အာဆီယံ အထူးသံတမန်ရဲ့ အစီရင်ခံစာ- “စစ်ပွဲကို စစ်ပွဲနဲ့ အဆုံး မသတ် နိုင်ဘူး”

ASEAN

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာ ပရက် ‌ဆော့ခွန်း မြန်မာနိုင်ငံကို တတိယအကြိမ်လာဖို့ စီစဉ်နေ

မြန်မာနိုင်ငံကို ဒီနှစ်အတွင်းမှာ ၂ ကြိမ်သွားရောက်ခဲ့ပြီး လာမယ့်သီတင်းပတ်တွေ အတွင်း ထပ်မံသွားရောက်နိုင်ခြေရှိတဲ့ အာဆီယံအထူးသံတမန် ပရက်ဆော့ခွန်း ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ တင်ပြခဲ့တဲ့ အစီရင်ခံစာထွက်လာပြီး အဲဒီထဲမှာ မြန်မာ့အ‌ရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ချက် (5 Points Consensus - 5PC) ကို သူ့အနေနဲ့ အောင်မြင်အောင် လုပ်ဆောင်ရေးမှာ ကြုံတွေ့ခဲ့ ရတာတွေ ပါဝင်သလို၊ ရှေ့မှာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်စေဖို့ သူ့ရဲ့ အကြံပြု ချက်တွေကို ထည့်သွင်းထားပါတယ်။

စာမျက်နှာ ၂၀ ပါဝင်တဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ဘုံသ‌ဘောတူညီချက် (5PC) ကို ရှေ့မှာ ပြန်လည်ပြင်ဆင်တာတွေမလုပ်ဘဲ “ဒီအချက်တွေအောင်မြင်အောင် ဆောင်ရွက်ရေး အစီအစဥ်ကို ရေးဆွဲကာ လုပ်ဆောင်မယ့်လုပ်ငန်းတွေ၊ ဘာတွေ ဘယ်လောက် အောင်မြင်လာပြီလဲလို့ သတ်မှတ်နိုင်တဲ့ အညွှန်းတွေ၊ ဘယ်အချိန်ကာလအတွင်း ပြီးစီးအောင်လုပ်မယ်ဆိုတဲ့ အချိန်စာရင်းတွေ ထည့်သွင်းဖို့”သူက အကြံပေးပါတယ်။

မြန်မာနိုင်ငံကို ပုံမှန်အတိုင်း အပြည့်အဝပြန်ပြီး ဆက်သွယ် ဆက်ဆံ ဆောင်ရွက်ဖို့ အရေးက “ဒီ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော် ဆောင်ရွက် ရေးပိုင်းမှာ ဘယ်လောက် တိုးတက်လာသလဲ”ဆိုတဲ့ အချက်နဲ့သာ တိုင်းတာဖို့ ကိုလည်း အထူး သံတမန် ပရက်ဆော့ခွန်းက ဆိုပါတယ်။

မြန်မာနိုင်ငံ အကျပ်အတည်းအရေးဖြေရှင်းဖို့ သူ့ရဲ့ လုပ်ဆောင်ချက်တွေထဲ အနောက် နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ တိုင်ပင်တာတွေ၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေဆီ အခြေအနေ တင်ပြတာတွေ၊ အကြံဉာဏ်ရယူတာတွေ ပါဝင် ကြောင်းလည်း သူက အစီရင်ခံစာထဲမှာ ထည့်ရေးပါတယ်။

အကြမ်းဖက်တာတွေရပ်၊ တွေ့ဆုံဆွေးနွေးရေးလုပ်

သက်ဆိုင်သူတွေအားလုံး ထိန်းထိန်းသိမ်းသိမ်းရှိကြပြီး အကြမ်းဖက်တာတွေရပ်ဖို့က ဘုံသဘောတူညီမှု ၅ ချက်ထဲ ထိပ်ဆုံးမှာ ထားရှိထားပြီး အာဆီယံအထူးသံတမန် အနေနဲ့ ရော၊ အာဆီယံဥက္ကဌနိုင်ငံ ကမ္ဘောဒီးယားအနေနဲ့ရော မြန်မာမှာ ဖြစ်နေတဲ့ ပဋိပက္ခမှာ ပိုအင်အားကြီးတဲ့ဘက်ဖြစ်တဲ့ စစ်ကောင်စီဘက်ကို “အင်အားနှစ်ဆ စိုက်ထုတ်ပြီး” ပန်ကြားခဲ့တယ်လို့ အထူးသံတမန်က အစီရင်ခံစာမှာ ရေးပါတယ်။

ထို့အတူ ပဋိပက္ခထဲမှာ ပြည်သူတွေက ထိခိုက်ခံစားကြရတာမို့ တခြားဘက် တဖက် ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကိုလည်း အကြမ်းဖက်မှုတွေရပ်ကြဖို့ သူက တောင်းဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ ဥပမာတွေကို အခြေပြုပြီး “စစ်ပွဲကို စစ်ပွဲနဲ့ အဆုံး မသတ်နိုင်ဘူး” လို့လည်း သူကဆိုပါတယ်။

ဒါပေမယ့် “နှစ်ဖက်လုံးက စစ်ပွဲမှာ သူတို့ဘက်က နိုင်မှာ” လို့ ခံယူထားနေကြတယ် လို့လည်း သူက သုံးသပ်ထားပါတယ်။

ASEAN

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဆီယံက မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက ချမှတ်ခဲ့

အာဆီယံ ဘုံသဘောတူညီချက်မှာ တင်ပြထားတဲ့ သက်ဆိုင်သူတွေအားလုံး တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာအဖြေရှာကြဖို့ အရေးမှာ မဆွေးနွေးခင် ကြိုတင် သတ်မှတ်ချက်ထားကြရာမှာလည်း တဖက်နဲ့ တဖက်က အရမ်းကို ကွာဟနေတဲ့ အတွက် “သက်ဆိုင်တဲ့ အဖွဲ့တွေအကြား တင်ကူးသတ်မှတ်ချက်တွေ ပေါင်းစည်း တူညီ လာနိုင်စေဖို့” တိုက်တွန်းထားပါတယ်။

ဆွေးနွေးကြဖို့နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ကြိုတင် သတ်မှတ်ချက်တွေမှာ စစ်ကောင်စီကို မဖျက်ရ၊ အစားမထိုးရ ဆိုတာတွေနဲ့ အတူ “ဆွေးနွေးမှု အခြေခံ အဖြစ် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ထားရမယ်” လို့ ဆိုထားပါတယ်။

အာဆီယံ အထူးသံတမန် ရုံးကနေ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကို ဆက်သွယ်ပြီး သဘောထားရယူတဲ့ အခါ “စစ်တပ်ဟာ အရပ်သား အုပ်ချုပ်ရေး အောက်မှာ ရှိ‌ရေး”၊ “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောင်အကျဥ်းချ အရေးယူရေး” စတဲ့ ကြိုတင်သတ်မှတ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ နှစ်ဖက်ကြား “ကွာဟချက်က သိပ်ကိုအကြီးအမား” ဖြစ်နေတာလို့ အာဆီယံ အထူးသံတမန်က မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဥ်းသားတွေ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာဆီယံ အထူးသံတမန် မစ္စတာ ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် ပေးဖို့ စစ်ကောင်စီဘက်ကို ပန်ကြားရာမှာ “အမှုတွေ စီရင်စစ်ဆေးပြီးမှသာ“ တွေ့ခွင့်ပေးဖို့ စဥ်းစားနိုင်မယ်လို့သာ တုံ့ပြန်ကြောင်း ပြောပါတယ်။

ဒါပေမယ့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို အိမ်တအိမ်မှာ ထိန်းသိမ်းထားရာကနေ အကျဥ်းထောင်ကို ရွှေ့ပြောင်းလိုက်တယ်ဆိုတာက “ပိုကြီးမားတဲ့ အရေးတခု” ဖြစ်သွားတယ်လို့ အထူးသံတမန် က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကွဲပြားမှုတွေကို ကုစားနိုင်ရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့နိုင်ရေးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ “အကြမ်းမဖက် နည်းလမ်း” ကို လိုအပ်တယ် လို့လည်း အာဆီယံ အထူးသံတမန်က မြင်ထားပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးဖို့ အာဆီယံဘက်က တောင်းဆိုခဲ့သလို ဖမ်းဆီး ထားတဲ့ နိုင်ငံခြားသားတွေ အရေးနဲ့ပတ်သက်ပြီးလည်း သူတို့ကို လွှတ်ပေးဖို့ တောင်းဆို ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၇ ရက်က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဥ်းသား အမြောက်အမြားလွှတ်ပေးမှုအပေါ် မြန်မာ့အရေး အာဆီယံ အထူး သံတမန် ပရက်ဆော့ခွန်းက ကြိုဆိုကြောင်း သီးခြား သဘောထား ကြေညာ ချက်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး သူတို့ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေကို လွှတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် သူတို့ ကြေညာခဲ့သလို အကျဉ်းသားတွေ လွှတ်ပေးတဲ့ အထဲ နိုင်ငံရေးနဲ့ ဆက်စပ်သူ ၇၀၀ ကျော် ပါဝင် တယ် ဆိုတဲ့ အပေါ်မှာတော့ မြန်မာ့အရေး စောင့်ကြည့်သူတွေက သံသယရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်‌‌ရေးအဖွဲ့ (AAPP)ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဒီအခေါက် လွတ်ငြိမ်းခွင့်အရ လွတ်လာတဲ့ နိုင်ငံရေး အကျဥ်းသား အရေအတွက်က ၇၂ ယောက်သာ ရှိသေးတယ်လို့ သိရပါတယ်။

လူသားချင်းစာနာမှု အကူအညီ

Kayah

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကယားပြည်နယ်နှင့် အနီးအနားဒေသတွေ အတွင်း စစ်ဘေးကြောင့် ဒုက္ခရောက်နေ ကြသူ သိန်း ချီရှိနေ

အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေထဲမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေပေးဖို့ အာဆီယံက လုပ်ဆောင်သွားမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ငြိမ်းချမ်းရေးလမ်းကို လျှောက်ဖို့ အချိန်ကြာမြင့်မယ်လို့ မှန်းဆမှုတွေနဲ့ အတူ လက်တွေ့ မြေပြင်မှာ ပြည်သူတွေ ရှင်သန်နိုင်ရေး အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့က အရေးကြီးတယ်လို့ အာဆီယံက မြင်ထားပြီး အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ကူညီပေးရေး ဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management - AHA Centre) ကတဆင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်ရေးအတွက် လုပ်ဆောင်နေဆဲပါ။

ပြင်ပနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ဘင်္ဂလား‌‌ဒေ့ရှ်နိုင်ငံတွေကနေ အကူအညီရတဲ့ “ကိုဗစ် ကာကွယ်ဆေး အလုံး ၃ သန်းနဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်း တချို့ကို” ဒီနှစ် အတွင်း မြန်မာနိုင်ငံကို ထောက်ပံ့ ပေးနိုင်ခဲ့ကြောင်း အထူးသံတမန်က ပြောပါတယ်။

လူသားချင်းစာနာမှု ဆိုင်ရာအကူအညီတွေပေးရေးနဲ့ ပတ်သက်ပြီး ကယား၊ ကရင်၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရခိုင်၊ ရှမ်း စတဲ့ ပြည်နယ်နဲ့ တိုင်း ၇ ခုကို စတင်ပေးနိုင်ဖို့ ရည်မှန်းထားပြီး တကယ့်အခြေအနေတွေ ကို သိနိုင်ဖို့လုပ်ဆောင်ရာမှာ အာဆီယံဘက်နဲ့ စစ်ကောင်စီဘက်တို့ “ပူးတွဲ ဆန်းစစ်ဖို့” တိုက်တွန်းထားသလို၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို “စောင့်ကြည့်လေ့လာသူတွေ” အဖြစ် ပါဝင်ခွင့်ပေးအောင် လုပ်ခဲ့ ရတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ချုပ်ကိုင် လွှမ်းမိုး ထားရာ ဒေသ တွေမှာလည်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေး အတွက် AHA Centre က လိုအပ်ချက် ဆန်းစစ်မှုတွေ ဆောင်ရွက်နိုင်ခွင့်ပြုရေးကိုလည်း အာဆီယံ အထူး ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းထားပါတယ်။