မေ ၂၅ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - စစ်ကိုင်းမှာ အခွန်ရုံး ဝန်ထမ်းအပါအဝင် ၃ ဦး ပစ်သတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Social Media
လဝက ဝန်ထမ်းမိသားစု လည်းပြန်ပေးဆွဲခံရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က စစ်ကောင်စီ၊ အခွန်ရုံးအနီးမှာ အခွန်ရုံးက အကြီးတန်းစာရေးမတစ်ဦး အပါအဝင် နောက်ထပ် ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးသေဆုံးသွားတယ်လို့ စစ်ကိုင်းတိုင်းက ဌာနဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မေလ ၂၄ ရက် ညနေ ၅ နာရီခွဲဝန်းကျင်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားထဲမှာ သေဆုံးနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။
ဝန်ထမ်းအမျိုးသမီးက နေအိမ်က လာကြိုတဲ့ကားပေါ်တက်ပြီးမကြာခင်မှာပဲ ကားထဲမှာရှိနေချိန် ပစ်သတ်ခံလိုက်ရတာလို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“ရုံးကအပြန် ကားပေါ်မှာပဲ ပစ်သတ်ခံလိုက်ရတာ၊ လာကြိုတဲ့ သားဖြစ်သူနဲ့ သူ့ရဲ့ကောင်မလေးပါ ပစ်သတ်ခံလိုက်ရတာ” လို့ သူက ရှင်းပြပါတယ်။
ဆိုင်ကယ် ၄ စီးနဲ့ လူ ၈ ယောက်ပါတဲ့ အဖွဲ့က ပစ်သွားတာ လို့ သူကပြောပေမယ့် ဘယ်အဖွဲ့အစည်းက လုပ်တာလဲဆိုတာကိုတော့ ဘီဘီစီအနေနဲ့ မသိရသေးပါဘူး။
ဝန်ထမ်းအမျိုးသမီး ပစ်သတ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး ဆိုင်ကယ်နဲ့လာတဲ့ လူတစ်စုနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ဝန်ထမ်းအမျိုးသမီးကို ပစ်သတ်တဲ့အဖွဲ့ဘက်က လူ ၂ ဦးလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အခွန်ရုံးအနီးက စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးရုံးက ဝန်ထမ်းအမျိုးသမီးတစ်ဦးနဲ့ မိသားစုဝင်တွေဖြစ်တဲ့ ခင်ပွန်းနဲ့ အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးကိုလည်း လူတစ်စုက ပြန်ပေးဆွဲသွားတယ်လို့ စစ်ကိုင်းတိုင်းက ဌာနဆိုင်ရာ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“အမျိုးသားက ကားနဲ့ လာကြိုတာ၊ ကလေးငယ်လေးလည်းပါတယ်။ ကားရော လူ ၃ ယောက်စလုံးကို ပြန်ပေးဆွဲသွားတာ” လို့ပြောပါတယ်။
ဘယ်အဖွဲ့အစည်းက ပြန်ပေးဆွဲထားလဲဆိုတာကိုတော့ ဘီဘီစီအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
သာစည်ထောင်ကို တိုက်ခိုက်ခဲ့တယ်လို့ PDF တွေထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Screen Grab
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မုံရွာမြို့နယ် သာစည်ကျေးရွာမှာရှိတဲ့ စစ်တပ်ကင်းစခန်း နဲ့ သာစည်ထောင်အပေါက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေ ၂၄ ရက် မနက်ပိုင်းတုန်းက တိုက်ခိုက်ခဲ့တယ်လို့ Sinper Rangers Force က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ PDF ဘက်က ထုတ်ပြန်ထားပေမယ့် သေဆုံးမှုနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အကြိမ် ၃၀ နီးပါးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေး ၁ နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ PDF ဘက်က ဖော်ပြထားပါတယ်။
အဲဒီစစ်ဆင်ရေးကို ဒေသအခြေစိုက် PDF တွေအပြင် ဒေါင်းပြောက်ကျားတပ်၊ ဒေါင်းညီနောင် PDF နဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ သာစည်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ငြင်းဆိုထားပေမယ့် PDF တွေဘက်ကတော့ စစ်ဆင်ရေးတိုက်ပွဲကို ရုပ်သံမှတ်တမ်းနဲ့အတူ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ရခိုင်ကလူ ၁ သန်းခွဲကျော် ကျန်းမာရေးစောင့်ရှောက်ခွင့်မရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
မြန်မာမှာ လူသားချင်းစာနာမှုအကူအညီနဲ့ ရန်ပုံငွေ လိုနေတယ်လို့ ကုလ ထုတ်ပြန်
မြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေအတွက် ရန်ပုံငွေလိုအပ်နေသလို လူမျိုးရေးတင်းမာမှုတွေနဲ့ နေရပ်စွန့်ခွာနေကြတဲ့ စိုးရိမ်ရတဲ့ အခြေအနေတွေက စံချိန်တင်မြင့်တက်နေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရုံးက မေ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်က ပြင်းထန်နေဆဲဖြစ်တဲ့ တိုက်ပွဲတွေကြား အကူအညီတွေပေးနိုင်ဖို့ သွားလာခွင့် ကန့်သတ်ချက်တွေရှိနေသလို ရခိုင်ကလူဦးရေ ၁ ဒသမ ၆ သန်းဟာလည်း ကျန်းမာရေးစောင့်ရှောက်ခွင့်တွေမရဘူးလို့ UNOCHA က ပြောပါတယ်။
ရာသီဥတုပူပြင်းတဲ့အလျောက် သောက်သုံးရေရှားပါးပြီး ဝမ်းပျက်၊ဝမ်းလျှောရောဂါတွေ ကျယ်ကျယ်ပြန့်ပြန်ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။
ကရင်ပြည်နယ်ဘက်မှာလည်း မြို့သိမ်းတိုက်ပွဲတွေကြောင့် မြဝတီမြို့နဲ့ အနီးနားကျေးရွာတွေက လူဦးရေ ၄,၀၀၀ ဝန်းကျင်က နေရပ်စွ့န်ခွာနေကြရတယ်လို့ အစီရင်ခံစာထဲ ထည့်သွင်းပြောဆိုထားပါတယ်။
ရန်ပုံငွေမလုံလောက်တဲ့ကြားကနေ လူသားချင်းဆိုင်ရာ အကူအညီတွေပေးနေဆဲဖြစ်ပြီး ၂၀၂၄ ခုနှစ်ရဲ့ ပထမ ၃ လအတွင်း လူဦးရေ တစ်သန်း နီးပါးအထိ အကူအညီဖြန့်ဝေပေးနိုင်ခဲ့တယ်လို့ UNOCHA ကဆိုပါတယ်။
ဒါပေမဲ့ အိုးအိမ်စွန့်ခွာနေရသူတွေ ပိုများလာပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက်ကြောင့် ရန်ပုံငွေမလုံလောက်မှု ပိုကြီးထွားနေပြီး ရန်ပုံငွေရရှိမှု မှတ်တမ်းအရ လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရရှိသေးတယ်လို့ UNOCHA က ဖော်ပြထားပါတယ်။
မြန်မာတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ တိုးပြီးပေးနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, Royal Thai Government
နယ်စပ်တစ်လျှောက်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပိုပြီးပေးနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီဆင်က မေ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
မေ ၂၄ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာပြုလုပ်ခဲ့တဲ့ Nikkei Forum Future of Asia ပွဲမှာ ဝန်ကြီးချုပ်က ပြောခဲ့တာဖြစ်ပါတယ်။
မြန်မာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတည်ငြိမ်မှုရှိအောင် ထိုင်းက အာဆီယံနဲ့ လက်တွဲလုပ်ဆောင်နေသလို မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေချင်တယ်လို့ ဝန်ကြီးချုပ်က ထည့်ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ လက်တွဲပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေအတွက် အဖြေရှာနေတယ်လို့ ပြောခဲ့ပါတယ်။
မေလ တတိယအပတ်ထဲမှာပဲ အာဆီယံအထူးကိုယ်စားလှယ်နဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ မြန်မာကိုလာခဲ့တဲ့ ၄ ရက်ကြာခရီးစဉ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါအပြင် အာဆီယံက လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖို့အတွက် ကမ္ဘာ့ဘဏ်အပါအဝင် ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီတွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အာဆီယံက ထုတ်ပြန်ထားပါတယ်။
အရပ်ဖက်အဖွဲ့အစည်းတွေပူးတွဲထုတ်ပြန်ချက် အေအေ ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, Telegram
ရခိုင်ပြည်နယ်(မြောက်ပိုင်း)ကအခြေအနေတွေနဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေအပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အမည်မဖော်လိုတဲ့ အဖွဲ့အစည်း စုစုပေါင်း ၁၉၅ ဖွဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တချို့က မှားယွင်းနေပြီး မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာကြောင့် ကန့်ကွက်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (အာရက္ခတပ်တော်) က မေ ၂၄ ရက်က ထုတ်ပြန်ပါတယ်။
အဲဒီအဖွဲ့အစည်းတွေထဲမှာ မိခင်အဖွဲ့အစည်းတွေရဲ့ သဘောထားကို မေးမြန်းခြင်းမရှိဘဲ ထည့်သွင်းခံထားရတဲ့ အဖွဲ့အစည်းတွေ ပါဝင်နေတယ်လို့ အေအေက ပြောပါတယ်။
ဒါ့အပြင် တရားဝင်ခွင့်ပြုချက်တောင်းခံတာမျိုးမရှိဘဲ ပူးတွဲထုတ်ပြန်ခံရတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်လို့ အေအေက ထောက်ပြထားပါတယ်။
ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အခြေအနေအကျိုးအကြောင်းရှင်းလင်းစွာမသိဘဲဖော်ပြခံရတဲ့ အဖွဲ့အစည်းတွေရှိရင် မည်သည့်အတွက်ကြောင့်ပါဝင်ခဲ့ရတယ်ဆိုတာ ရှင်းလင်းချက်ထုတ်ပြန်ပေးဖို့ အေအေ က တောင်းဆိုထားပါတယ်။
အရပ်ဖက် ၁၉၅ ဖွဲ့ကတော့ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် အေအေ) ရဲ့လက်အောက်ခံ တပ်ဖွဲ့ဝင်တချို့ဟာ ရိုဟင်ဂျာတွေကို ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးတာတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ကိစ္စတွေအပေါ် အေအေအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ မေ ၂၂ ရက်က တောင်းဆိုထုတ်ပြန်ထားတာဖြစ်ပါတယ်။
မေ ၁၇ ရက် ညပိုင်းမှာ ရိုဟင်ဂျာအများစုနေထိုင်တဲ့ ဘူးသီးတောင်မြို့ပေါ်က နေအိမ်တွေကို အေအေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေအရ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အေအေ ပြောခွင့်ရ ဦးခိုင်သုခကတော့ အေအေက နေအိမ်တွေ မီးရှို့ဖျက်ဆီးတာမရှိကြောင်း ဘီဘီစီကို မေ ၁၈ ရက်ကတည်းက ငြင်းဆိုတုံ့ပြန်ထားပါတယ်။








