လက်ပံတောင်းတောင်ကြေးနီစီမံကိန်း - ဖိအား ပေးခံရလို့ ဝက်မှေးရွာဟောင်းဒေသခံတွေ ရွှေ့ပြောင်းတော့မယ်

ဓာတ်ပုံ ရင်းမြစ်, KT
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ နာမည်ကျော် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ကိုင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီဟာ အခုသြဂုတ်လအစမှာပဲ မြေယာအငြင်းပွားမှုရှိတဲ့ ဝက်မှေးရွာဟောင်း တစ်ခုလုံးကို ခြုံငုံပြီး ခြံစည်းရိုးခတ်လိုက်ပြီးနောက်မှာတော့ ဒေသခံတွေဟာ နေအိမ်တွေ ရွှေ့ပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ကြပြီလို့ နီးစပ်သူတွေက ဘီဘီစီကိုပြောပြပါတယ်။
စစ်တပ်ရော ကုမ္ပဏီကပါ မဖြစ်မနေ ရွှေ့ပြောင်းပေးဖို့ဖိအားပေးခဲ့တာကြောင့် မြေယာလျော်ကြေးယူပြီး ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ သိရပါတယ်။
“အဓိက ဆုံးဖြတ်ဖြစ်တဲ့အကြောင်းအရင်းက ခြံစည်းရိုးအတွင်းထဲ ရွာဟောင်းထဲမှာ ပိတ်မိနေတဲ့ လူ ၄၂ ယောက် လုံခြုံရေးကြောင့် လက်ခံလိုက်ကြတာပါ” လို့ ဖြစ်စဉ်ကို သိရှိသူ လက်ပံတောင်းတောင်ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေ့ပြောင်းဖို့အတွက် ဒေသခံတွေ တောင်းဆိုချက်တွေကိုတော့ ကုမ္ပဏီဘက်က ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။
ဒေသခံတွေ ဘာတောင်းဆိုထားတာပါသလဲ

ဓာတ်ပုံ ရင်းမြစ်, KT
စစ်တပ်အင်အားရာနဲ့ချီကို လုံခြုံရေးယူပြီး ဝမ်ပေါင်ကုမ္ပဏီက သြဂုတ် ၃ ရက်နေ့ကစလို့ သုံးရက်အတွင်း ခြံစည်းရိုးခတ်တဲ့လုပ်ငန်းကို အပြီးလုပ်ခဲ့ပါတယ်။ ဒေသခံတွေကို ကြိုတင်အသိပေးတာမျိုးမရှိဘဲ စီမံကိန်းရဲ့ အရှေ့တည့်တည့်မှာရှိနေတဲ့ ဝက်မှေးရွာဟောင်းတစ်ခုလုံးကို ငုံပြီး အခိုင်အခံ့ခြံစည်းရိုးခတ်ခဲ့တာပါ။
ဝက်မှေးရွာဟောင်းမှာ မြေယာလျော်ကြေးမယူဘဲ နေထိုင်နေကြဆဲ အိမ်ထောင်စု ၃၀ ကျော်ထဲက အချို့တဝက်ဟာ ခြံစည်းရိုးအပြည့်မခတ်ခင် ရွာအပြင်ထွက်နိုင်ခဲ့ပေမဲ့ ၄၂ ယောက်ကတော့ ရွာထဲမှာ ဆက်ရှိနေခဲ့ပါတယ်။
သြဂုတ် ၈ ရက်နေ့မှာတော့ ခြံစည်းရိုးထဲရှိနေတဲ့ ရွာသားတွေထဲက ကိုယ်စားပြု ၆ ဦးကို ကုမ္ပဏီက ကားနဲ့ လာရောက်ခေါ်ထုတ်ပြီး ဝမ်ပေါင်ကုမ္ပဏီဝန်းထဲမှာ ပြောင်းရွှေ့ဖို့ ကိစ္စဆွေးနွေးခဲ့ကြတယ်လို့ နီးစပ်သူတွေ ဆီက သိရပါတယ်။
“ကုမ္ပဏီဘက်က ဒေသခံတွေက နေရာရွှေ့ကို ရွှေ့ပေးရမယ်၊ မရွှေ့ပေးရင်လည်း သူတို့က ဆက်လုပ်မယ်”
ပထမအကြိမ် ဝမ်ပေါင်ကုမ္ပဏီနဲ့ ဆွေးနွေးမှုကို လက်ပံတောင်းတောင်ဒေသခံတစ်ဦးက အခုလို အကျဉ်းချုံးပြောပြပါတယ်။
ကုမ္ပဏီဘက်က ဖိအားပေးခြိမ်းခြောက်တယ်လို့ ဒေသခံတွေက ယူဆတဲ့အပြင် ရွာထဲကျန်ရစ်နေသူတွေကိုပါ တစုံတရာအန္တရာယ်ပြုမှာစိုးရိမ်တဲ့အတွက် တောင်းဆိုချက်တွေနဲ့အတူ သြဂုတ်လ ၁၁ ရက်နေ့မှာ ထပ်ဆွေး နွေးဖို့ ဒေသခံတွေ ကြိုးစားခဲ့ကြပါတယ်။
“၁၁ ရက်နေ့ကျတော့ ရွှေ့ပေးမယ်လို့ လက်မှတ်အရင်မထိုးပေးရင်ကို ဆွေးနွေးတာမစဘူးဆိုလို့၊ အရင်လက်မှတ်ထိုးခဲ့ရတယ်” လို့ အခြေအနေသိရှိသူ လက်ပံတောင်းတောင်ဒေသခံက ဆက်ပြောပြ ပါတယ်။
ဝက်မှေးရွာဟောင်းဒေသခံတွေဟာ ရွှေ့ပြောင်းဖို့ ထန်းတောရွာတောင်ဘက်ခြမ်းမှာရှိတဲ့ မြေအလွတ်မှာ အစားထိုးမြေပေးဖို့နဲ့ လက်ရှိရွာထဲနေထိုင်ကြတဲ့ လူဦးရေအတိုင်း လျော်ကြေးပေးဖို့ဆိုတဲ့ အချက်ကို အဓိကထားတောင်းဆိုခဲ့တယ်လို့ ဘီဘီစီက မေးမြန်းကြည့်ခဲ့တဲ့ဒေသခံတွေက ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီဘက်ကတော့ ဒီအချက်တွေကို လက်မခံခဲ့ဘဲ လွန်ခဲ့တဲ့ ၁၀ နှစ် ကြေးနီစီမံကိန်းအတွက် ရွှေ့ပြောင်းဖို့ရှိတဲ့ အိမ်ထောင်စုစာရင်းတွေအတိုင်းသာ ဆက်ဆောင်ရွက်မှာ ဖြစ်သလို မြေယာလျော်ကြေးကိုလည်း အရင်စျေးနှုန်းအတိုင်းသာ ပေးမှာဖြစ်ပါတယ်။
“တစ်ဧကကို ၁၈ သိန်းနဲ့ လျော်ကြေးပေးမှာတဲ့။ အခုပဲ ရွှေတစ်ကျပ်သား သိန်း ၄၀ ဖြစ်နေပြီ ဒါက ဘယ်စျေးရှိတော့လို့လဲ။ အခုခေတ်ကာလစျေးနဲ့ဆို သက်သက်ခေါင်းပုံဖြတ်တာ'' လို့ ဝက်မှေးရွာဒေသခံ တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
အခုလို နစ်နာခဲ့တဲ့ မိသားစုတွေထဲက တစ်အိမ်ထောင်တစ်ယောက်ကိုတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အလုပ်ခန့်အပ်ပေးမယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။
ဝမ်ပေါင်ကုမ္ပဏီကိုင်ဆွဲထားတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က လျော်ကြေးတွေအကြောင်း

ဓာတ်ပုံ ရင်းမြစ်, ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၁၂ ခုနှစ်ဝန်းကျင်မှာ မြေယာသိမ်းမှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကစလို့ ကြေးနီစီမံကိန်းတစ်ခုလုံး ရပ်တန့်ပေးဖို့တောင်းဆိုခဲ့တဲ့ လက်ပံတောင်းတောင်သပိတ်ပေါ်ပေါက်ခဲ့ပြီးနောက် အဲဒီကာလက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကော်မရှင်က ဒီစီမံကိန်းကို မရပ်ဖို့ ၂၀၁၃ ခုနှစ်မှာ အစီရင်ခံစာ ထွက်လာခဲ့ပြီးတဲ့နောက် မတ်လကစပြီး တစ်ဧကကို မြန်မာငွေကျပ် ၁၈ သိန်းစျေးနှုန်းနဲ့ မြေယာလျော်ကြေး စတင်ပေးခဲ့ပါတယ်။
ဝက်မှေးရွာအပါအဝင် ဆည်တည်း၊ ဇီးတော၊ ကံတောစတဲ့ လေးရွာဟာ စီမံကိန်းကြောင့် ရွှေ့ပြောင်း ရမယ့်ကျေးရွာတွေဖြစ်ခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီဘက်ကနေ ရွာသစ်တည်ဆောက်ဖို့ နေရာပြန်စီစဉ်ပေးခဲ့ပါတယ်။
အဲဒီထဲ နှစ်ရွာက အပြီးပြောင်းရွှေ့ခဲ့ကြပြီး ဝက်မှေးရွာနဲ့ ဆည်တည်းရွာမှာတော့ မြေယာလျော်ကြေးမယူတဲ့ အိမ်ထောင်စုဆယ်နဲ့ချီကျန်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လရောက်ချိန်မှာတော့ မပြောင်းရွှေ့ဖို့ ကျန်ရစ်တဲ့ ဝက်မှေးရွာက အိမ်ထောင်စု ၃၀ ကျော်ကို ဝမ်ပေါင်ကုမ္ပဏီကနေ ရုတ်တရက် ခြံစည်းရိုးခတ်လိုက်တာ ဖြစ်ပါတယ်။
ကျန်ရစ်တဲ့ ဝက်မှေးရွာဟောင်းဒေသခံတွေကပါ ရွှေ့ပြောင်းမယ့်အကြောင်း သဘောတူလိုက်ချိန်မှာတော့ ဝမ်ပေါင်ကုမ္ပဏီဘက်က ၂၀၁၃ ခုနှစ်မှာ အစိုးရနဲ့ သတ်မှတ်ခဲ့ကြတဲ့ မြေယာလျော်ကြေးအတိုင်းသာ ပေးပြီး၊ ကနဦး သူတို့စီစဉ်ပေးခဲ့တဲ့ ဝက်မှေးရွာသစ်ကို ရွှေ့ပြောင်းဖို့ဆိုတဲ့ အချက်တွေကိုသာ ကိုင်ဆွဲပြီး တုံ့ပြန်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့
ဒါအပြင် ခြံစည်းရိုးခတ်ခံထားရတဲ့ ဝက်မှေးရွာဟောင်းကနေ ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်တဲ့ အချိန်ကျမှ အကုန်လုံးကို တပြေးညီတည်း နေရာပြောင်းရွှေ့နိုင်အောင် ခြံဝန်းတံခါးဖွင့်ပေးမယ်လို့ ပြောတဲ့အကြောင်းလည်း နီးစပ်သူတွေဆီက သိရပါတယ်။
“အခုတော့ ဘယ်သူမှ မရွှေ့ရသေးဘူး၊ လျော်ကြေးလည်း မယူရသေးဘူး။ ခြံစည်းရိုးထဲ ကျန်ခဲ့တဲ့သူတွေ ဘယ်လိုပြောင်းဖို့လုပ်နေကြရလဲဆိုတာ စိတ်ပူတယ်” လို့ ဝက်မှေးဒေသခံတစ်ဦးက သူ့ရဲ့ ခံစားချက်ကို ရင်ဖွင့်ပြောပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်လုပ်ငန်းနဲ့ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြတာဖြစ်ပေမဲ့ အခုခြံစည်းရိုးခတ်တာဟာ စစ်တပ်နဲ့ မဆိုင်ကြောင်း မြေပြင်မှာ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငြင်းဆိုထားကြပါတယ်။
ဒါဟာ သြဂုတ်လ ၆ ရက်နေ့က ခြံစည်းရိုးထဲကဒေသခံတွေဆီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာတွေ့ချိန်မှာ ပြောခဲ့တာပါ။
အဲဒီလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအချို့ ဝက်မှေးရွာဟောင်းဘုန်းကြီးကျောင်းမှာ တွေ့ဆုံပြီးတဲ့နောက်မှသာ ဝမ်ပေါင်ကုမ္ပဏီဘက်က ဝက်မှေးရွာဟောင်းဒေသခံအချို့နဲ့ တွေ့ဆုံပြီး အခုလို ဆွေးနွေးချက်တွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဝမ်ပေါင်ကုမ္ပဏီကိုတော့ အခုခြံစည်းရိုးခတ်တာအပါအဝင် စစ်အာဏာသိမ်းစကတည်းက ရပ်တန့်ထားတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ပြန်လည်ပတ်ဖို့ စိုင်းပြင်းနေပြီလားဆိုတာကိုပါ ဘီဘီစီက မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ သြဂုတ် ၁၄ ရက် ညနေပိုင်းအထိ တစုံတရာဖြေကြားလာတာမရှိပါဘူး။
တဖက် မုံရွာ - ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ဝမ်ပေါင်ကုမ္ပဏီ အနေနဲ့ စစ်တပ်နဲ့ မပူးပေါင်းဖို့ တောင်းဆိုထားသလို မရပ်တန့်ရင် အဆင့်ဆင့်အရေးယူသွားမယ့် အကြောင်းလည်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ် ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။








