ဂါဇာအသက်သွေးကြော ရာဖာနယ်စပ်ဂိတ်ကနေ အကူအညီကားတွေကို အီဂျစ် ဝင်ခွင့်ပြုပြီ

နယ်စပ်မှာတွေ့ရတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ထားတဲ့ ထရပ်ကားတစ်စီး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, နယ်စပ်မှာတွေ့ရတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ထားတဲ့ ထရပ်ကားတစ်စီး

ဂါဇာကမ်းမြောင်ထဲကို အကူအညီပေးရေး ကုန်ကားကြီး အစီး ၂၀ အထိ ဖြတ်ကျော် ဝင်ရောက်ခွင့်ပေးဖို့ အီဂျစ် သမ္မတက သဘောတူလိုက်ပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အကူအညီတွေလွှဲပြောင်းပေးရေးကတော့ လာမယ့် သောကြာနေ့ မတိုင်ခင် ဖြစ်လာဦးမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဂါဇာက ဆေးရုံတစ်ခုမှာဖြစ်သွားတဲ့ပေါက်ကွဲမှုဟာ သူတို့လက်နက်မဟုတ်ဘူးလို့ အစ္စရေးဘက်က ခိုင်ခိုင် မာမာ ငြင်းချက်ထုတ်ခဲ့ပြီးတဲ့နောက် အစ္စရေးကို ထောက်ခံကြောင်းပြသဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစ္စရေးကို ရောက်နေချိန်မှာပဲ အခု အစီအစဥ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပါလက်စတိုင်းအရပ်သားတွေ ခိုလှုံနေတဲ့ အယ်လ် အာလီဆေးရုံဝန်းထဲ ပေါက်ကွဲမှုကြီးဖြစ်ခဲ့တာကြောင့် လူပေါင်း ၄၇၁ ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေးကတော့ အဲဒီပေါက်ကွဲမှုဟာ ဟားမတ်စ်စစ်သွေးကြွအဖွဲ့ရဲ့ လက်ချက်လို့ အပြစ်ဖို့ပါတယ်။

ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်က အစ္စရေးတောင်ပိုင်းကို အောက်တိုဘာလ ၇ ရက်မှာ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၄၀၀ ကျော်နဲ့ ပါလက်စတိုင်း ၃၅၀၀ ထက်မနည်းသေဆုံးခဲ့ပြီးဖြစ်ပါတယ်။

ရာဖာဟာ ဂါဇာအတွက် ဘာကြောင့် အသက်သွေးကြောလို အရေးကြီးတာပါလဲ

ရာဖာ

ရာဖာနယ်စပ်ဖြတ်ကျော်စခန်းဟာ ဂါဇာကနေအထွက် တောင်ဘက်စွန်းပိုင်းမှာဖြစ်ပြီး အီဂျစ်နိုင်ငံရဲ့ ဆိုင်နိုင်းကျွန်းဆွယ်နဲ့လည်း နယ်စပ်လည်းထိစပ်နေပါတယ်။

ပုံမှန်အားဖြင့် ပါလက်စတိုင်းတွေဟာ ရာဖာကနေတဆင့် ဂါဇာကို ထွက်ဖို့ မလွယ်ကူပါဘူး။ ထွက်ခွာလိုတဲ့သူတွေဟာ ပါလက်စတိုင်းဒေသန္တရအာဏာပိုင်တွေကို သီတင်း ၄ ပတ်ကြို စာရင်းပေးရပြီး ပါလက်စတိုင်း ဒါမှမဟုတ် အီဂျစ်အာဏာပိုင်တွေဟာ အကြောင်းပြချက်မရှိ ပယ်ချတာမျိုးခံရနိုင်ပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောက်ထဲ အဝင်အထွက်ကို နယ်စပ်ဖြတ်ကျော်နေရာတွေအားလုံးကို ပိတ်လိုက်ပြီးတဲ့နောက်မှာ ရာဖာဟာ အခုတော့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် ဖြတ်သန်းရမယ် အခရာကျနေရာဖြစ်လာပါတယ်။

အစ္စရေးက မြေပြင်ထိုးစစ်ထိုးမယ်လို့ ပြောထားချိန်မှာပဲ ဂါဇာမြောက်ပိုင်းက ထောင်နဲ့ချီတဲ့လူတွေဟာ တောင်ပိုင်းမှာရှိတဲ့ ရာဖာဖြတ်ကျော်စခန်းအနီးမှာ စုဝေးရောက်နေတာ ရက်နဲ့ချီကြာလာပြီဖြစ်ပါတယ်။

ကုလသမဂ္ဂကတော့ နယ်စပ်ဖွင့်တာနဲ့ အစားအသောက်နဲ့ ဆေးဝါးထောက်ပံ့ရေးပစ္စည်းတွေကို အသင့်ပြင်နေပါတယ်။

ရာဖာနယ်စပ်ဂိတ်

သောကြာနေ့လောက်မှ အကူအညီတွေဖြန့်ဝေဖို့ဖြစ်နိုင်မယ်- ဘိုင်ဒန်

အစ္စရေးကအပြန် Air Force One လေယာဥ်ပေါ်မှာ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့အတူ သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ သမ္မတ ဂျိုးဘိုင်ဒန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေးကအပြန် Air Force One လေယာဥ်ပေါ်မှာ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့အတူ သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ သမ္မတ ဂျိုးဘိုင်ဒန်

ဂါဇာကို အကူအညီပါတဲ့ ကုန်ကားကြီး အစီး ၂၀ ကို ရာဖာနယ်စပ်ဂိတ်ကို ဖြတ်ပြီး ဝင်ခွင့်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အီဂျစ်သမ္မတ အက်ဘ်ဒဲ ဖက်တာ အယ်လ်စီစီတို့ သဘောတူလိုက်တဲ့ အကြောင်း အစောပိုင်းမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ လမ်းတွေကို ပြန်ပြင်ရမှာဖြစ်တာကြောင့် အကူအညီတွေ လွှဲပြောင်းတာ သောကြာနေ့လောက်မှ ဖြစ်နိုင်မယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

‘‘သူတို့ လမ်းတွေကို အရင်ပြင်ပါလိမ့်မယ်။ ထရပ်ကားကြီးတွေဖြတ်နိုင်အောင် ချိုင့်ဖြစ်တဲ့နေရာတွေကို ဖာထေးဖို့ လိုဦးမှာဖြစ်ပါတယ်။ ဒါက နောက်ထပ် ၈ နာရီလောက်အထိ ကြာနိုင်ပါဦးမယ်။ ဒါကြောင့်မို့ ဖြစ်နိုင်တာက သောကြာနေ့လောက်အထိ အကူအညီတွေ ဖြန့်ဝေတာတော့ ဖြစ်နိုင်ဦးမှာ မဟုတ်ဘူးလို့’’ သူက သတင်းထောက်တွေကို ပြောပါတယ်။

အခုကား အစီး ၂၀ ဟာ ပထမဆုံးစုပေါင်းပို့တဲ့အကူအညီဖြစ်ပြီး စုစုပေါင်း စောင့်ဆိုင်းနေတဲ့ ထရပ်ကားက အစီး ၁၅၀ နီးပါးလောက်ရှိတယ်လို့လည်း သမ္မတက ပြောပါတယ်။ ဒီကားတွေ အကုန်လုံး နယ်စပ်ဖြတ်နိုင် မလားဆိုတာကတော့ ‘’အခြေအနေကိုစောင့်ကြည့်ရမယ်’’လို့ သမ္မတက ပြောထားပါတယ်။

မေးခွန်းတွေ ရှိနေတဲ့ ဂါဇာကိုဝင်မယ့် အကူအညီပေးရေးသဘောတူညီချက်

ခန်ယွန်းနစ်မြို့က မုန့်ဆိုင်တစ်ခုမှာ လူတွေ တန်းစီနေချိန် ပေါင်မုန့်ထုပ်ကိုင်ထားတဲ့ ကလေးငယ် တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ခန်ယွန်းနစ်မြို့က မုန့်ဆိုင်တစ်ခုမှာ လူတွေ တန်းစီနေချိန် ပေါင်မုန့်ထုပ်ကိုင်ထားတဲ့ ကလေးငယ် တစ်ဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မနေ့က ကြေညာခဲ့တဲ့ အကူအညီပေးရေးသဘောတူညီချက်ဟာ ဂါဇာကမ်းမြောင်အတွင်းမှာ ပိတ်မိနေပြီး အကူအညီတွေအရေးတကြီးလိုအပ်နေတဲ့ ပါလက်စတိုင်း ၂ သန်းကျော်အတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒန်ကတော့ လမ်းတွေပြင်ပြီးတာနဲ့ အကူအညီပေးရေး ကား အစီး ၂၀ ဂါဇာကို မနက်ဖြန်မှာ စဝင်မယ်လို့ပြောပါတယ်။

အဲဒီအစီအစဥ်ချောချောမွေ့မွေဖြစ်မယ်ဆိုရင် နောက်ထပ် ကားအစီးရေ ဆယ်ချီ ဆက်ဝင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ မေးခွန်းတွေ ဆက်ရှိနေပါတယ်။

အကူအညီတွေ ဘယ်ကို ဦးတည်မှာပါလဲ။ မနေ့တုန်းကတော့ အစ္စရေး စစ်တပ်က ပါလက်စတိုင်းတွေအနေနဲ့ ရာဖာနယ်စပ်ဂိတ်နဲ့အနီး ကမ်းခြေဘက်က အရပ်ဖြစ်တဲ့ အယ်လ် မာဝါဆီ အရပ်ကို ရွှေ့ဖို့ ပြောခဲ့ပါတယ်။

အဲဒီမှာ အစ္စရေးပြောတာက ‘‘နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီတွေထောက်ပံ့ပါမယ်’’ လို့ ပြောပါတယ်။

ဂါဇာကမ်းမြောင် အထက်နဲ့အောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲဆိုတဲ့သတင်းတွေ ဆက်ပေါ် ထွက်နေချိန်မှာ ပါလက်စတိုင်း ဘယ်လောက်များများ အယ်လ် မာဝါဆီ အရပ်ကို အရောက်သွားနိုင်မှာပါလဲ။

ဒီအကူအညီတွေဟာ အစ္စရေးဘက်ကပြောနေတဲ့ ‘‘ဟားမတ်စ်အဖွဲ့ရဲ့လက်ထဲမရောက်သွားအောင်’’ ဘယ်လိုယန္တရားတွေနဲ့ သေချာအောင် လုပ်ထားပါသလဲ။ ဒီလိုမေးခွန်းတွေ ရှိနေပါတယ်။

အစ္စရေးဘက်ကတော့ အစားအစာ၊ရေနဲ့ ဆေးဝါးတွေကိုသာ မပြတ်အကူအညီပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အစ္စရေးက ပိတ်ဆို့ထားတာကြောင့် ဂါဇာမှာ လျှပ်စစ်မီး ပြတ်လိုက် လာလိုက်ဖြစ်နေသလို လောင်စာလည်း အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂဘက်က ပြောထားပါတယ်။

ရာဖာ နယ်စပ်

‘‘သူတို့မှာ အလောင်းထည့်တဲ့အိတ်တွေတောင် ကုန်နေပြီ’’ - အကူအညီပေးရေးလုပ်သူတွေ

ဂါဇာကို ဘက်ခြမ်းကို ဝင်ဖို့ အီဂျစ်ဘက်ခြမ်းက ရာဖာနယ်စပ်မှာ စောင့်ဆိုင်းနေတဲ့ အကူအညီပေးရေးပရဟိတသမားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂါဇာကို ဘက်ခြမ်းကို ဝင်ဖို့ အီဂျစ်ဘက်ခြမ်းက ရာဖာနယ်စပ်မှာ စောင့်ဆိုင်းနေတဲ့ အကူအညီပေးရေးပရဟိတသမားတွေ

ရာဖာ နယ်စပ်ဖြတ်ကျော်စခန်း ဖွင့်တာနဲ့ ဂါဇာဘက်ခြမ်းမှာ အရေးပေါ် အကူအညီပစ္စည်းတွေ ဖြန့်ဝေဖို့ အီဂျစ်နယ်စပ်မှာ အကူအညီပေးရေးလုပ်သားတွေ စောင့်ဆိုင်းနေတာ ရက်နဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။

အီဂျစ်အစားအသောက်ဘဏ်တိုက်က အကူအညီပေးရေးလုပ်သား မိုဆန် ဆာဟန်ကတော့ ဂါဇာနဲ့ နယ်စပ်မှာ အကူအညီပေးရေးကုန်ကားကြီး ၁၂၀ အထိရောက်နေပြီး ‘‘တူရကီကနေလာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေပါတဲ့ ကုန်တင်လေယာဥ်ကလည်း ၇ စီး၊ ၈ စီး’’ လောက်ရှိပြီလို့ ဘီဘီစီ Radio 4 ရဲ့ ဒီကနေ့ အစီအစဥ်မှာ ပြောပါတယ်။

သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက် အကူအညီပေးရေးလုပ်သားတွေဟာ ဂါဇာထဲ ဝင်ပြီး အကူအညီဝင်ပေးလို့ မရတဲ့ အခြေအနေကို ဒေါသဖြစ်နေမိတယ်လို့ ဆာဟန်က ထပ်လောင်းပြောပါတယ်။

‘‘ဟိုဘက်အခြမ်းက လူတွေမှာ သောက်စရာရေလည်းကုန်သွားပြီ။ ကုန်ကုန်ပြောရရင် အလောင်းထည့်တဲ့အိတ်တွေတောင်ကုန်နေပြီ ဆိုတာ ကျွန်တော်တို့ သိရတော့ အတော်လေးကို မချိဒေါသ ဖြစ်ရတယ်’’

ဆာဟန်ကတော့ သူနဲ့ သူ့အဖွဲ့သားတွေဟာ ဂါဇာထဲကို ဝင်ပြီး အရေးပေါ် အကူအညီပေးရေး ပစ္စည်းတွေ မဖြန့်ဝေနိုင်မချင်း နယ်စပ်ကနေ ခွာမှာမဟုတ်ဘူးလို့ပြောပါတယ်။

‘‘ဟိုဘက်ကို ဝင်နိုင်ဖို့ သတ်ဖြတ်မှုတွေ ရပ်သွားစေချင်ပြီ’’ လို့ သူက ပြောပါတယ်။

ဂါဇာ-အီဂျစ်နယ်စပ်က အခြေအနေတွေအကြောင်း ဒီစာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။