အကျပ်ဆိုက်နေတဲ့ ဆွစ်ဇာလန် ခရစ်ဒစ်ဆွိဘဏ်ကို ပြိုင်ဘက်ဘဏ်က လွှဲယူဖို့ ပြင်

ခရက်ဒစ်ဆွိဘဏ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

အခက်အခဲကြုံနေတဲ့ ပြိုင်ဘက် Credit Suisse ခရက်ဒစ်ဆွိဘဏ်ကို တစ်စိတ်တစ်ပိုင်း ဖြစ်စေ ဘဏ်တစ်ခုလုံးကို ဖြစ်စေ ဝယ်ယူဖို့ ဆွစ်ဇာလန်ရဲ့ အကြီးဆုံးဘဏ် UBS ယူဘီအက်စ် က ဆွေးနွေးမှုတွေ အတော်ခရီးရောက်နေပါပြီ။

ခရက်ဒစ်ဆွိဟာ ယုံကြည်စိတ်ချရမှု ပြဿနာကို ရင်ဆိုင်နေရပြီး ဘဏ်ရဲ့ ရှယ်ယာတွေလည်း လတ်တလောမှာ ထိုးကျနေပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး အနေနဲ့ အမေရိကန် ဒေါ်လာ ၅၄ ဘီလျံ နဲ့ အသက်ဆက်ဖို့ ဆွစ်အမျိုးသားဘဏ်ဆီက ရတာကနေလည်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။

ဒါကြောင့် စျေးကွက်ပြန်ဖွင့်မယ့် တနင်္လာနေ့မတိုင်ခင် အဖြေတစ်ခု ရဖို့ အာဏာပိုင်တွေက ကြားဝင် ကြိုးပမ်းနေကြပါတယ်။

ခရက်စစ်ဆွိရဲ့ ရှယ်ယာတွေဟာ ဗုဒ္ဓဟူးနေ့မှာ ၂၄ ရာ ခိုင်နှုန်း ကျခဲ့ပြီးတဲ့နောက် ဆက်ပြီး ထိုးကျနေဦးမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒါကြောင့် ဥရောပ စျေးကွက်တွေထဲမှာ ရှယ်ယာ အများအပြား ထိုးရောင်းနေတာတွေ ဖြစ်စေပြီး ပိုကျယ်ပြန့်တဲ့ ငွေကြေး အကျပ်အတည်း ကြုံရမှာကို စိုးရိမ်ထိတ်လန့်လာစေပါတယ်။

ဆွစ်ဇာလန်အစိုးရက စနေနေ့ညက အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ တိုးတက်မှုတွေ ဘယ်လိုရှိတယ်ဆိုတဲ့ အစိုးရ ထုတ်ပြန်ချက် ထွက်မလာသေးပါဘူး။

ခရက်ဒစ်ဆွိကို ဝယ်ရမယ်ဆိုရင် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၆ ဘီလျံ ကူညီပေးဖို့ ဆွစ်ဇာလန် အစိုးရကို ယူဘီအက်စ်က တောင်းဆိုထားတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိတဲ့အကြောင်းလည်း ရိုက်တာသတင်းအရ သိရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ ဘယ်လို သဘောတူညီမှုမျိုးကမဆို အလုပ်အကိုင် အများအပြား ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

ဒီပြဿနာတွေဟာ အမေရိကန် ဘဏ်နှစ်ခု ဖြစ်တဲ့ ဆီလီကွန်ဗဲလီဘဏ်နဲ့ ဆစ်ဂနစ်ချာဘဏ်တို့ ပြိုလဲချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ဘဏ်စနစ် ခိုင်မာမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

၁၈၅၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ခရက်ဒစ်ဆွိဘဏ်ဟာ အခု နှစ်ပိုင်းတွေမှာ ငွေကြေးခဝါချတယ်ဆိုတဲ့ သတင်းအပါအဝင် မကောင်းသတင်းတွေ ဆက်တိုက်ဆိုသလို ကြုံနေခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ ဆုံးရှုံးခဲ့တယ်လို့ ဆိုပြီး ဒါဟာ ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်း နောက်ပိုင်း အဲဒီဘဏ်အတွက် အဆိုးရွားဆုံးနှစ်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဘဏ်ဟာ ၂၀၂၄ အထိ အမြတ် မရှိနိုင်သေးဘူးလို့ ခန့်မှန်းထားတယ်လို့လည်း သတိပေးထားပါတယ်။

တစ်ချိန်တည်းမှာပဲ ယူဘီအက်စ်ကတော့ ၂၀၂၂ ခုနှစ်မှာ အမြတ် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ရခဲ့ပါတယ်။

ပြည်တွင်းမှာ ဘဏ်ခွဲ ၉၅ ခုနဲ့ လုပ်ကိုင်နေတဲ့ ခရက်ဒစ်ဆွိဘဏ်ဟာ နိုင်ငံတကာမှာ ဘဏ်လုပ်ငန်းလည်ပတ်မှုတွေ ရှိနေသလို ငွေကြေးကြွယ်ဝသူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း စီမံခန့်ခွဲပေးတာတွေ လုပ်နေတဲ့ဘဏ် ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ဘဏ်စနစ်မှာ အရေးပါမှုနဲ့ အင်အားကြီးမားလွန်းတာကြောင့် ဘဏ်ပြိုလဲဖို့ မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့ ကမ္ဘာတစ်လွှားက ဘဏ်ကြီး ၃၀ ထဲမှာ ဒီဘဏ်က ပါဝင်နေတာပါ။

မနှစ်က နှစ်ကုန်မှာ ခရက်ဒစ်ဆွိမှာ ဆွစ်ဇာလန် နိုင်ငံထဲမှာ ဝန်ထမ်း ၁၆,၇၀၀ အပါအဝင် ကမ္ဘာတစ်လွှား ဝန်ထမ်း ၅၀,၄၈၀ ရှိခဲ့ပြီး အင်အား ၉,၀၀၀ ကို လျှော့ချဖို့ ရှိတယ်လို့ ဆွစ်မီဒီယာ SRF က ပြောထားပါတယ်။