်း မော်တော်ယာဉ်တစ်စီးရဲ့ အနောက်တံခါးကို အကြိမ်ကြိမ် ကန်ခဲ့ပြီး သူ့ကို ဖမ်းဆီးခဲ့တဲ့ ရဲတွေကို ဆဲရေးတိုင်းထွာခဲ့တဲ့အတွက် ဒဏ်ကြေးချမှတ်ခံခဲ့ရတယ်လို့ ဥပဒေပိုင်းဆိုင်ရာ သတင်းရပ်ကွက်တွေကို ကိုးကားပြီး တောင်ကိုရီးယား ယွန်ဟက် သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလတုန်းက ညကလပ်တစ်ခုမှာ ကိုရီးယားလူမျိုးတစ်ဦးကို လက်သီးနဲ့ ထိုးခဲ့သေးတယ်လို့ စွပ်စွဲခံထားရကြောင်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

တပ်သား ထရက်ဗစ်စ် ကင်း ကို ဇူလိုင်လ ၁၀ ရက်နေ့မှာ ထောင်ကနေ လွှတ်ပေးလိုက်ပြီး အမေရိကန်ကို ပို့မယ့် လေယာဉ်ခရီးစဉ်အတွက် လေဆိပ်ကို အစောင့်အကြပ်တွေနဲ့ ခေါ်ဆောင်လာခဲ့ပါတယ်။

တပ်သား ထရက်ဗစ်စ် ကင်းဟာ လေဆိပ် လုံခြုံရေးကို ဖြတ်သွားခဲ့ပြီးမှ လေဆိပ်ခန်းမ ဂိတ်ကနေ ပြန်ထွက်၊ နယ်စပ်စစ်မဲ့ဇုန်လေ့လာရေးအဖွဲ့ လူအုပ်ထဲ ဝင်ရော လိုက်ပါသွားခဲ့ပြီး အဲဒီကနေ မြောက်ကိုရီးယားနိုင်ငံထဲ ဝင်သွားခဲ့တာလို့ တောင်ကိုရီးယား တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

စစ်မဲ့ဇုန်နဲ့ ပူးတွဲလုံခြုံရေးဧရိယာမှာ ကြီးကြပ်စောင့်ရှောက်နေတဲ့ ကုလသမဂ္ဂတပ်ဖွဲ့က အဲဒီစစ်သား ပြန်လွတ်လာရေး ကြိုးစားညှိနှိုင်းဖို့အတွက် အစောပိုင်းတုန်းက မြောက်ကိုရီးယားစစ်တပ်နဲ့ ဆက်သွယ်ခဲ့တယ်လို့ ပြောပါတယ်။

သူ့ကို ဘယ်လိုအခြေအနေမျိုးနဲ့ ထိန်းသိမ်းထားသလဲ ဘယ်မှာ ထိန်းသိမ်းထားသလဲဆိုတာကတော့ အသေအချာ မသိရပါဘူး။

မြောက်ကိုရီးယား အာဏာပိုင်တွေက အမေရိကန်စစ်တပ်အကြောင်း သူ့ဆီကနေ သတင်းအချက်အလက်တွေ အတင်းနှိုက်ယူမယ့်ပုံ ရှိပြီး သူတို့ရဲ့ ဝါဒဖြန့် လက်နက်တစ်ခု ဖြစ်လာအောင် အဲဒီစစ်သားကို အတင်းအကျပ် သိမ်းသွင်းမယ့်ပုံ ရှိတယ်လို့ ဝါရှင်တန် ဒီစီအခြေစိုက် မြောက်ကိုရီးယားဆိုင်ရာ လူ့အခွင့်အရေး ကော်မတီ ရဲ့ အမှုဆောင်ဒါရိုက်တာ ဂရက် စကာလက်တိုင်ယူ က ပြောပါတယ်။

စစ်မဲ့ဇုန်ကို ဖြတ်ပြီး မြောက်ကိုရီးယားထဲ ဘက်ပြောင်းခိုလှုံသွားတဲ့ အမေရိကန်စစ်သားတွေ

အမေရိကန်စစ်သား၊ မြောက်ကိုရီးယား၊ စစ်မဲ့ဇုံ၊ ဘက်ပြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၆၅ ခုနှစ်က မြောက်ကိုရီးယားဘက်ခြမ်းကို ဘက်ပြောင်း ခိုလှုံသွားတဲ့ အမေရိကန် တပ်ကြပ်ကြီးဟောင်း ချားလ်စ် ဂျန်ကင်စ်

ထရက်ဗစ်စ် ကင်းဟာ စစ်မဲ့ဇုန်ကိုဖြတ်ပြီး ကိုယ့်သဘောနဲ့ကိုယ် မြောက်ကိုရီးယားနိုင်ငံထဲ ဝင်သွားတဲ့ ပထမဆုံး အမေရိကန်စစ်သားတော့ မဟုတ်ပါဘူး။

၁၉၆၅ ခုနှစ်တုန်းက အမေရိကန် စစ်သား ၄ ဦး မြောက်ကိုရီးယားနိုင်ငံထဲ ဘက်ပြောင်းခိုလှုံခဲ့ဖူးပါတယ်။ သူတို့ကို အကျဉ်းသားတွေအဖြစ် ထိန်းသိမ်းထားခဲ့ပြီး မြောက်ကိုရီးယားရဲ့ ဝါဒဖြန့်ရုပ်ရှင်တွေထဲမှာ အနောက်တိုင်းသားလူဆိုးတွေအဖြစ် အတင်းဝင်ပါခိုင်းတာကို ခံခဲ့ရပါတယ်။

နှစ်ပေါင်း ၄၀ ကြာခဲ့အပြီး အဲဒီထဲက ချားလ်စ် ရောဘတ် ဂျန်ကင်စ် ဆိုတဲ့ စစ်သားတစ်ဦးကိုပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ လေဖြတ်ဝေဒနာ ခံစားခဲ့ရတဲ့ ဂျိမ်းစ် ဒရက်စနော့ခ် အပါအဝင် ကျန်တဲ့ စစ်သား ၃ ဦးကတော့ မြောက်ကိုရီးယားမှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

မြောက်ကိုရီးယားကနေ ပြန်လွတ်လာခဲ့အပြီး ၂၀၁၄ ခုနှစ်မှာ မစ္စတာ ဂျန်ကင်စ်က အမေရိကန်စစ်တပ်မှာ လက်နက်ချ ခဲ့ပါတယ်။ သူ့ကို ဂုဏ်အသရေ ပျက်စေမှုနဲ့ စစ်တပ်ကနေ ထုတ်ပယ်ခဲ့ပြီး ထောင်ဒဏ် ရက် ၃၀ ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ သူ့မိသားစုနဲ့ ဂျပန်နိုင်ငံမှာ အခြေချ နေထိုင်ခဲ့ပါတယ်။

မစ္စတာ ဂျန်ကင်စ် ဟာ အသက် ၇၇ နှစ်အရွယ် ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

အမေရိကန်စစ်သား၊ မြောက်ကိုရီးယား၊ စစ်မဲ့ဇုံ၊ ဘက်ပြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်မဲ့ဇုန်ကို ဖြတ်ပြီး ဘက်ပြောင်းခိုလှုံတာမျိုးက ရှားပါးပြီး အလွန်အန္တရာယ်များ

တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံ အကြားက စစ်မဲ့ဇုန်ဟာ ကမ္ဘာပေါ်မှာ အစောင့်အကြပ် အတင်းကျပ်ဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ အဲဒီမှာ မြေမြှုပ်မိုင်းတွေ အပြည့် ချထားသလို လျှပ်စစ်နဲ့ သံဆူးကြိုး စည်းရိုးတွေ ကာရံထားပြီး စောင့်ကြည့် ကင်မရာတွေလည်း တပ်ထားပါတယ်။ လက်နက်ကိုင်အစောင့်တွေကလည်း အသင့်အနေအထားနဲ့ ၂၄ နာရီလုံးလုံး စောင့်ကြပ်နေပါတယ်။

ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေကြောင့် မြောက်ကိုရီးယားနိုင်ငံကနေ နှစ်စဉ် ဒါဇင်နဲ့ချီ လူတွေ ဘက်ပြောင်း ခိုလှုံဖို့ ကြိုးစားလေ့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီစစ်မဲ့ဇုန် တစ်လျှောက်ကနေ ဖြတ်ကျော် ဘက်ပြောင်းခိုလှုံတာကတော့ အရမ်းကို အန္တရာယ်များလှပြီး ရှားပါတယ်။ မြောက်ကိုရီးယားက ကိုဗစ် ကပ်ဘေးအစ ၂၀၂၀ ခုနှစ်မှာ နယ်စပ်ကို ပိတ်လိုက်ပြီး အဲဒီကတည်းက ပြန်မဖွင့်သေးပါဘူး။

အဲဒီစစ်မဲ့ဇုန်မှာ မြောက်ကိုရီးယားစစ်သားတစ်ဦး နောက်ဆုံးဘက်ပြောင်းခိုလှုံခဲ့တာ ၂၀၁၇ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက အဲဒီစစ်သားက ကားတစ်စီးနဲ့ ရောက်လာခဲ့ပြီး နှစ်နိုင်ငံကြား စစ်မဲ့ဇုန်မျဉ်းကို ခြေလျင် ဝင်လာခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။ အဲဒီစစ်သား သေနတ်နဲ့ အကြိမ် ၄၀ ပစ်ခတ် တားဆီးခံခဲ့ရပေမဲ့ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ဘေးမတိုင်ခင်တုန်းက မြောက်ကိုရီးယားကနေ လူ တစ်ထောင်ကျော်လောက် တရုတ်နိုင်ငံဘက်ခြမ်းကို နှစ်စဉ် ထွက်ပြေးခိုလှုံလေ့ရှိတယ်လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဒီဖြစ်ရပ်က ဘိုင်ဒန်အတွက် အန္တရာယ်များတဲ့ အခိုက်အတန့်ကာလဖြစ်လာနိုင်

ဂျိုးဘိုင်ဒန် သမ္မတရာထူး စယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းကစပြီး သူ့အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒထဲမှာ မြောက်ကိုရီးယားဟာ ဦးစားပေးကိစ္စရပ်ထဲမှာ သိပ်မပါခဲ့ပါဘူး။ ဒါပေမဲ့ မကြာသေးခင်က ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာတာကြောင့် မြောက်ကိုရီးယားကို ဦးစားပေး ကိစ္စရပ်အဖြစ် ပြောင်းလဲအာရုံစိုက်လာခဲ့ပါတယ်။

အခုတော့ စစ်မဲ့ဇုန်ကို ဖြတ်ကျော်ပြီး မြောက်ကိုရီးယားနိုင်ငံထဲ ဝင်သွားတဲ့ အမေရိကန်စစ်သားတစ်ဦး ထိန်းသိမ်းခံထားရတာကြောင့် အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ ပြဿနာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုမျိုး ဖြစ်မလာအောင် ရှောင်လွှဲဖို့ ဘိုင်ဒန်အစိုးရက ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားကို ဒေါသအမျက်ထွက်စေခဲ့တဲ့လုပ်ရပ်ဖြစ်တဲ့ အမေရိကန်စစ်တပ်ရဲ့ စစ်အင်အားကို ထင်ထင်ရှားရှား ပြတဲ့အနေနဲ့ အမေရိကန်ရဲ့ နျူကလီးယား လက်နက်တပ်ရေငုပ်သင်္ဘော USS Kentucky တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ကို ဆိုက်ရောက်လာခဲ့အပြီး တစ်ရက်အကြာမှာပဲ ဒီကိစ္စ ဖြစ်ခဲ့တာပါ။

တောင်ကိုရီးယားကို နျူကလီးယား မစ်ဆိုင်း ရေငုပ်သင်္ဘော စေလွှတ်ခဲ့တာဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း မြောက်ကိုရီးယားက မစ်ဆိုင်းဒုံး တစ်ရာကျော် စမ်းသပ်ပစ်လွှတ်ခဲ့တာကို အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုစမ်းသပ်မှုတွေ လုပ်နေတာကို ကြည့်ခြင်းအားဖြင့် မြောက်ကိုရီးယားက ခေတ်မီ နျူကလီးယား နည်းပညာတွေ ဆက်ဖန်တီးထုတ်လုပ်နေပြီး အမေရိကန်နိုင်ငံ ကုန်းတွင်းပိုင်းအထိ ပစ်လွှတ်နိုင်ဖွယ် ရှိတယ် ဆိုတာကို ဖော်ပြနေပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ကီလိုတန် ၁၄၀ ပေါက်ကွဲအားရှိတဲ့ နျူကလီးယားလက်နက် စမ်းသပ်မှု လုပ်ခဲ့ပြီးကတည်းက ပထမဆုံးအကြိမ် နျူကလီးယား လက်နက်စမ်းသပ်မှုသစ်တစ်ခု ထပ်လုပ်ဖို့ကိုလည်း စဉ်းစားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အခု အမေရိကန် တပ်သား ထရက်ဗစ်စ် ကင်း မြောက်ကိုရီးယားနိုင်ငံထဲ ဝင်သွားတာက ဘယ်လို ရည်ရွယ်ချက်နဲ့ဖြစ်ဖြစ် မြောက်ကိုရီးယားနဲ့ သူ့တို့ခေါင်းဆောင် ကင်မ် ဂျုံအွန်းတို့အတွက်ကတော့ အမေရိကန်နဲ့ ဆက်ဆံတဲ့အခါ အလျှော့အတင်း စျေးကိုင်နိုင်မယ့်ကိစ္စအဖြစ် အသုံးချနိုင်မှာကတော့ ထင်ရှားလှပါတယ်။

တကယ်လို့များ တပ်သား ထရက်ဗစ်စ် ကင်း က သူ့သဘောဆန္ဒအလျောက် ဝင်သွားတာမဟုတ်ဘဲ အထိန်းသိမ်းခံခဲ့ရတယ်ဆိုရင်ဖြင့် သူပြန်လွတ်လာအောင် စီစဉ်ပေးဖို့ သမ္မတဘိုင်ဒန်အပေါ် ဖိအားပေးခံရဖို့ ရှိနေပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားတို့ကလည်း သူတို့တိုင်းပြည်မှာ ဒီစစ်သား ရှိနေတာကို ဝါဒဖြန့် ကိရိယာတစ်ခုအဖြစ် အသုံးချမှာ သေချာပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တုန်းက အမေရိကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးက အစပိုင်းမှာ အဆင်မပြေခဲ့ပေမဲ့ နောက်ပိုင်းမှာ နွေးထွေးလာခဲ့ပါတယ်။ အရင်ကမလုပ်ခဲ့စဖူး သမ္မတ ထရမ့်ဘက်ကနေ ကင်မ်ဂျုံအွန်းအပေါ် စလက်ကမ်းကြိုဆိုခဲ့တာပါ။

အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် ၂၀၁၈ ခုနှစ် ဇွန်လမှာ ဒေါ်နယ်ထရမ့်နဲ့ ကင်မ်ဂျုံအွန်းတို့ စင်္ကာပူမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ကြပါတယ်။

အဲဒီနောက် တစ်နှစ်အကြာမှာ ဒေါ်နယ် ထရမ့် စစ်မဲ့ဇုန်ကို သွားရောက် လည်ပတ်ခဲ့ရာမှာ ကင်မ်ဂျုံအွန်းက လက်ခံကြိုဆိုခဲ့ပြီး အမေရိကန်သမ္မတတစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနှစ်နှောင်းပိုင်းမှာ ဗီယက်နမ်နိုင်ငံမှာ သူတို့နှစ်ဦး ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်ကတော့ သမ္မတရာထူး ရလာခဲ့ကတည်းက ထရမ့်ရဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ရေး ထိတွေ့ဆက်ဆံမှုတွေကို ဆက်လုပ်ဖို့ ငြင်းဆန်ခဲ့ပြီး အာရှဒေသတွင်း တရုတ်က အင်အားတိုးချဲ့လာတဲ့ ခြေလှမ်းတွေကို တန်ပြန်ဖို့ သံတမန်ရေး ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန်-တောင်ကိုရီးယား ဆက်ဆံရေးကို ပိုခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေ ဖြစ်နေချိန်မျိုးမှာ အမေရိကန်အစိုးရအတွက် ကိုရီးယားကျွန်းဆွယ် ပဋိပက္ခအရေးထက် ပို အာရုံစိုက် အလေးထားစရာတွေ တိုးလာခဲ့ပါတယ်။

အခုတော့ ကင်မ်ဂျုံအွန်းအတွက် အမေရိကန်အစိုးရက သူ့အပေါ် အာရုံစိုက်လာစေဖို့နဲ့ နိုင်ငံတကာ စင်မြင့်မှာ သူ့ကို နေရာပေးဖို့ တောင်းဆိုထားတာကို ဖြည့်ဆည်းပေးလာစေဖို့ အကြောင်းတစ်ခု ရလာပြီ ဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာ အမေရိကန်တစ်ဦး ထိန်းသိမ်းခံထားတဲ့သတင်းက နိုင်ငံတကာမှာ ခေါင်းကြီးသတင်းအဖြစ် ပျံ့နှံ့သွားမှာက သေချာလှပါတယ်။

တကယ်လို့သာ ဂျိုးဘိုင်ဒန်က ဒီပြဿနာကြီးကို အမြန်ဆုံး မဖြေရှင်းပေးနိုင်ဘူးဆိုရင်တော့ သူ့ရဲ့ နိုင်ငံရေး အတိုက်အခံတွေက နိုင်ငံတကာ စင်မြင့်မှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှုက အကန့်အသတ်လောက်ပဲ ရှိတယ်ဆိုပြီး ဥပမာပြ တိုက်ခိုက်လာကြပါလိမ့်မယ်။

ဒါပေမဲ့လည်း ဒီကိစ္စရပ်အပေါ် ဂျိုးဘိုင်ဒန်က အင်အားသုံး ဖြေရှင်းမယ်ဆိုရင်တော့ နဂိုကတည်းကိုက အမေရိကန် စစ်တပ် အရင်းအမြစ်တွေ နည်းပါးနေတဲ့အတွက် တင်းမာမှုတွေ ဖြစ်နေတဲ့ အခြေအနေကို ပိုဆိုးလာစေလိမ့်မယ်လို့ မြောက်အမေရိကဆိုင်ရာ ဘီဘီစီသတင်းထောက် အန်တိုနီ ဇာခါ ကသုံးသပ်ထားပါတယ်။