ခွဲထွက်ရေးတပ်တွေ လက်နက်စွန့်ဖို့ သဘောတူပြီးနောက် အဇာဘိုင်ဂျန် အပစ်ရပ်- စက်တင်ဘာလ ၂၀ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, RUSSIAN MOD
နာဂေါ်နို ကာရာဘက်ခ် ဒေသမှာ ခွဲထွက်ရေးတပ်ဖွဲ့တွေက လက်နက်စွန့်ဖို့ သဘောတူခဲ့အပြီးမှာ အဇာဘိုင်ဂျန် စစ်တပ်က စစ်ဆင် တိုက်ခိုက်မှုတွေကို အခုအခါ ရပ်တန့်လိုက်ပြီလို့ ပြောပါတယ်။
အဲဒီဒေသကို အဇာဘိုင်ဂျန်နိုင်ငံထဲ ဘယ်လို ထည့်သွင်း ပေါင်းစည်းမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုမှုတွေ စတင်ဖို့ကိုလည်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က သဘောတူလိုက်ပါတယ်။
နာဂေါ်နို ကာရာဘက်ခ် ဒေသဟာ အိမ်နီးချင်း အာမေးနီးယားနိုင်ငံရဲ့ တစ်စိတ်တပိုင်းအဖြစ် ထည့်သွင်းသတ်မှတ်ခံရဖို့ ဆယ်စုနှစ်ပေါင်း ၃ ခုကျော်ကြာ တိုက်ပွဲဝင်ခဲ့အပြီး အခုလို သဘောတူလိုက်တာ ဖြစ်ပါတယ်။
အဲဒီဒေသမှာ အဇာဘိုင်ဂျန် စစ်တပ်ရဲ့ တစ်ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း ကလေးငယ် နှစ်ဦးအပါအဝင် လူ ၃၂ ဦး သေဆုံးခဲ့တယ်လို့ ခွဲထွက်ရေးသမားတွေက ပြောပါတယ်။
လူအင်အား၊ လက်နက်အင်အား အရ အဆမတန် သာလွန်တဲ့ ရန်သူနဲ့ သူတို့ ရင်ဆိုင်ခဲ့ရတာလို့ ခွဲထွက်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ဝတ်စားဆင်ယင်မှုစည်းမျဉ်း ချိုးဖောက်သူ အမျိုးသမီးတွေအပေါ် ပြစ်ဒဏ်တိုးမြှင့်မယ့် ဥပဒေကြမ်း အီရန်ပါလီမန်အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, EPA
အီရန်နိုင်ငံမှာ အစ္စလာမ်စည်းမျဉ်းအရ ချမှတ်ထားတဲ့ ဝတ်စားဆင်ယင်မှု စည်းကမ်းကို ဖောက်ဖျက်သူ အမျိုးသမီးတွေအပေါ် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်တိုးမြှင့်မယ့် ဥပဒေကြမ်းတစ်ခုကို ပါလီမန်က အတည်ပြုလိုက်ပါတယ်။
တစ်ကယ်လို့ အီရန် ဥပဒေ ကြီးကြပ်ရေး ကောင်စီကသာ အတည်ပြုမယ်ဆိုရင် ဒီဥပဒေကြမ်းကို ၃ နှစ်အစမ်းကာလ ကျင့်သုံးမှာ ဖြစ်ပါတယ်။
မနှစ်တုန်းက မာဆာ အာမီနီဆိုတဲ့ အမျိုးသမီးငယ် ဘာသာရေးရဲတွေ ထိန်းသိမ်းထားစဉ် သေဆုံးခဲ့ရမှုကနေ နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပြီးကတည်းက အီရန်အမျိုးသမီးအများအပြား ခေါင်းခြုံဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
ဝတ်စားဆင်ယင်မှု စည်းမျဉ်းကို လိုက်နာလာစေဖို့ လတ်တလောလတွေအတွင်း အာဏာပိုင်တွေက အရေးယူမှုတွေ တိုးလုပ်လာခဲ့ပါတယ်။
လမ်းတွေပေါ်မှာ ဘာသာရေးရဲတွေ ပြန်ချထားခဲ့ပြီး အများသွားလာတဲ့နေရာတွေမှာ စောင့်ကြည့်ကင်မရာတွေ ချထားသလို စည်းမျဉ်းမလိုက်နာတဲ့ စျေးဆိုင်တွေကို ပိတ်ပစ်ခဲ့ပါတယ်။
အီသီယိုးပီးယား အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သား သေဆုံးမှုရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အီသီယိုးပီးယားနိုင်ငံ အမ်ဟာရာ ဒေသမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင် ထောင်ပေါင်းများစွာ လက်နက်ချ အညံ့ခံလာအောင် အစိုးရက လေကြောင်းကနေ တိုက်ခိုက်နေရာမှာ အရပ်သား အများအပြား သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒရုန်းနဲ့ သီးခြားတိုက်ခိုက်မှု နှစ်ခုအတွင်း တနင်္ဂနွေနေ့က အနည်းဆုံး လူ ၃၀ သေဆုံးခဲ့တယ်လို့ ကွာရစ်ခရိုင်က ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
အဲဒီနေရာဟာ ပဋိပက္ခတွေဖြစ်နေတဲ့ နေရာနဲ့ အများကြီး ဝေးတယ်လို့ သူက ပြောပါတယ်။
ဒမ်ဘီချာမြို့မှာလည်း နောက်လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ အဲဒီက မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။
ဒီစွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အီသီယိုးပီးယား အစိုးရဘက်က ဘာမှ မတုံ့ပြန်သေးပါဘူး။
အစိုးရခန့်ထားတဲ့ လူ့အခွင့်အရေး ကော်မရှင်ကတော့ စစ်ဆင်တိုက်ခိုက်မှုတွေအတွင်း နှိပ်စက်ညှင်းပန်းမှု အများအပြား ရှိခဲ့သလို မတရား ဖမ်းဆီးမှုတွေနဲ့ အမြောက်ကျည်တွေကြောင့် အရပ်သားသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့တစ်လလောက်ကလည်း ဖီနိုတာ ဆလမ်မြို့မှာ အလားတူ ဒရုန်းတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး နောက်ထပ် ၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
စပိန်အမျိုးသမီး ဘောလုံးအသင်း ပြိုင်ပွဲမဝင်ဘဲ သပိတ်မှောက်ထားမှု အဆုံးသတ်

စပိန်အမျိုးသမီး ဘောလုံးအားကစား ကွပ်ကဲအုပ်ချုပ်ပုံကို အကြီးအကျယ် ပြောင်းလဲပေးမယ် ဆိုတဲ့ ကတိပြုချက် ရခဲ့အပြီးမှာ စပိန်အမျိုးသမီး ဘောလုံးအသင်းဝင်တွေက ဘောလုံးမကန်ဘဲ သပိတ်မှောက်ထားတာကို အဆုံးသတ်ဖို့ သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား အနိုင်ရခဲ့တဲ့ စပိန်အမျိုးသမီး ဘောလုံးအသင်းရဲ့ ကစားသမား ဂျန်နီ အားမိုဆိုကို အဲဒီအချိန်က စပိန် ဘောလုံးဖယ်ဒရေးရှင်းဥက္ကဋ္ဌ ဖြစ်သူ လူဝိစ် ရူဘီယားလက်စ်က လူမြင်ကွင်းမှာ အလိုမတူဘဲ နှုတ်ခမ်းကို နမ်းခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့အပြီးမှာ ဘောလုံးအသင်းကွပ်ကဲမှုအပေါ် ပြုပြင်ပြောင်းလဲမှု တွေ လုပ်ပေးဖို့ ဘောလုံးအသင်းဝင်တွေက တောင်းဆိုနေခဲ့တာပါ။
ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ ချမှတ်ကျင့်သုံးမလဲ ဆိုတာကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။
ကွင်းဆင်းလေ့ကျင့်ဖို့ ပျက်ကွက်ရင် ကြီးမားတဲ့ ဒဏ်ကြေးနဲ့ ရင်ဆိုင်ရမယ်လို့ ဘောလုံးအသင်းသားတွေ ခြိမ်းခြောက်ခံထားရတာ ဖြစ်ပါတယ်။








