မန္တလေးတိုင်း စဥ့်ကိုင်မှာ ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၃၀ ခန့် ဆေးရုံပို့ရ

ဓာတ်ပုံ ရင်းမြစ်, မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့
မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် တဘက်ဆွဲမှာ စက်မှုလုပ်ငန်းတခုက ဓာတုဓာတ်ငွေ့တမျိုး ယိုစိမ့် ပျံ့နှံ့မှု ဖြစ်ပြီး လူတွေ ဆယ်ဂဏန်းနဲ့ချီ ဆေးရုံတင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ရက် မွန်းလွဲပိုင်း အချိန်မှာ ကျေးရွာအတွင်းက ဓာတ်ငွေ့(Gas)အိုး လုပ်ငန်းကနေ စိမ့်ထွက်လာတဲ့ ဓာတ်ငွေ့ကြောင့် အနားမှာ နေထိုင်သူတွေ အနံ့တမျိုးရကာ မူး၀ေ အေ့ာအန်မှု ဖြစ်ခဲ့ကြပါတယ်။
အဲဒီအထဲက ကလေး လူကြီး ၃ယောက် ၄ယောက်လောက် အောက်စီဂျင် ကျလာတာကြောင့် အောက်စီဂျင်ပေး ခဲ့ရတဲ့ အထိ ဖြစ်ခဲ့တယ်လို့ သူတို့ကို သွားရောက်ကယ်ဆယ်ခဲ့ရတဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ဆေးရုံပို့ရသူတွေ အထဲ မွေးကင်းစ အပါအ၀င် ကလေး ၁၁ ယောက် နဲ့ လူကြီး ၁၄ယောက် စုစုပေါင်း ၂၅ယောက်ခန့် ထဲက လူကြီးတွေကို မန္တလေး ဆေးရုံကြီးနဲ့ ကလေးတွေကို ကလေးဆေးရုံ ပို့ဆောင်ပေးခဲ့ရတယ်လို့ မြရည်နန္ဒာ လူမှုကူညီရေး အဖွဲ့ တာ၀န်ခံက ပြောပါတယ်။
လက်ရှိ အခြေအနေ
ဆေးရုံရောက်လာသူတွေကို ဆရာ၀န် ဆရာမတွေက စစ်ဆေးကြည့်တဲ့အခါ သူတို့ လက္ခဏာတွေကြည့်ပြီး အမိုးနီးယား ရှုမိလို့ အခုလို ဖြစ်တာလို့ ဆိုကြောင်း လူမှုကူညီရေး သမားတွေက ပြန်ပြောပြပါတယ်။
လက်ရှိမှာတော့ သူတို့တွေ နေပြန်ကောင်းသွားကြပြီမို့ အသီးသီး ဆေးရုံက ဆင်းသွားကြပြီလို့ ဆိုပါတယ်။
မြရည်နန္ဒာအဖွဲ့က ကူညီပေးခဲ့ရသူပေါင်း ၂၅ယောက် ရှိပေမယ့် တခြားအဖွဲ့က လာရောက် ကူညီပေးခဲ့သူတွေ ရှိပြီး ကိုယ့်အစီအစဥ်နဲ့ကိုယ် ဆေးရုံဆေးခန်းသွားပြသူတွေလည်း ရှိတာကြောင့် အဆိပ်ငွေ့သင့်ခံရသူပေါင်း ၃၀ ၀န်းကျင်ရှိလိမ့်မယ်လို့ အသင်း တာ၀န်ရှိသူ ခန့်မှန်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခင်းဖြစ်ပွားပုံ
တဘက်ဆွဲ ရွာမှာ ရှိတဲ့ လေအိုး ဂတ်စ်အိုး လုပ်တဲ့ လုပ်ငန်းမှာ ဓာတ်ငွေ့အိုး လှယ်ရာကနေ ယိုစိမ့်မှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး လုပ်ငန်း လုပ်ကိုင်သူကိုယ်တိုင် မေ့မြောသွားတာကြောင့် သူ့ကိုလည်း ဆေးရုံပို့ပေးခဲ့ရတယ်လို့ လူမှုကူညီရေးသမား တယောက်က ပြောပါတယ်။
ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ တဘက်ဆွဲကျေးရွာရှိ လေထိုးကွန်ပရက်ဆာနဲ့ လေလှောင်အိုးရောင်းဝယ်ရေး အလုပ်ရုံကနေ ဧပြီလ ၁၁ ရက် ၁ နာရီခန့်လောက်က အမိုးနီးယား ၈၀၀ လီတာအိုးက အမိုးနီးယားတွေ ယိုစိမ့်ခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်နေ ပြည်သူတွေ အဆိပ်သင့်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြကြ ပါတယ်။
သမိုင်းဖြစ်စဥ်
အခုလို ဓာတ်ငွေ့ အဆိပ်သင့်မှုဟာ မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်မှာ ဒါဟာ ပထမဆုံး ဖြစ်ပြီး ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ ရေခဲစက် တခုကနေ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ခဲ့တာကြောင့် အနီးရပ်ကွက်တွင်း နေထိုင်သူတွေကို ဆေးရုံပို့ခဲ့ရတဲ့ဖြစ်စဥ် ပြီးခဲ့တဲ့ လတွေတုန်းက ပေါ်ပေါက်ခဲ့ဖူးပါတယ်။
ဒါကြောင့် လူနေရပ်ကွက်တွေ အတွင်း စက်မှု လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ အပေါ် အများပြည်သူက မေးခွန်းထုတ်လျက် ရှိနေကြပါတယ်။








